၁၂၂။ ဟိုတယ်
ကျန်းယန်က စကားကို မရပ်မနားပြောတော့သည်။
“အဲ့ဒါမင်းအရမ်းမူးနေလို့လေ။ မင်းအိမ်ဘယ်မှာလဲလို့ ငါမေးသားပဲ။ အိမ်မရှိဘူးလို့ပဲ မင်းကလျှောက်ပြောနေတာကိုး။ တော်သေးတာက ငါ့လည်းသိပ်မူးသေးလို့သာပဲ။ မင်းအကိုဖုန်းနံပတ်ရှိတာကို သတိရသွားတာနဲ့ သူ့ကိုဖုန်းဆက်ပြီး ဟိုတယ်မှာ မင်းကိုသိပ်လိုက်မယ် မနက်ကျမှ ပြန်လိုက်ပို့မယ်လို့ ပြောလိုက်ရတာ။ ဒါပင်မယ့်လည်း ဟိုတယ်ရောက်ကာမှ မင်းကနိုးလာပြီး ငါတို့ကို ထပ်သောက်ခိုင်းနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?”
ရှုချင်းရီက ကျန်းယန်ဆီမှ ဒီလိုကြားကာမှ စိတ်သက်သာရာရတော့သည်။ သူမကမူးသွားရင် ဘာဖြစ်လို့ ဘာမှမမှတ်မိတော့သလဲ သူမသိပေ။ မူးနေသည့်အချိန် ကိုယ့်ကိုကိုယ်ထိန်းဖို့ဆိုလျှင် သူမအတွက် ပိုဝေးသွားသည်။
မော့ဟန်က သူမမူးနေကြောင်း ကြားသည့်အခါ ဒေါသထွက်သွားခြင်းမှာ မထူးဆန်းပါ။ ဒါပင်မယ့်လည်း မော့ဟန်အကြောင်းကို သူမတွေးကာမှ မနေ့ညက မော့ဟန်သည် သူ့ကိုသူမထိန်းနိုင်သည့်အထိ ဘာကြောင့်ဖြစ်သွားသလဲ သူမလည်း မသိပေ။ ရှုချင်းရီမှာ ထိုအတွေးနှင့်အတူ သူမအား မော့ဟန်က ထိတွေ့သွားသည်များကို သတိရသွားပြန်သည်။
‘မတွေးနဲ့! ဒါကိုထပ်မတွေးနဲ့တော့!’
ထို့နောက် သူတို့နှစ်ယောက်မှာ နေရခက်စွာဖြင့် မနက်စာစားကြသည်။ ရှုချင်းရီက တစ်ချိန်လုံး စကားတစ်ခွန်းမှ စမပြောပေ။ မော့ဟန်ကလည်း သူမပြောခြင်းကို နားလည်ပါသည်။ သူကအရင်လို ရှုချင်းရီနှင့် ရင်းနှီးစွာပြန်နေချင်သော်လည်း သူ့လုပ်ရပ်က လွန်သွားခဲ့သည်လေ။
“ဒီညဘာစားချင်လဲ? ဝယ်လာပေးမယ်”
မော့ဟန်က မနက်စာစားပြီးသည့်အခါ အရင်စကားစလိုက်သည်။
ရှုချင်းရီက ခေါင်းကိုခါကာ
“မလိုပါဘူး”
ဤသို့ဖြင့် သူတို့မှာ စကားထပ်မပြောဖြစ်ကြတော့ပေ။
မော့ဟန်က သူ့ကိုယ်သူနားချိန်တောင် မပေးတော့ဘဲ အလုပ်ရူးတစ်ယောက်ပုံစံ ထပ်ဖြစ်သွားပြန်သည်။ သူ့ရုံးကလူများမှာ စကားပြောချိန်မရှိအောင်ကို အလုပ်များရှုပ်သွားကြကာ အစည်းအဝေများကို တက်နေကြရသည်။ ထို့ကြောင့်သူတို့က သူတို့ရှေ့နေကြီးက ၃ရက်လောက် အပျော်ခရီးထွက်ပြီးသွားသည့်အတွက် ဒီလိုပြန်အသည်းအသန်လုပ်နေသည်ဟု ထင်ကုန်ကြသည်။
တကယ်တော့ မော့ဟန်က ရှုချင်းရီနှင့်ကိစ္စကို တွေးမနေမိအောင် အာရုံလွှဲနေမိခြင်း ဖြစ်သည်။ သူမအားထိတွေ့ခဲ့မိသည်များနှင့် သူမငိုနေသည့်ပုံလေးတို့ကို သူထပ်ခါထပ်ခါပြန်တွေးနေမိသည်။ ထို့ကြောင့် ထိုအကြောင်းများ မတွေးမိစေရန် အလုပ်ကိုသာလုပ်ရင်း သူ့အတွေးများကို ထိန်းနေရခြင်းပင်။
“ရှေ့နေကြီးက တစ်ခုခုကို စိတ်တိုနေတယ်လို့ မထင်ဘူးလား? အခုတလော ဘာဖြစ်နေတာလဲ မသိဘူး? တနေ့လုံး အလုပ်လုပ်နေရုံတင်မကဘူး ငါတို့ကိုပါ အလုပ်တွေ အမြန်လုပ်ခိုင်းနေတယ်။ ခုနလေးကမှ အမှုအသစ်တစ်ခုရောက်လာတာကို အခုချက်ချင်း အဲ့ဒါနဲ့ပတ်သတ်တာတွေစုခိုင်းနေပြီ။ ငါဘယ်လိုလုပ်ရမလဲ?”
မော့ဟန်၏ဝန်ထမ်းတစ်ယောက်မှာ ဘေးကသူအား ညည်းကာ ပြောနေသည်။
“ရှေ့နေကြီးအကြောင်း မသိသေးဘူးလား? သူက အလုပ်ရူးကြီးလေ။ ဒီမှာအလုပ်လုပ်ကတည်းက နင်လည်းစာအုပ်ပုံထဲခေါင်းမြုပ်နေရတော့မှာလေ!”
ဘေးကတစ်ယောက်က ပြန်ပြောသည်။
“အင်း သိပါတယ်။ စာအုပ်ပုံကြီးတွေထဲ ခေါင်းမြုပ်ဖို့ ပြင်လိုက်ရတာပေါ့”
ထိုတစ်ယောက်မှာ ကော်ဖီကို မော့ချလိုက်ပြီးနောက် ပြောသည်။
“ရှေ့နေကြီးရဲ့ ညီမလေး လာရင်ကောင်းမယ်”
အခြားတစ်ယောက်က ရုတ်တရပ်ထပြောသည်။
“သူလာရင် ဘာဖြစ်လို့လဲ?”
“သူလာရင် ကောင်းတယ်လေ။ နင်သတိမထားမိဘူးလား? အဲ့ကောင်မလေးလာရင် ရှေ့နေကြီးက ငါတို့ကို ရုံးစောစောဆင်းခွင့်ပေးတယ်လေ”
ထိုဝန်ထမ်းက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
ထိုအခါ နောက်တစ်ယောက်ကလည်း ဝင်ပြောသည်။
“ဟုတ်တယ် နင်ပြောမှပဲ။ အဲ့ဒါက အမြဲလိုလိုပဲ ဖြစ်တက်တယ်”
“ဒါတင်ဘယ်ဟုတ်ဦးမလဲ။ ငါတို့ရှေ့နေကြီးက သူ့ညီမကြောင့် အပျော်ခရီးသုံးရက်ထွက်ဖို့ ခွင့်ယူသွားတာလေ”
“တကယ်ကြီးလား?”
“ဟုတ်ပါတယ်ဆို။ လျုဇီယွမ်ပြောတာက ခရီးထွက်သွားတာက သူ့ညီမလေးရဲ့ အကြံတဲ့”
“ဝိုး! အဲ့လိုဆိုတော့လည်း ငါတို့ရှေ့နေကြီးက သူ့ညီမလေးနဲ့ ဆက်ဆံရေးကောင်းသားပဲ။ ခရီးတောင် အတူတူသွားကြတယ်”
သူတို့တွေက ကော်ဖီဖျော်ရင်းဖြင့် အတင်းတုပ်နေကြတာ ဖြစ်သည်။ သူတို့နားမှာ မော့ဟန်ဖြတ်သွားခြင်းအား သူတို့မသိကြပေ။
“ငါတို့ရှေ့နေကြီးမှာ ညီမလေးရှိမှန်း အရင်တုန်းက ငါမသိခဲ့ဘူး။ အခုမှပဲ အရမ်းချစ်ပြီး အရမ်းကာကွယ်လွန်းတာ သိရတော့တယ်”
“ဟုတ်တယ် ဟုတ်တယ် ငါလည်း နင့်လိုပဲ ထင်မိတယ်သလား”
သူမက အတင်းဆက်ပြောနေကြသည်။