၁၂၈။ အခြေအနေမကောင်းဘူး
“သူဘာဖြစ်လို့လဲ?”
မော့ဟန်က မေးသည်။
ဆရာဝန်က သူ့အားဝင်လာစေသည်။ သူ့အားပြန်မဖြေရသေးခင်မှာပဲ မော့ဟန်က ရှုချင်းရီ၏ အော်သံကိုကြားရသည်။
“ထွက်သွားကြ! အား. . .! ငါ့ကိုမထိနဲ့! သွားကြစမ်း!”
“အခုဆေးရုံကို ရောက်နေတာပါ။ အဆင်ပြေသွားပါပြီ။ စိတ်လျှော့လိုက်နော်။ ဒဏ်ရာတွေကို ကုပေးရမှာမလို့”
ရှုချင်းရီက ပိုက်တန်းလန်းဖြင့် ဆေးရုံကုတင်ပေါ်တွင် ရုန်းကန်နေသည်ကို တွေ့လိုက်ရသည်။ ကုတင်ပေါ်က အိပ်ရာအထက်တွင် သွေးကွက်ကြီးရှိသလို ကြမ်းပြင်တွင်လည်း သွေးတချို့ဖြင့် ပေပွနေသည်။
ဆရာဝန်က ပြောသည်။
“ခင်ဗျားညီမလေးက ကုသဖို့အတွက် ပူးပေါင်းမှု မရှိဘူး. . . ခေါင်းကလည်း ပေါက်နေသေးသလို လက်တစ်ဖက်ကလည်း ကျိုးနေတယ်။ ချက်ချင်းကုပေးမှ ရမယ့်အခြေအနေကို မကောင်းတာကိုပဲမှတ်မိနေပုံရပြီး ရုန်းနေတယ်ဗျာ”
မော့ဟန်က သူမကိုကြောင်အကာ ကြည့်နေမိသည်။
“ကျေးဇူးပြုပြီး နားလည်အောင် လုပ်ပေးပြီး ငြိမ်အောင် ထိန်းပေးပါဗျာ”
မော့ဟန်က ဖြည်းညှင်းစွာ လျှောက်သွားသည်။ မော့ဟန်လာသည်ကို မြင်သည့်အခါ သူနာပြုမတို့က ဘေးကိုလမ်းဖယ်ပေးကြသည်။ မော့ဟန်က ရှုချင်းရီအား ချုပ်ထားသည့် သူနာပြုမတစ်ယောက်ဆီက သူမလက်ကလေးကို ပြောင်းကိုင်လိုက်သည်။ သူမလက်ကလေးမှာ ခါးပတ်ကြိုးဖြင့်တုပ်ခံထားရသောကြောင့် အညိုအမည်းစွဲနေလေသည်။
အကယ်၍ ဤနေရာတွင် မော့ဟန်အား သိသူတစ်ယောက်ယောက်ရှိပါက ဒီလိုအမူအယာနှင့်လူမှာ မော့ဟန်လို့တောင် ယုံမှာမဟုတ်ပေ။ လူတိုင်းက သူ့အား ကျိုးကြောင်းချင့်ချိန်နိုင်စွမ်းမြင့်မားကာ တည်ငြိမ်လွန်းသလို အသည်းနှလုံးမရှိသည့်သူဟု ထင်ကြခြင်း ဖြစ်သည်။ ဒီလိုနှလုံးနာဖွယ် နူးညံ့လွန်းစွာ သူ့ညီမလေးအား ကြည့်နေသည့်သူနှင့် တစ်ယောက်တည်းဆိုသည်မှာ ကျိန်ဆိုကာပြောရမည့်အထိပင်။
“အကုန်လုံးက အဆင်ပြေသွားပါပြီ။ ညီမလေးက အခုဆေးရုံမှာ။ အကိုကြီးလည်း ရှိတယ်လေ။ ကောင်းသွားတာနဲ့ အိမ်ပြန်ကြမယ်လေ”
မော့ဟန်က ရှုချင်းရီရုန်းကန်နေခြင်းကို ထိန်းကာ အံ့သြလောက်ဖွယ် ညင်သာသည့် လေသံဖြင့် ပြောသည်။
“အား. . . ထွက်သွား. . .မဟုတ်ဘူး”
ရှုချင်းရီက ခေါင်းကိုခါရင်း ပြောသည်။
“မျက်လုံးဖွင့်ပြီး ကြည့်ပါဦး။ ညီမလေးရဲ့ အကိုကြီးလေ။ အခုညီမလေးဘေးမှာ အကိုကြီးတစ်ယောက်လုံး ရှိနေတယ်လေ ဟုတ်ပြီလား”
မော့ဟန်က နားအနားသို့ကပ်ကာ အလွန်တရာနူးညံ့သည့်လေသံဖြင့် ရှုချင်းရီအား ပြောသည်။
ရှုချင်းရီက မော့ဟန်အသံကိုကြားကာမှ ရုန်းကန်နေခြင်း မပြုတော့ဘဲ မျက်လုံးလေးကို မရဲတရဲဖွင့်ကြည့်လာသည်။ ထို့နောက် မျက်ရည်များကျလာကာ အားပျော့နေသည့် အသံလေးဖြင့် ညည်းသည်။
“ညီမလေး. . .ကြောက်တယ်. . .ကိုကြီး. . .”
မော့ဟန်မှာ ရှုချင်းရီဆီမှ မျက်ရည်ကိုမြင်တိုင်း ရင်ထဲတွင် စူးအောင့်ကာ နာကျင်နေရသည်။ ရှုချင်းရီ၏ မျက်ရည်များကို သုတ်ပေးကာ သူအထေ့ထေ့အငေါ့ငေါ့ဖြင့်
“မကြောက်ပါနဲ့. . .မကြောက်နဲ့. . .ပြီးရင်အဆင်ပြေသွားမှာပါ။ အကိုကြီးလည်း ဒီမှာရှိနေတယ်လေ”
“ကိုကြီး. . .”
ရှုချင်းရီမှာ သူ့အားတကာ ငိုနေဆဲပင်။
“မကြောက်နဲ့. . .အဆင်ပြေသွားမှာ။ ပြီးရင် အိမ်ပြန်ကြမယ်။ အကိုကြီးက အိမ်ကို ကောင်းတဲ့မုန့်တွေ ဝယ်လာခဲ့မယ်။ ညီမလေးက ပင်လယ်စာ စားချင်နေတာမလား? လိုက်ဝယ်ကျွေးမယ်နော်. . . ညီမလေးကြိုက်တဲ့ ပဲနီလေးမုန့်ရောပဲ။ စားချင်သလောက် ဝယ်ကျွေးမယ်. . .”
မော့ဟန်က ခေါင်းကိုငုံလိုက်ကာ ရှုချင်းရီ၏နဖူးကို မနမ်းဘဲ မနေနိုင်လိုက်ပေ။ ထို့နောက်မှ ရှုချင်းရီက ငြိမ်ကျသွားတော့သည်။ သူမက မျက်လုံးကို မှိတ်ကာ အသက်ဖွဖွလေး ရှုနေသည်။ သူမမျက်နှာတွင် ချွေးများနှင့် သွေးတို့က ရောကာ စီးကျနေသည်။ မော့ဟန်က သူမမျက်နှာပေါ်က ဆံပင်များကို ဂရုတစိုက်ဖယ်ပေးရင်းဖြင့်
“မကြောက်နဲ့။ အကိုကြီးရှိတယ်”
ရှုချင်းရီငြိမ်ကျသွားသည်ကို မြင်သည်နှင့် သူနာပြုတို့မှာ ပစ္စည်းများကို ပြင်ဆင်သူက ပြင်ဆင်ကြကာ ရှုချင်းရီခေါင်းမှ ဒဏ်ရာအား သန့်စင်ကြရန် အဆင်သင့်ဖြစ်နေပြီ။
“အပြင်ခနလောက် ထွက်ပေးပါလား။ ကျွန်မတို့ ဒဏ်ရာကို သန့်စင်ရဦးမယ်”
သူနာပြုမက မော့ဟန်အား ပြောသည်။
“ကျွန်တော် သူနဲ့ပဲ နေလိုက်မယ်။ သူကနာမှာကို ကြောက်နေတာ”
ရှုချင်းရီ၏ မျက်နှာလေးကိုကြည့်ကာ မော့ဟန်က ညင်သာစွာပြောသည်။
“မနာပါဘူးရှင်။ ကျွန်မတို့က ထုံဆေးပေးမှာပါ”
“ကျွန်တော်ဘေးမှာပဲ ထိုင်နေမှာပါ။ အနှောင့်အယှက်မပေးပါဘူး”
မော့ဟန်က ပြောသည်။
“ကျွန်တော်ထွက်သွားမှ ခုနတုန်းကလို သူထပ်ဖြစ်မှာလည်း စိုးရိမ်လို့ပါ”
“သူ့ဒဏ်ရာက နည်းနည်း. . .ရှင်အဆင်ပြေပါ့မလား?”
မော့ဟန်က ရှုချင်းရီလက်ကလေးအား မလွှတ်သေးဘဲ ဆက်ကိုင်ထားကာ
“သူတစ်ယောက်တည်း ဒီမှာနာနေတာကို သည်းခံနေရတာလေ။ ကျွန်တော်က ကြည့်ရုံနဲ့ ဘာမှမဖြစ်ပါဘူး”
ဘေးတွင်ကြည့်နေသည့် ဆရာဝန်က ဘာမှမပြောတော့ဘဲ ရှုချင်းရီနှင့် အခြားလူနာကြားမှ လိုက်ကာကို ဆွဲကာလိုက်သည်။ ထို့နောက် သူမအား ထုံဆေးပေးကာ သူမဆံပင်တစ်ချို့ကို ရိတ်ပစ်တော့သည်။ ထို့နောက် ဒဏ်ရာအနားမှ သွေးနှင့်ရွံများကို သန့်စင်ပြီးမှ ချုပ်တော့သည်။
မော့ဟန်က ရှုချင်းရီဘေးတွင် ထိုင်နေကာ ဆရာဝန်က ရှုချင်းရီ၏အနောက်မှ ဒဏ်ရာကိုချုပ်နေသည်။ အကယ်၍ မော့ဟန်သာ ရှုချင်းရီ၏ဖြူဖျော့နေသည့် မျက်နှာလေးနှင့် သူမကိုယ်ပေါ်မှ ညစ်ပတ်နေသည်ရွှံတို့နှင့်အတူ နောက်တွင်ခေါင်းကို ချုပ်နေသည့် ဆရာဝန်၏ လက်တို့ကို မေ့ထားလျှင် ရှုချင်းရီမှာ အိပ်ပျော်နေသည့် ကလေးတစ်ယောက်လိုပင်။