၉၆။ စိတ်ဆင်းရဲပြီး ငိုနေခြင်း
သူမထင်ခဲ့သည်မှာ ရှုချင်းရီမှာ ရုတ်တရက်ကြီး ငိုချလိမ့်မည်ဟုပင်။ ထိုကောင်မလေးမှာ သူ့ပါးစပ်ကိုအုပ်ထားသည့်လက်ကိုကိုင်ရင်း မျက်ရည်များက တပေါက်ပေါက်ကျကာ နှာခေါင်းတရှုံရှုံဖြင့် ငိုချလေသည်။ စိတ်ဆင်းရဲသွားသောကြောင့် မျက်စိစုံမှိတ်ကာ မော့ဟန်အား သူမအားရှိသမျှသုံးပြီး နောက်လက်တစ်ဖက်ဖြင့် တွန်းနေသည်။
မော့ဟန်မှာ သူမ၏မျက်ရည်များကို မြင်သည့်အခါ လန့်သွားသည်။ ဒီလိုအသည်းအသန်ငိုနေခြင်းမျိုးကို မော့ဟန်က မမြင်ဖူးခဲ့ပါ။ ပါးစပ်ကိုအုပ်ထားသည့် သူ့လက်ကိုလွှတ်ကာ သူဘာဆက်လုပ်ရမှန်း မသိတော့ပါ။ သူမ၏မျက်ရည်များကို သုတ်ပေးရင်း သူ့လေသံအား အနူးညံ့ဆုံးအဖြစ်ပြောင်းကာ
“ဘာဖြစ်လို့ငိုနေတာလဲကွာ? မငိုပါနဲ့တော့”
လူတိုင်းမှာ မေးအောက်ပြုတ်ကျသွားကြပြီ။ သူတို့မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်နေသည့်တိုင်အောင် မော့ဟန်၏ ဒီလိုပုံစံအား မမြင်ဖူးခဲ့ပေ။ သူတို့၏အမြင်အရ မော့ဟန်သည် အမြဲတမ်းအေးစက်ကာ တည်ငြိမ်လွန်းသည့်သူ ဖြစ်သည်။ ဒီလို ကြင်ကြင်နာနာဖြင့် နူးညံ့စွာ ချော့နေသည်သူဖြင့် နည်းနည်းလေးမှ မအပ်စက်မိပေ။
‘ဒါပင်မယ့် ဒီအခြေအနေကြီးက ဘာတွေဖြစ်နေတာလဲ?’
“ကျွန်တော် တောင်းပန်ပါတယ်။ အရင်စားနှင့်ကြပါ။ သူ့ကို ခနအပြင်ခေါ်သွားလိုက်မယ်။ ပြီးရင် ပြန်လာခဲ့ပါမယ်”
မော့ဟန်က ခေါင်းငုံကာ ပြောသည်။ ရှုချင်းရီ၏ ဒီလိုအခြေအနေမှာ ဒီမှာဆက်ထားရန် လုံးဝမသင့်တော်ပါ။
မော့ဟန်က ရှုချင်းရီအား ခါးမှဖက်ကာ အပြင်ကော်ရစ်တာသို့ ခက်ခက်ခဲခဲ ဆွဲထုတ်သွားရသည်။ ထို့နောက် နံရံဖြင့် သူမကိုယ်အား ကပ်လိုက်သည်။ အောက်သို့လျှောကျသွားမှာ စိုးရိမ်၍ ခါးကိုလည်း မလွတ်ရဲပါ။
ရှုချင်းရီက ဆက်ငိုနေဆဲဖြစ်သည်။ သူမ၏မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နေသည်။
မော့ဟန်က သက်ပြင်းချလိုက်သည်။ သူမ၏မျက်နှာမှ မျက်ရည်များကို သုတ်ပေးကာ
“မငိုနဲ့။ မငိုပါနဲ့တော့။ ငါမှားသွားတယ် ဟုတ်ပြီလား?”
“ဘာဖြစ်လို့ အဲ့လိုဆူရတာလဲ? ညီမလေးက ဘာအမှားလုပ်မိလို့လဲ?”
ရှုချင်းရီက ရှိုက်ငိုနေရင်းကနေ မေးသည်။
မော့ဟန်အတွက် လူတစ်ယောက်အား နူးညံ့စွာပြောဆို ဆက်ဆံရခြင်းမှာ ပထမဆုံးဖြစ်သည်။ သူမကိုဖက်ထားလိုက်ကာ သူ့၏ပုခုံးပေါ်တွင်မှီစေရင်း သူမခေါင်းလေးအား ပွတ်ပေးရင်းဖြင့် နူးညံ့စွာ ထပ်ပြောသည်။
“ငါ့အမှားပါ။ ငါ့ရဲ့အမှား။ အဲ့လိုမဆူလိုက်သင့်ဘူး။ မငိုနဲ့တော့”
ရှုချင်းရီက ဘာမှပြန်မပြောတော့ဘဲ သူ့ပုခုံးပေါ်တွင် မှီနေရင်းက သူမကိုယ်လေးမှာ တသိမ့်သိမ့်တုန်နေဆဲပင်။
မော့ဟန်က သူမ၏ကျောကုန်းကို ပုတ်ပေးလိုက်သည်။ သူမပြန်အဆင်ပြေလာသည့်အထိ စောင့်နေပြီးမှ
“အခုသက်သာပြီလား?”
သူမက ဘာမှပြန်မပြောပေ။ မော့ဟန်က သူ့ပုခုံးပေါ်တွင် မှီနေသည့် ကောင်မလေးအား ကြည့်လိုက်သည်။ သူမက အိပ်ပျော်သွားပုံရသည်။
မော့ဟန်က ဘာပြောရမှန်းမသိတော့သည့်အခါ သက်ပြင်းသာချမိသည်။ ထို့နောက် စားသောက်ဆိုင်၏ ကောင်တာသို့ သူမအား ပွေ့ချီသွားလိုက်သည်။ ထို့နောက် အခန်းလွတ်ရှိသေးလားဟု မေးနိုင်သည်။
ထိုကောင်တာက ဝန်ထမ်းမှာ အရပ်ရှည်ရှည်ဖြင့် ခန့်ညားသည့်လူတစ်ယောက်က ကောင်မလေးတစ်ယောက်ကိုပွေ့လာကာ အခန်းလွတ်မေးနေသည့်အခါ ကြောင်အသွားလေသည်။
‘သူတို့ဘာလုပ်ကြမလို့လဲ?’
မော့ဟန်က ထိုဝန်ထမ်း၏ အမူအယာကို သတိထားမိသည်နှင့် ချက်ချင်းရှင်းပြသည်။
“အထင်လွှဲနေတာ။ ဒါကျွန်တော့်ညီမလေးပါ။ ပြီးတော့ သူကမူးနေလို့။ အိမ်မပြန်ခင်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေသွားယူမယ့်အချိန် ခနထားဖို့ မေးတာပါ”
ထိုဝန်ထမ်းမှာ ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် အခန်းသွားရှာသည်။ ထို့နောက် စတိုခန်းက ဆိုဖာပေါ်တွင်သာ ရှုချင်းရီကို ထားခဲ့လိုက်ရသည်။ ထို့နောက် သူမကြာခင် ပြန်လာမှာ ဖြစ်သောကြောင့် ခနကြည့်ထားပေးဖို့ မှာလိုက်သည်။
မော့ဟန်က သူတို့စားသောက်ခဲ့သည့် အခန်းထဲသို့ ပြန်လာသည်။ သူက ရှုချင်းရီ၏ပစ္စည်းများနှင့် သူ့ဖိုင်များကို ယူပြီးသည့်နောက်တွင် မေးခွန်းအပြည့်ဖြင့် ကြည့်နေကြသည့်လူများအား
“သူသိပ်အဆင်မပြေတော့လို့ ကျွန်တော်ပြန်ခေါ်သွားလိုက်တော့မယ်။ ဒီဝိုင်းဖိုးကို ရှင်းခဲ့ပြီ။ စားပြီးရင် အောက်ကဘားမှာ ပျော်လို့ရအောင် ကျွန်တော်ချိတ်ပေးထားတယ်”
သူမှာ အခြားသူတွေ၏ အမူအယာကို အကဲခတ်နေရန် အချိန်မရှိတော့ဘဲ ချက်ချင်းပြန်ထွက်လာကာ ရှုချင်းရီကို ထားခဲ့သည့် စတိုခန်းသို့ အပြေးအလွှားသွားလိုက်သည်။
သူစတိုခန်းတံခါးကို ဖွင့်လိုက်ချိန်မှာတော့ ရှုချင်းရီက အိပ်ပျော်မနေတော့ပေ။ သူမက နိုးနေပြီဖြစ်ကာ ဆိုဖာပေါ်တွင်ထိုင်ရင်း တံခါးဖွင့်ဝင်လာသည့် မော့ဟန်အား ကြည့်နေသည်။