၉၃။ လှပသည့်ကောင်မလေး
အဖြစ်မှန်ကတော့ မော့ဟန်ဖုန်းဖြေသည့်အချိန်တွင် ရှုချင်းရီမှာ ဧည့်ခန်းထဲတွင် ထိုင်နေသည်။ သူမက ထုံးစံအတိုင်း ဆိုဖာပေါ်တွင် မထိုင်ဘဲ အောက်ကအခင်းပေါ်တွင်သာ ထိုင်နေကာ ဆိုဖာကိုမှီနေသည်။ ခြေထောက်များကို ဖြစ်သလိုချထားကာ TVတွင်ပြနေသည့် ဇာတ်ကားတစ်ခုကိုကြည့်ရင်း မုန့်ထုတ်ကိုပိုက်ကာ စားနေသည်။ ထိုအချိန်တွင် ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးအား မှင်သေသေဖြင့် သူကတိတ်ဆိတ်ငြိမ်သက်သည့် ဘဝမျိုးကိုသာ ကြိုက်သည်ဟု ပြောနေသည့်အခန်း လာနေသည်။ ထိုအခါ ရှုချင်းရီက
“အဓိပ္ပာယ်မရှိလိုက်တာ။ ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီးနဲ့တွေ့ဖို့ အပြင်ထွက်ရမှာပေါ့”
ဟု မှတ်ချက်ပေးနေသည်။
သူမက စိတ်ဝင်တစားကြည့်ရင်းကနေ တစ်ယောက်တည်း စကားပြောနေလေသည်။
“ယောက်ျားတိုင်းက အပြင်ဘက်က လှပတဲ့လောကကြီးကို သွားရမှာပေါ့။ သူ့မှာ အပေါင်းအသင်းမရှိလို့ တိတ်ဆိတ်ငြိမ်သက်တဲ့ဘဝလိုချင်တယ်လို့ ပြောနေတာ သနားဖို့ကောင်းလိုက်တာ”
သူမဘေးတွင် ထိုင်နေသည့် မော့ဟန်မှာ သူမကို လှည့်ကြည့်လိုက်မိသည်။ ထို့နောက် မူလက ငြင်းမယ်လုပ်ထားသည့် စကားများအား မြိုချလိုက်ကာ ပွဲတက်မည်ဟု သူ့အတွင်းရေးမှူးမအား ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ဇာတ်ကားထဲမှာ မြောပါနေသည့် ရှူချင်းရီကတော့ ဘာတွေဖြစ်သွားခဲ့မှန်း လုံးဝကို မသိခဲ့ပါ။
ထိုပွဲမှာ စနေနေ့ ၇နာရီတွင် ကျင်းပမည် ဖြစ်သည်။ သူ့ရုံးကလူများမှာ မြို့ထဲက နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင် သီးသန့်ခန်းတစ်ခုကို ကြိုတင်မှာယူထားသည်။ သူတို့က ညနေစာ စားသောက်ပြီးသည့်နောက်တွင် ပွဲကျင်းပမည်ဟု ပြောကြသည်။
မော့ဟန်မှာ ဆေးရုံကဆင်းလာပြီးနောက် သူ့ရုံးတွင် အလုပ်များဆက်လုပ်နေသလို ရှုချင်းရီကလည်း ကျောင်းတက်လိုက် အားလပ်ချိန်များတွင် အပိုငွေရရန် စုံထောက်အေဂျင်စီတွင် အလုပ်လိုက်ဖြင့် အချိန်များမှာ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။ ရှုချင်းရီအတွက် ကောင်းသည်ကတော့ ထိုစုံထောက်အေဂျင်စီက သူဌေးမှာ သူမ၏အရည်အချင်းကို သဘောကျကာ ညဏ်ကောင်းသည့်ကလေးမဟု ချီးကျူးရင်း သူမအားရိုးရှင်းသည့်အလုပ်များကို ပေးနိုင်သမျှပေးလေသည်။
စနေနေ့ နေ့လည်တွင် မော့ဟန်က ရှုချင်းရီအား ဖုန်းခေါ်ကာ သူဒီနေ့ည နောက်ကျမည် ဖြစ်သောကြောင့် သူမကို စောစောအိပ်ယာဝင်နှင့်ဟု ပြောသွားသည်။
ရှုချင်းရီက ထူးဆန်းသလို ခံစားရသောကြောင့်
“ဘယ်ကိုသွားဖို့ရှိလို့လဲ?”
“ရုံးက ပွဲလုပ်မှာ ရှိတယ်။ သူတို့ပြောတာကတော့ ငါနေကောင်းလာတာကို ဂုဏ်ပြုတဲ့ပွဲတဲ့”
“ညီမလေးလည်း လိုက်ချင်တယ်”
ရှုချင်းရီက ပြောသည်။
“ဘာသွားလုပ်ချင်လို့လဲ?”
“အစားကောင်းကောင်းစားရမှာပေါ့။ ညီမလေး အိမ်မှာတစ်ယောက်တည်း နေရမှာ ပျင်းဖို့ကောင်းတယ်”
ရှုချင်းရီက သနားစဖွယ် ညည်းညူသည်။
မော့ဟန်က မျက်မှောင်ကျုံကာ စဉ်းစားကြည့်နေသည်။
ရှုချင်းရီက အချွဲလေးဖြင့် တောင်းဆိုလေသည်။
“ကိုကြီးကလည်း လိုက်ချင်လို့ပါနော်။ ညီမလေး ပြဿနာမရှာဘူးလေ။ ပြောစရာမလိုအောင်ကို ကိုကြီးရုံးကလူတွေကလည်း ညီမလေးနဲ့ခင်တာပဲမလား? ကိုကြီးရဲ့ ညီမလေးပဲလေ။ လူတွေအများကြီးပဲဆိုတော့ ပျော်ဖို့ကောင်းမှာ!”
“ကိုကြီး . . .”
ရှုချင်းရီက ထပ်ပြောသည်။
မော့ဟန်က ရှုချင်းရီအား သူ့မိဘအကြောင်းများကို ရင်ဖွင့်သည့်နေ့ကစ၍ သူမမှာ သူ့အကိုကြီးအား ပို၍ခင်တွယ်လာပြီ ဖြစ်သည်။ သူမအိပ်ရာမဝင်ခင် ညတိုင်းနီးပါးတွင် မော့ဟန်အား Goodnightနော် ကိုကြီးဟု ပြောလေ့ရှိသည်။
“အင်း လာလို့ရတယ်။ ငါသူတို့ကို ပြောလိုက်မယ်”
မော့ဟန်က သဘောတူလိုက်သည်။
ရှုချင်းရီက ပြုံးရွှင်ကာ ပြောသည်။
“ကျေးဇူးပဲနော် ကိုကြီး”
“နေ့လည်ပိုင်း အတန်းပြီးတာနဲ့ ငါ့ဆီကိုလာခဲ့။ ရုံးမှာ စောင့်နေမယ်”
“ဟုတ်ကဲ့ပါရှင့်”
ရှုချင်းရီက မော့ဟန်ဆီကို ရောက်လာသည့်အခါ မော့ဟန်မှာ ရုံးအရှေ့တွင် သူ့လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောရင်း သူမအား စောင့်နေနှင့်ပြီ။ ရှုချင်းရီမှာ ကားပေါ်က ဆင်းလျှင်ဆင်းချင်း မော့ဟန်အား လှမ်းခေါ်ကာ အပြုံးကြီးပြုံးရင်း သူ့ဆီသို့ ပြေးလာသည်။
မော့ဟန်နှင့် စကားပြောနေသည့် လူစုမှာ အသံလာရာကို လှည့်ကြည့်လိုက်တော့ တဆက်တည်းဝတ်စုံကို ဝတ်ထားသည့် ဆံပင်အတိုဖြင့် ကောင်မလေးတစ်ယောက်မှာ လွယ်အိတ်ကို လွယ်ရင်း သူတို့ဆီကို ပြေးလာနေသည်။ သူမ၏အပြုံးမှာ နေအသေးစားလေးကဲ့သို့ နွေးထွေးလွန်းလှသည်။
သူတို့၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ ထိုလုပ်ဖော်ကိုင်ဖက် ယောက်ျားလေးများမှာ မော့ဟန်၏ညီမလေးက အရမ်းကြည့်ကောင်းကြမှန်း သိကြတာကြာလေပြီ။ ယခုတွင် အပြင်မှာ သူမပြုံးရွှင်နေသည်ကို ကိုယ်တိုင်မြင်ရသည့်အခါတွင်တော့ အရင်တုန်းက သူမအားကြည့်ကောင်းသည်ဟူသည့်အမြင်ထက် လှပလွန်းသည်ဟူ၍ ပြောင်းလဲသွားတော့သည်။ ကြယ်များလို ရွန်းလဲ့တောက်ပနေသည့် သူမ၏မျက်လုံးများအား ဘယ်သူကမှ အကြည့်မလွှဲနိုင်ကြပါ။
ရှုချင်းရီမှာ မော့ဟန်၏ဘေးနားကို အပြေးအလွှားရောက်လာသည်။ သူမက ဘေးနားကလူများအား အပြုံးလေးဖြင့် ခေါင်းညွတ်ပြကာ နှုတ်ဆက်လိုက်သည်။
သူမကိုအနီးကပ်မြင်လိုက်ရသည့် ထိုလူများက သူမသည် ငယ်ရွယ်လွန်းကာ လှသည်ထက်တောင် ပိုလွန်းသည်ဟု တွေးမိနေကြသည်။ လူငယ်ပီသလိုက်တာ။
“ဘယ်ကျောင်းတက်နေတာလဲ ကလေးမလေး?”
သူတို့ဟာ သူမနှင့် ရင်းနှီးချင်ကြသည်။
ရှုချင်းရီကတော့ သူမအား လူတွေက ကလေးတစ်ယောက်လို ဆက်ဆံခြင်းအား မုန်းလို့သာနေသည်။ ထို့ကြောင့် သူမက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့်
“ကျွန်မက XXတက္ကသိုလ်မှာ တက်နေတာပါ”