၁၄၆။ ချစ်ကြတဲ့အတွဲ
သန့်စင်ခန်းထဲကို ရောက်သွားသည့် ရှုချင်းရီမှာ သူတို့နှစ်ယောက်၏ အခြေအနေများကို မသိလိုက်ပေ။ သူမအပြင်သို့ထွက်လိုက်လျှင် သူမအရင်တုန်းက ဘယ်လိုဆိုသည်ကို ပြောပြမည့်လူတို့ ရှိနေသောကြောင့် သူမအပြင်မထွက်ချင်တော့ပါ။ သူမဟာ ဒီလိုဘာမှန်းမသိသည့် ခံစားချက်ကြီးကို ကြောက်နေသည်။ သူမအခုအချိန်မှာ အဖြစ်ချင်ဆုံးကတော့ မော့ဟန်၏ ဧည့်ခန်းအခင်းမှာထိုင်ကာ TVကြည့်နေရင်း မော့ဟန်အိမ်ပြန်လာမည်ကို စောင့်နေချင်တာသာ ဖြစ်လေသည်။ ဒါပင်မယ့်လည်း သူမဒီလိုမလုပ်နိုင်တော့ဘူးဟု ဘာကြောင့်မှန်းမသိ သူမခံစားနေရသည်။
ရှုချင်းရီက နာရီကို ကြည့်လိုက်သည့်အခါ သန့်စင်ခန်းထဲတွင် သူမထိုင်နေသည်က မိနစ်၂၀လောက် ရှိသွားသည်။ ထို့ကြောင့် သူမထွက်မလာချင်သော်လည်း ထွက်လာရတော့သည်။ ရှုချင်းရီက သန့်စင်ခန်းမှ ထွက်လာစဉ်မှာပဲ ရှောင်မေးနှင့် တိုးတော့သည်။
“မမညန်ညန် သန့်စင်ခန်းကို လာတာလား?”
“အင်း”
ရှုချင်းရီက ပြောပြီးသည်နှင့် တန်းလှည့်ထွက်သည်။
သို့သော်လည်း ရှောင်မေးက သူမအရှေ့က တားကာ
“မမညန်ညန်”
ရှုချင်းရီက ဒီနာမည်ဖြင့် ကျင့်သားမရသေးပေ။ သူမအား ရပ်ကာ ပြန်ကြည့်လိုက်သည်။
“အင်း?”
“မမက ပြောင်းလဲသွားသလိုပဲ”
ရှောင်မေးက ပြောသည်။
“မမနဲ့ ကိုကြီးဟန်တို့လေ။ ကိုကြီးဟန်နဲ့ ရန်ဖြစ်ခဲ့တာလား?”
“မဖြစ်ပါဘူး”
“ဒါဆိုရင် ဘာဖြစ်လို့ နှစ်ယောက်လုံးက ဒီနေ့မကြည်သလို ဖြစ်နေကြတာလဲ? ခုနတုန်းက ကိုကြီးဟန်က မမလက်ကိုကိုင်တာကို မကြိုက်သလိုပဲ။ ကိုကြီးဟန်က မမကို စိတ်ဆိုးစရာလုပ်ထားတာလား?”
ရှုချင်းရီက ခနတွေးပြီးနောက် ရှောင်မေးအား မေးလိုက်သည်။
“အရင်တုန်းက ငါ့ပုံမရှိဘူးလား?”
“ရှိတယ်လေ။ ဘာဖြစ်လို့လဲ?”
“ပြပါလား?”
ရှောင်မေးက အရင်တုန်းကပုံကို ဘာဖြစ်လို့ သူမကြည့်ချင်နေမှန်း မသိသော်လည်း သူမဖုန်းထဲက ပုံတွေကိုရှာလိုက်သည်။
“ဒီမှာ တစ်ပုံရှိတယ်”
ရှောင်မေးက ရှုချင်းရီအား ဖုန်းထိုးပြသည်။
ထိုပုံမှာ သူတို့နှစ်ယောက်၏ selfileပုံဖြစ်သည်။ ရှောင်မေးမှာ သူမပုခုံးပေါ်လက်တင်ထားရင်း ချိုမြိန်စွာပြုံးနေသည်။
“တခြားပုံတွေကရော?”
“နောက်ကို ဆက်လှန်ကြည့်ပါလား။ ရှိဦးမယ်ထင်တယ်”
သူမတခြားပုံတွေကို ဆက်လှန်ကြည့်သည့်အခါ သူမတစ်ကိုယ်လုံးပေါ်သည့် ပုံတစ်ပုံတွေ့သည်။ ထိုပုံမှာ သူမနှင့် ဟန်လျန်တို့နှစ်ယောက်ပုံဖြစ်သည်။ သူတို့က ထိုအချိန်တုန်းက ဓာတ်ပုံရိုက်ခံလိုက်ရမှန်း သိပုံမရပေ။ ဟန်လျန်က ကွန်ပြူတာအရှေ့တွင် ထိုင်နေကာ သူမကတော့ ဟန်လျန်ပုခုံးအား သိုင်းဖက်ရင်း ပြုံးရွှင်နေသည်။
ရှောင်မေးက ပြောသည်။
“ဒါမမတို့အိမ်မှာ ရိုက်ထားတာလေ။ အဲ့ဒီနေ့တုန်းက ဒီဆိုင်ကဝန်ထမ်းတွေကို အိမ်မှာ မုန့်ဖိတ်ကျွေးတာလေ။ ညီမလေးတို့ စားပြီးတော့ ဧည့်ခန်းထဲမှာ မမတို့ကို ဒီလိုတွေ့လိုက်လို့ ရိုက်လိုက်တာ”
“အရင်တုန်းက ငါသူနဲ့ ဆက်ဆံရေးက ကောင်းလား?”
ရှောင်မေးက သူမအား မယုံနိုင်သလိုကြည့်ကာ
“ဒီလိုမျိုး ဘာဖြစ်လို့ မေးတာလဲ? မမတို့နှစ်ယောက်က အချစ်ငှက်လေးတွေလို အမြဲတပူးပူးတတွဲတွဲနဲ့ပဲလေ။ ညီမလေးတို့ ဘေးကလူတွေဆို အားကျလိုက်ရတာမှ။ မမတို့သာ ဆက်ဆံရေးမကောင်းရင် ဘယ်သူက ကောင်းတော့မှာလဲ?”
ရှောင်မေးက သူမစိတ်ညစ်နေသလို ဖြစ်နေသည်ကို သတိထားမိသောကြောင့် ထူးဆန်းစွာဖြင့် မေးသည်။
“မမညန်ညန် ဘာဖြစ်လို့လဲ?”
ရှုချင်းရီက ချက်ချင်းပြန်ဖြေသည်။
“ဘာမှမဖြစ်ပါဘူး”
“မမညန်ညန် နောက်ဆုံးတော့ ပြန်လာပြီပဲ။ စိတ်ပူမနေပါနဲ့။ မမတို့နှစ်ယောက်က အရမ်းချစ်ကြတဲ့အတွဲပဲဟာ။ အကုန်အဆင်ပြေသွားမှာပါ”
ရှုချင်းရီက သူမအား ဖုန်းပြန်ပေးလိုက်ကာ
“ကျေးဇူးတင်ပါတယ်။ ပြန်သွားလိုက်ဦးမယ်။ ဟိုမှာစောင့်နေကြလို့”
ရှုချင်းရီပြန်ရောက်လာသည့်အခါ မော့ဟန်နှင့် ဟန်လျန်တို့က ဘာမှမဖြစ်ခဲ့သည့်အလား တည်ငြိမ်စွာဖြင့် စားသောက်နေကြသည်။ ထို့ကြောင့် ရှုချင်းရီမှာလည်း အများကြီးမတွေးမိလိုက်ပေ။ သူမအတွေးရောက်နေမိသည်က ခုနတုန်းက ရှောင်မေးပြသည့် ပုံတို့သာ ဖြစ်တော့သည်။
“ဘာဖြစ်လို့ကြာနေတာလဲ?”
ဟန်လျန်က သူမအတွက် ခုံဆွဲပေးရင်းက မေးသည်။
“ရှောင်မေးနဲ့တွေ့လို့ စကားပြောနေတာ”
“သူ့ကိုမှတ်မိတယ်လား?”
ရှုချင်းရီက ခေါင်းခါလိုက်သည်။ သူမက တူကိုကိုင်ကာ ခေါင်းငုံရင်း စားတော့သည်။ သူမမျက်လုံးထောင့်ကနေ မော့ဟန်မျက်နှာ မကောင်းသည်ကိုတော့ သူမမြင်လိုက်သေးသည်။