၁၈၃။ သူစိမ်း
“အရင်တုန်းက ကျွန်တော်မှ မကြားဖူး. . .”
“မင်းဒီကိုရောက်လာတာ ဘယ်လောက်ကြာသေးလို့လဲ? ဘာဖြစ်လို့ ငါ့ကိုယ်ရေးကိုယ်တာကို ဒီလောက်စပ်စုနေရတာလဲ?”
“အာ. . .ရှေ့နေကြီးနဲ့ သူနဲ့ကလည်း ဖြစ်နိုင်တာမှ မဟုတ်တာ။ ဘာဖြစ်လို့ ကျွန်တော်နဲ့ မိတ်ဆက်မပေးတာလဲ? ရှေ့နေကြီးရဲ့ ညီမလေးကို ကျွန်တော် ကောင်းကောင်းဆက်ဆံမှာပါ”
“ငါတို့နှစ်ယောက်ကြားမှာ မဖြစ်နိုင်လို့ မင်းနဲ့ မိတ်ဆက်ပေးရမယ် ဟုတ်လား?”
မော့ဟန်သည် အပြင်ပိုင်းတွင် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း လက်ထဲကစာရွက်ကို ပစ်ပေါက်ချင်နေသည်။ မော့ဟန်သည် စိတ်ထိန်းကာ
“သူ့အကြောင်း တွေးမနေနဲ့တော့။ အခုသူ့မှာ ချစ်သူရှိတယ်”
“ဒါပင်မယ့် မနေ့က ကျွန်တော်လျူဇီယွမ်ကိုမေးတော့ မရှိဘူးတဲ့”
“မနေ့ညကမှ ရသွားတာ”
မော့ဟန်၏လေသံသည် အေးစက်နေသည်။
မော့ဟန်၏ စိတ်အခြေအနေ မကောင်းတော့မှန်းကို သိလိုက်သည့် ထိုရှေ့နေသည် အနောက်သို့ ဆုတ်သွားရင်း
“ရှေ့နေကြီး ကျွန်တော် ဒီစာရွက်စာတမ်းယူသွားမယ်။ ကျွန်တော်ကြည့်ပြီးသွားရင် လျူဇီယွမ်ကနေတစ်ဆင့် ပြန်ပေးခိုင်းလိုက်ပါ့မယ်”
မော့ဟန်သည် သူ့စာရွက်စာတမ်းတွေကို ကြည့်နေဆဲဖြစ်ကာ
“သွားတော့!”
ထိုလူထွက်သွားသည့်အခါ မော့ဟန်သည် သက်သောင့်သက်တာ မရှိတော့ပေ။ သူက ရှုချင်းရီက ဖုန်း၂ခါလောက် ခေါ်လိုက်သော်လည်း သူမကဖုန်းချပစ်သည်။ သို့သော်လည်း ချက်ချင်းစာပြန်ပို့လာသည်။
“အတန်းထဲမှာ။ ဘာဖြစ်လို့လဲ?”
မော့ဟန်က စာပြန်လိုက်သည်။
“ဘယ်အချိန် အတန်းပြီးမှာလဲ?”
“၅နာရီခွဲ”
“အတန်းပြီးရင် ငါ့ကိုစောင့်နေ”
“ရုံးကိုပဲ လာခဲ့လိုက်ရမလား? အဲ့ဒီအချိန်က ကိုကြီးအလုပ်လုပ်နေတုန်းမလား?”
“ရုံးကိုလာစရာမလိုဘူး။ ငါလာကြိုမယ်”
မော့ဟန်သည် ဟိုရှေ့နေ၏စကားများကြောင့် စိတ်အဆင်မပြေဖြစ်နေတာ ဖြစ်သည်။ သူမအား သူဖွက်ထားချင်နေသည်။ သူမ၏ကောင်းသည့်အချက်များနှင့် သူမ၏အကြောင်းတိုင်းကို သူတစ်ယောက်တည်းသာ သိချင်သည်။ မော့ဟန်၏အတွေးများသည် အခုမှချစ်ဖူးသည့် မိန်းမပျိုလေးလို ဖြစ်လို့သာ နေတော့သည်။
မော့ဟန်သည် ရှုချင်းရီအား စောင့်မနေစေချင်သဖြင့် စာချုပ်ကိစ္စများကို စီစဉ်ပြီးသည့်အခါ ရှုချင်းရီကိုကြိုရန် ရုံးစောစောဆင်းသွားသည်။
ရှုချင်းရီသည် ကျောင်းအပေါက်ဝတွင် သူ့အားစောင့်နေသည်။ မော့ဟန်သည် သိပ်မဝေးသည့်နေရာတွင် ကားရပ်ကာ ရှုချင်းရီအား ဖုန်းခေါ်လိုက်သည်။
“ညာဘက်ကိုကြည့်လိုက်”
မော့ဟန်က ပြောသည်။
ရှုချင်းရီသည် မော့ဟန်အား လိုက်ရှာတော့သည်။
“ဘယ်ဘက်ကိုကြည့်နေတာပဲ”
မော့ဟန်က ရယ်ပြောသည်။
ရှုချင်းရီက ညာဘက်ကိုလှည့်ကြည့်သည့်အခါ မော့ဟန်၏ကားကို မြင်လိုက်သည်။ ရှုချင်းရီသည် လမ်းကိုအမြန်ကူးလာကာ ကားတံခါးဖွင့်ဝင်လာထိုင်သည်။ သူမသည် မော့ဟန်အား ဘယ်ကိုသွားကြမလဲဟု မေးရန် ခေါင်းလှည့်လိုက်သည့်အခါ မော့ဟန်က သူမအား နမ်းတော့သည်။ ရှုချင်းရီကတော့ မျက်လုံးအဝိုင်းသား ဖြစ်သွားသည်။ ထိုအနမ်းသည် ရှည်ကြာလွန်းပြီး ပြီးဆုံးသွားသည့်အခါ မော့ဟန်က သူမအား ပြုံးကြည့်နေသည်။
ရှုချင်းရီက နှုတ်ခမ်းကိုသုတ်ကာ မော့ဟန်ကိုကြည့်ရင်း
“ရုတ်တရပ်ကြီး ထမနမ်းလို့မရဘူးလား? ညီမလေးမှာ လန့်လို့သေမှာပဲ”
“နောက်ဆိုရင် အသားကျသွားလိမ့်မယ်”
မော့ဟန်က ပြောသည်။
ရှုချင်းရီက မော့ဟန်အား တွန်းထုတ်ကာ
“နောက်ထပ်မလုပ်နဲ့။ အပြင်မှာ လူတွေအများကြီးပဲ”
“ဘာတွေစိုးရိမ်နေတာလဲ? သူတို့က ငါတို့ကို မမြင်ရပါဘူး”
“သူတို့မမြင်ရလည်း ညီမလေးမြင်နေရတယ်လေ”
“မြင်သွားရင်တောင် ဘာဖြစ်မှာမလို့လဲ? မင်းက ငါ့ချစ်သူလေ။ ဒါပုံမှန်ပါပဲ”
မော့ဟန်ကတော့ အလျော့မပေးပေ။
ရှုချင်းရီက မော့ဟန်နှင့် မငြင်းချင်တော့သဖြင့်
“ထားလိုက်ပါတော့။ ပြောမနေတော့ဘူး။ ဗိုက်ဆာနေပြီ။ မုန့်သွားစားရအောင်”
မော့ဟန်က သူမအား အနောက်တိုင်းစားသောက်ဆိုင်သို့ ခေါ်သွားသည်။ Menuမှာ ပြင်သစ်လိုရေးထားသဖြင့် ရှုချင်းရီသည် ဘာမှနားမလည်ပေ။ ထို့ကြောင့် မော့ဟန်ကိုသာ မှာခိုင်းလိုက်သည်။
မော့ဟန်က သူမအတွက် steakမှာပေးသည်။ အသားသည် နူးညံ့နေကာ ဆော့စ်ကလည်းမွှေးလှသည်။ သူမသည် အသီးအရွက်ပွဲနှင့်တွဲစားသည့်အခါ အရသာရှိလွန်းသည်။ ရှုချင်းရီသည် စားနေရင်း နောက်နောင် သူမဘာကိုစားရမလဲ မသိသည့်အခါ မော့ဟန်ကိုပဲ ရွေးခိုင်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ရှုချင်းရီသည် မော့ဟန်ကို ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြကာ ဆက်စားတော့သည်။ မော့ဟန်ကတော့ ပြုံးရင်းဖြင့် စားနေသည်။
တစ်ဝက်လောက်စားပြီးသည့်အခါ ရှုချင်းရီသည် သန့်စင်ခန်းထဲသို့ ထသွားသည်။ ထို့နောက် လက်ဆေးပြီးသည့်အခါ သူမကျန်သေးသည်ကို ဆက်စားရန် ခပ်သုတ်သုတ် ထွက်လာသည်။ သို့သော်လည်း သူမသည် လူတစ်ယောက်ကို လမ်းတွင်တိုက်မိသွားသဖြင့် လှည့်ကာတောင်းပန်လိုက်ရသည်။ ထိုသူသည် အရပ်ရှည်သည့် လူထွားကြီးဖြစ်သည်။ ကတုံးဆံထောက်နှင့် ဖြစ်ပုံရသော်လည်း ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆွဲချလိုက်သည့်အခါ မျက်နှာကို သူမသေချာမမြင်ရတော့ပေ။
ထိုလူက ရှုချင်းရီအား ဘာမှမပြောသည့်အခါ သူမသည်လည်း မော့ဟန်ဆီသို့ အမြန်ပြန်လာလိုက်သည်။ သို့သော် ရှုချင်းရီသည် စိတ်ထဲတွင် တစ်မျိုးဖြစ်သွားသောကြောင့် သူမပြန်လှည့်ကြည့်လိုက်သည့်အခါတွင်တော့ ထိုလူအား အစအနတောင် မမြင်ရတော့ပေ။
ရှုချင်းရီသည် နေရာတွင်ထိုင်ကာ ဆက်စားသည်။ သို့သော် အေးသွား၍လား သူမစားချင်စိတ်ပျောက်သွား၍သော်လားမသိ သူမသည် မျှော်လင့်ထားသလို မဟုတ်တော့ပေ။ ထို့ကြောင့် တစ်ဖဲ့နှစ်ဖဲ့စားပြီးနောက် ရှုချင်းရီသည် ဓားနှင့်ဇွန်းကို ချလိုက်သည်။
မော့ဟန်က သူမကိုကြည့်ကာ
“ထပ်မစားတော့ဘူးလား?”
“ဗိုက်ဝသွားပြီ”
“တကယ်ထပ်မစားတော့ဘူးလား?”
ရှုချင်းရီကပြုံးပြီး ခေါင်းကိုခါကာ
“ဟင့်အင်း။ ဗိုက်ဝနေပြီ”
မော့ဟန်သည်လည်း ဓားနှင့်ဇွန်းကိုချလိုက်ကာ
“ဒါဆိုရင် ပြန်ကြတာပေါ့”
ရှုချင်းရီနှင့် မော့ဟန်တို့သည် အပြင်တွင် အချိန်သိပ်မဖြုန်းကြပေ။ စားပြီးသည့်အခါ သူတို့အိမ်သို့ ပြန်လာကြသည်။ ရှုချင်းရီသည် ဆိုဖာပေါ်တွင် ရုပ်ရှင်ကြည့်သည့်အခါ မော့ဟန်က သူမ၏ပုခုံးကို ဖက်ထားရင်း အဖော်ပြုကြည့်ပေးသည်။ ရှုချင်းရီသည် ခေါင်းအုံးလေးကိုပွေ့ကာ ရုပ်ရှင်ကို အသည်းအသန်ကြည့်နေသည်။ သို့သော်လည်း မော့ဟန်က သူ့ပုခုံးပေါ်သို့ သူမ၏ခေါင်းကိုမှီစေသည်။ သူမခေါင်းပြန်မတ်ကာ ကြည့်နေသော်လည်း သိပ်မကြာခင်တွင် မော့ဟန်က ပြန်မှီစေသည်။
“လည်ပင်းနာလိမ့်မယ်”
ရှုချင်းရီက ပြောသည်။
မော့ဟန်က သူမ၏ဆံပင်တွေကို သပ်နေရင်းမှ
“ခနလေးပါပဲကွာ”
နောက်ဆုံးတွင်တော့ ရှုချင်းရီသည် မော့ဟန်၏သဘောကို လိုက်လျောကာ ထိုပုံစံအတိုင်း ရုပ်ရှင်ကြည့်လိုက်ရတော့သည်။ မော့ဟန်ကတော့ သူမ၏ဆံပင်တွေကို ဖွလိုက် သပ်ပေးလိုက်ဖြင့် ပြုံးလို့သာနေသည်။
“ဗိုက်နည်းနည်းပြန်ဆာလာပြီ”
ရှုချင်းရီက ပြောသည်။
“ဆိုင်မှာတုန်းက ဝသွားပြီဆို”
မော့ဟန်က သူမ၏နဖူးကို ခပ်ဖွဖွတောက်လိုက်ရင်း ပြောသည်။
“အဲ့ဒီအချိန်တုန်းက ဆက်ကိုမစားနိုင်တော့တာ။ အခုတော့ အိမ်မှာရုပ်ရှင်ကြည့်ရင်း ပြန်ဆာလာပြီ”
မော့ဟန်က ရှုချင်းရီ၏အမူအယာကို ဆိုင်တွင်သတိထားမိသော်လည်း သူမစိတ်မကောင်းပိုဖြစ်သွားမည်စိုး၍ မမေးခဲ့ခြင်း ဖြစ်သည်။ အခုတော့ သူမ၏စိတ်အခြေအနေကောင်းနေပုံရသဖြင့်
“ဆိုင်မှာ. . .တစ်ခုခု ဖြစ်လို့လား?”
ရှုချင်းရီက သူ့အားတအံ့တသြ မော့ကြည့်ကာ
“ကိုကြီး သိလိုက်တယ်လား?”
မော့ဟန်က ခေါင်းခါကာ
“ဘာဖြစ်တာလဲတော့ မသိပင်မယ့် အမှုအယာသိပ်မကောင်းလို့”
ရှုချင်းရီက မော့ဟန်၏ပုခုံးပေါ်ကို မှီမနေတော့ဘဲ
“တကယ်တော့လေ. . .ဘာရယ်မဟုတ်ပင်မယ့်. . .”
ရှုချင်းရီ၏မျက်လုံးတွေက ကျဉ်းမြောင်းသွားကာ
“စိတ်ထဲတစ်မျိုးကြီး ဖြစ်သွားလို့”
“ဘယ်လိုဖြစ်တာလဲ?”
“သိပ်မသေချာပင်မယ့်. . .တစ်ခုခုတော့ တစ်ခုခုပဲ”
ရှုချင်းရီသည် သူမတိုက်မိခဲ့သည့်သူအကြောင်းကို မပြောပေ။ သူမပြန်တွေးကြည့်သည့်အခါ သူမကပဲ စိတ်ပူလွန်းနေတာ ဖြစ်နိုင်ပါသည်။ ထိုလူက သူမအား ဘာမှလုပ်မသွားသလို ဘာစကားမှတောင် ပြောမသွားသည့်တိုင်အောင် သူမသည် ထိုလူ၏အရှေ့မှာ ရပ်နေရခြင်းက အဆင်မပြေလှပေ။ ထိုလူပျောက်သွားသည့်အခါ သူမပို၍ကြောက်သွားသည်။ မော့ဟန်ကိုလည်း သူမအား စိတ်ပူနေမှာ စိုးရိမ်သဖြင့် မပြောခြင်းသာ ဖြစ်သည်။
“ဘာကိုကြောက်နေတာလဲ? . . .ကိုကြီးဒီမှာရှိတယ်လေ ဟုတ်ပြီလား?”
မော့ဟန်က သူမကိုဖက်လိုက်ကာ
“ဘာပဲဖြစ်လာပါစေ ညီမလေးကို ကိုကြီးဘေးကနေ ကာကွယ်ပေးမှာပါ”
ရှုချင်းရီသည် မော့ဟန်၏ရင်ခုန်သံကို ကြားနေရသည်။ သူမသည် ဒီလိုမျိုး မော့ဟန်၏ဘေးနားတွင် ရှိနေရခြင်းက အကောင်းဆုံးဖြစ်သဖြင့် ပျော်ရွှင်သွားသည်။ သို့သော်လည်း သူမ၏စိတ်ထဲတွင်တော့ မလွယ်ကူတော့သလို ခံစားရဆဲ ဖြစ်သည်။
သို့သော်လည်း သူမသာကြားနိုင်သည့် သူမရင်ထဲကအသံက သူမကိုပြောနေခဲ့သည်။
‘ဒီလိုလွယ်လွယ်ပျော်နေရတာကို နင်မကြောက်ဘူးလား? ဒီလိုပျော်ရတာက ဘယ်လောက်ခံမှာမလို့လဲ? မော့ဟန်က နင့်ကိုကြိုက်တယ်ဆိုရင်တောင် အမှန်သိသွားရင် နင့်ဘေးမှာ ရှိနေနိုင်ဦးမလား?’
သူမ၏အတိတ်ကြောင့် မော့ဟန်ကို သူမဝန်မပိစေချင်တာ အမှန်ဖြစ်သည်။ ရှုချင်းရီသည် သက်ပြင်းချလိုက်သည်။ မော့ဟန်ကတော့ သူမကျုံ့နေသည့် မျက်ခုံးနှစ်ဖက်ကို လက်ဖြင့်ပြေစေကာ ပြုံးပြသည်။
ရှုချင်းရီသည် မော့ဟန်ဘာကိုမှ ထပ်မတွေးချင်တော့ပေ။ သူမသည် လက်ရှိတွင်ပဲ နေချင်တော့သည်။ အနည်းဆုံးတော့ သူမအခုပျော်နေရသည်။