May Honey Logo May Honey
Previous Next

၁၀၆။ အိပ်မက်ဆိုး

ရှုချင်းရီက အိပ်ရာဝင်လာသော်လည်း သူမ၏အသိစိတ်မှာ ဟိုရောက်ဒီရောက်ဖြင့် အိပ်မပျော်နိုင်ပေ။ သူမ၏ခေါင်းမှာ လေးလာကာ ခေါင်းအုံးထဲသို့ နစ်သွားသည်။ သူမက ကိုယ်ကိုလှုပ်ကြည့်သော်လည်း လှုပ်မရနိုင်ဖြစ်လာသည်။ မူးဝေလာကာ သူမသည် အိပ်မက်တစ်ခုကို မက်နေပုံရသည်။ သူမနှင့်အလွန်တူသော်လည်း အမှုအယာကွာခြားကာ ယုတ်မာစွာပြုံးနေသည့် ကောင်မလေးက ရှုချင်းရီအား ကြည့်နေသည်။

ရှုချင်းရီက ပါးစပ်ဖွင့်ကာ မေးလိုက်သည်။
“ငါက ရှုချင်းရီပါ။ နင်က ဘယ်သူလဲ?”

သူမ၏အသံမှာ အလွန်တိုးကာ ဘာအသံမှ မထွက်သလိုမျိုး လေထဲတွင် ပျောက်ကွယ်သွားသည်။ ထိုအရာက ရှုချင်းရီအား ကြောက်လာစေသည်။

ထို့ကြောင့် ရှုချင်းရီက ထပ်မေးလိုက်သည်။
“ငါကရှုချင်းရီလို့။ နင်ဘယ်သူလဲ?”

ရှုချင်းရီမှာ သူမ၏မျက်လုံးထဲသို့ မကြည့်ရဲပေ။ အိပ်မက်မှန်းသိသော်လည်း သူမအရှေ့က ကောင်မလေးကို သူမကြောက်နေမိသည်။ သူမက ပါးစပ်ဟကာ တစ်ခုခုပြောဖို့လုပ်သည်။ သူမ၏ပါးစပ်ဝတွင် စကားများက ရောက်နေပြီဖြစ်သော်လည်း သူမက ဘာကိုမှ ထပ်မပြောတော့ပေ။
‘ငါကဘယ်သူလဲ? ငါကရှုချင်းရီမှ မဟုတ်တာ။ ရှုချင်းရီအစစ်က တခြားတစ်ယောက်လေ’

သူမက ဒီကမ္ဘာတွင် အချိန်မရွေးပျောက်ကွယ်သွားတော့မလို ခံစားနေရသည်။ သူမကို ဘယ်သူကမှ မမှတ်မိကာ ဘယ်သူ့ရင်ထဲမှာမှ သူမအတွက်နေရာမရှိပေ။ သူမက လူပိုတစ်ယောက်လိုပင်။

သူမ၏အိပ်မက်မှာ ကြောက်ဖို့ကောင်းလွန်းသည်။ သူမက နားကိုပိတ် ခေါင်းကိုငုံပြီး ထိုင်ချလိုက်သည်။ သို့သော်လည်း ထိုကောင်မလေး၏ အသံမှာ ကျယ်သထက်ကျယ်လာကာ သူမ၏ရင်ထဲသို့ စူးဖောက်ကာ တိုးဝင်သွားသလိုဟု ခံစားမိသည်။ ထိုကောင်မလေးက ဘာဖြစ်လို့ သူများအယောင်ဆောင်နေတာလဲဟု ဆက်တိုက်မေးသည်။

သူမက ခေါင်းကိုဆက်ခါနေသော်လည်း ထိုကောင်မလေးက သူမ၏ရင်ကို စုတ်ဖြဲနေသည့်အသံဖြင့် မေးလိုက်သည်။
“မဟုတ်ပါဘူး! မဟုတ်ဘူး! ငါကရှုချင်းရီပါ! ရှုချင်းရီလို့!”

ထိုကောင်မလေးက ရှုချင်းရီအား ဆက်ရယ်နေဆဲပင်။ သူမ၏မျက်နှာမှာ ရှုချင်းရီနှင့် တစ်ပုံစံတည်း ဖြစ်သည်။ သူမက လက်ဆန့်ပြီး ရှုချင်းရီအား လက်ညိုးထိုးကာ သူမအနားသို့ ရောက်လာတော့သည်။

ရှုချင်းရီက ထအော်ကာ နိုးလာတော့သည်။

ရှုချင်းရီငိုသံကြောင့် မော့ဟန်နိုးလာရသည်မှာ ဒါကဒုတိယအကြိမ်ဖြစ်သည်။ သူ့အခန်းက မှောင်နေသော်လည်း မော့ဟန်က နာရီကိုမနည်းကြည့်လိုက်သည့်အခါ ၂နာရီလောက်ပဲရှိသေးသည်။ ရှုချင်းရီ၏ငိုသံက ပျံ့လွင့်နေသောကြောင့် မော့ဟန်က ချက်ချင်းထလိုက်သည်။ ရှုချင်းရီမှာ အိပ်မက်ဆိုးမက်ပြီး ငိုနေပြန်ပြီဆိုသည်ကို သူသိပါသည်။

သူမအခန်းသို့ရောက်သောအခါ မော့ဟန်က ရှုချင်းရီ မျက်လုံးစူးသွားမှာစိုးသောကြောင့် မီးမဖွင့်လိုက်ပါ။ သူကတံခါးကိုဟထားလိုက်သည့်အခါ ဧည့်ခန်းထဲမှ မီးရောင်က ခပ်မှိန်မှိန်လေး ဝင်လာသည်။ မော့ဟန်က ထိုမီးရောင်ဖြင့် ရှုချင်းရီ၏ ကုတင်အနားသို့ သွားကာ သူမအား ပုတ်နှိုးလိုက်သည်။ ထိုအခါကမှ သူမမျက်နှာတွင် ချွေးများနှင့် မျက်ရည်တို့က ရောနေကြောင်း သိလိုက်ရသည်။

“ငါ. . . ရှုချင်းရီ . . .”
သူမက အိပ်မက်မက်ကာ ယောင်နေပုံရသည်။

မော့ဟန်က ရင်ထဲမကောင်းသောကြောင့် မျက်မှောင်ကျုံလိုက်ကာ သူမအား အော်ပြောရင်း ပုတ်နှိုးနေရသည်။
“ထတော့! ထတော့! မင်းအိပ်မက်မက်နေတာ!”

ရှုချင်းရီက နောက်ဆုံးမှာမှ နိုးလာသည်။ သူမ၏မျက်ရည်ဝဲနေသည့် မျက်လုံးများပွင့်လာသောအခါ သူမဘေးတွင် မော့ဟန်ထိုင်နေကြောင်းကို တွေ့လိုက်ရသည်။ ထိုအခါမှ သူမ၏အကြောက်တရားများမှာ ပျောက်ကွယ်သွားရသည်။

မော့ဟန်က အစစ်အမှန်ဖြစ်သည်။ သူမဘေးက ဒီလူ၏အထိအတွေ့ကို သူမခံစားလို့ ရနေသေးသည်။ သူမ၏တည်ရှိနေမှုကို ဒီလူကတော့ သိသေးသည်။ ဘာပဲဖြစ်ဖြစ်နေနေ ဒီလူရှိနေပေးတော့ သူမ၏တည်ရှိနေမှုက အမှန်ဖြစ်လာပြီ။

ရှုချင်းရီက ကုန်းပေါ်ကငါးတစ်ကောင်လိုမျိုး လေကိုမနည်းရှုနေရသည်။ မော့ဟန်က သူမ၏ကျောကိုပွတ်ပေးကာ
“အိပ်မက်တစ်ခုပါပဲ။ အဆင်ပြေသွားပါပြီ”

ရှုချင်းရီက သူ့အကျီကို ခပ်တင်းတင်းဆုပ်ကိုင်ကာ
“ညီမလေးက ရှုချင်းရီပါ။ ဟုတ်တယ်မလား?”

“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ? မင်းကအမြဲတမ်းမင်းပဲလေ”
မော့ဟန်က ပြောလိုက်သည်။

“ငါကသာ. . .ငါပဲ. . .”
ရှုချင်းရီက သူမဟာသူမရေရွတ်နေသည်။

မော့ဟန်က သူမ၏အသက်ရှုသံ မမှန်နေခြင်းကို သတိထားမိသည့်အခါ
“ဘာဖြစ်တာလဲ?”

“ကြောက်တယ်. . .”
ရှုချင်းရီက အသံတိုးတိုးလေးဖြင့် ပြောသည်။

“ဘာကိုကြောက်တာလဲ?”

ရှုချင်းရီက တိတ်ဆိတ်သွားသည်။

“ဘယ်လိုအိပ်မက်ဆိုးမလို့လဲ?”
မော့ဟန်က ထပ်မေးလိုက်သည်။

ရှုချင်းရီက ခေါင်းမော့ကာ မော့ဟန်ကို မော့ကြည့်သည်။ ထို့နောက် ချက်ချင်းခေါင်းပြန်ငုံသွားကာ
“ကိုကြီးနဲ့ အတူတူ အိပ်ချင်တယ်”

မော့ဟန်မှာ ခနတောင့်သွားပြီးနောက် ရှုချင်းရီက သူ့ခါးကိုဖက်ကာ သူ့ရင်ခွင်ထဲကို တိုးဝင်လာခြင်းကို မြင်လိုက်ရချိန်မှာတော့ သူရင်ခုန်လာသည်။ သူမအား ဖယ်ပစ်လိုက်ချင်သေည်လည်း သူဟာကြောင်အစွာဖြင့် ရှုချင်းရီ၏ ဖက်ထားခြင်းကို ခံနေရသည်။

“ဘာဖြစ်လို့ ငါနဲ့အတူတူ အိပ်ချင်ရတာလဲ?”
မော့ဟန်က သူ့ရင်ဘတ်ကို ပါးလေးဖြင့် ရှုချင်းရီကတိုးနေသည်ကို ခံစားမိသည်။

Previous Chapter 106 of 199 Next