၁၃၃။ ကိုက်ရာများ
မော့ဟန်က ဖုန်းပြောပြီးသည့်အခါ အခန်းထဲသို့ ပြန်ဝင်လာပြီး ရှုချင်းရီအား
“ငါရုံးမှာ လုပ်စရာရှိလို့ စာရွက်စာတမ်းတွေ သွားယူလိုက်ဦးမယ်။ ပြီးရင် ပြန်လာခဲ့မယ်”
ရှုချင်းရီက ခေါင်းကိုငြိမ့်ကာ
“ရတယ် ပြန်မလာလည်း ကိစ္စမရှိဘူး”
မော့ဟန်က
“ဆေးရုံမှာ လျှောက်သွားမနေနဲ့။ ကုတင်ပေါ်မှာပဲ လှဲပြီးအနားယူနေ။ ဆေးပုလင်းကုန်သွားရင် သူနာပြုဆရာမကိုခေါ်လိုက်။ နေလို့သိပ်မကောင်းရင် ဆရာဝန်ကိုပြော”
“သိပါတယ်။ သိတယ်။ ကိုကြီးက အရမ်းနားပူနားစာလုပ်တာပဲ”
မော့ဟန်က သူမကိုကြည့်ကာ
“ငါကနားပူနားစာလုပ်တယ်ဆိုရင်တောင်မှ ငါ့စကားကိုတော့ နားထောင်ရမှာပဲ”
ရှုချင်းရီက နှုတ်ခမ်းကိုဆူကာ ခေါင်းကိုလှည့်ပစ်လိုက်သည်။ မော့ဟန်ကတော့ ထွက်သွားသည်။
မော့ဟန်ထွက်သွားပြီးနောက် ရှုချင်းရီမှာ သူမဘေးနားကလူနာဖြင့် စကားအကြာကြီးမပြောပါ။ ဆရာဝန်က ဆေးလာစစ်သည့်အတွက် သူတို့စကားစပြတ်သွားခြင်း ဖြစ်သည်။ ဤသို့ဖြင့် ရှုချင်းရီမှာ ကုတင်ပေါ်တွင် ပျင်းရိစွာ လှဲနေရသည်။
ထို့နောက် သူမထထိုင်နေပြန်သည်။ ဆေးပုလင်းကုန်ခါနီးလောက်တွင် သူမစိတ်မရှည်တော့သဖြင့် လမ်းလျှောက်ထွက်တော့သည်။ သူမမတ်တပ်ရပ်သည့်အခါ ခါးမှာချက်ချင်းနာလာသည်။ သူမအကျီကိုလှန်ကြည့်လိုက်သည့်အခါ သူမခါးတွင် ခရမ်းရောင်သမ်းနေသည့် အညိုအမည်းကို မြင်လိုက်ရသည်။ သူမဗိုက်တွင်လည်း ခြစ်ရာများဖြင့် ဖြစ်သည်။ ထိုအခါမှ ဟိုလူကန်လိုက်သည်ကို ပြန်အမှတ်ရတော့သည်။
ဒါပင်မယ့် ရှုချင်းရီမှာ ရအောင်လမ်းလျှောက်ရန် ပြင်သည်။ သို့သော် သူမခြေထောက်တွင် ဖိနပ်စီးထားခြင်းမရှိသလို လက်ကလည်း ဖိနပ်စီးနိုင်သည့်အခြေအနေမဟုတ်ပေ။ သို့သော် ကွင်းထိုးဖိနပ်အပါးတစ်ရံကိုတွေ့သဖြင့် သူအလွယ်လေးစီးကာ ထွက်လာလိုက်သည်။ သူမသည် နဖူးတွင် ချွေးအေးများထွက်လောက်သည့်အထိ ခါးနာနေသည်ကို အောင့်ခံကာ ခြေတစ်လှမ်းချင်းစီကို အားယူပြီး နံရံကိုကပ်၍အားပြုကာ အခန်းအပြင်သို့ ထွက်လာလိုက်သည်။
အပြင်သို့ သူမရောက်သည့်အခါ လူတချို့က သူမအရှေ့ကကျော်ဖြတ်သွားကာ လမ်းလျှောက်သွားလာနေသည်ကို မြင်လိုက်ရသည်။ သူမက ဝရံတာသို့ ထိန်းကာလျှောက်သွားလိုက်သည်။ သူမထင်သလိုပင် အပြင်ဘက်မှာက နေရောင်ခြည်ကလည်း ပိုလင်းကာ တောက်ပသလို လေကလည်း လတ်ဆတ်နေသည်။ ထို့ကြောင့် သူမသက်သောင့်သက်သာရှိလာကာ အလိုလိုပြုံးမိသွားသည်။
ဝရံတာမှနေ အပြင်ဘက်ကိုကြည့်နေရင်းမှ သူမမျက်လုံးထောင့်နားတွင် မှန်ကြီးတစ်ချက်ကို တွေ့လိုက်သည်။ မော့ဟန်က သူမကိုပြသည့်မှန်မှာ သူမမျက်နှာလောက်သာ မြင်ရသောကြောင့် ထိုမှန်အနားသို့သွားကာ ကြည့်လိုက်သည့်အခါတွင်တော့ သူမဆက်မပြုံးနိုင်တော့ပေ။
ထိုမှန်အရှေ့တွင် သူမရပ်ကြည့်သည့်အခါ သူမအပေါ်တစ်ပိုင်းလုံးကို မြင်နေရသည်။ သူမ၏လည်ပင်းနှင့် လည်ရိုးတစ်လျှောက်တွင် ခရမ်းရောင်သမ်းနေသည့် ကိုက်ရာအညိုအမည်းများကို သူမပြန်မြင်လိုက်ရသည်။ ရှုချင်းရီက ထိုအရာများကို လက်ဖြင့်ကိုင်ကြည့်ရင်းဖြင့် ခေါင်းကိုလှည့်ကာ ထပ်ရှိဦးမလားဟု သူမကြည့်မိသည်။ ထို့နောက် ရှုချင်းရီသည် သူမကိုယ်သူမဆက်မကြည့်နိုင်တော့ပေ။
မော့ဟန်နှင့် သူမဘေးနားကလူနာတို့မှာလည်း သူမ၏ဒီအရာများကို မြင်ခဲ့မှာ အမှန်ဖြစ်သည်။ ရှုချင်းရီက ထိုလူနာက သူမအားထူးဆန်းသလို ကြည့်ခဲ့သည့် အကြည့်များကို အခုမှသူမနားလည်တော့သည်။ ဒီလိုဆိုလျှင် သူတို့က သူမဘာဖြစ်ခဲ့သလဲဆိုသည်ကို သိနေခဲ့တာပင်။ သူမကသာ အရူးတစ်ယောက်လို ဘာမှမဖြစ်ခဲ့သည့်အလား ဟန်ဆောင်နေခဲ့ခြင်းပင် ဖြစ်နေခဲ့သည်။
ထိုညက အဖြစ်အပျက်များကို သူမမေ့ပစ်ချင်ခဲ့သည်။ ထိုလူက သူမကိုယ်အား ထိတွေ့ခဲ့သည့် ရွံစရာ ခံစားချက်ရော အပါအဝင်ဖြစ်သည်။ ထို့ကြောင့် သူမသည် တမင်တကာကို ထိုအကြောင်းအား အစမဖော်ကာ အခြားသူများကိုလည်း သူမဘယ်လိုဖြစ်ခဲ့ရသည့်အကြောင်းကို မပြောခြင်းသာ ဖြစ်သည်။ သို့သော်လည်း အဆုံးတွင်တော့ သူမသည် ကိုယ့်ကိုကိုယ်သာ လိမ်လို့ရကြောင်းကို သိသွားရှာလေပြီ။