၁၈၅။ မနက်ခင်းအနမ်း
“နာရီကြည့်မလို့”
“ကြည့်မနေနဲ့။ ၇နာရီခွဲကို နှိုးစက်ပေးထားတယ်။ ပြန်အိပ်လိုက်ဦး”
မော့ဟန်က သူမ၏လည်ပင်းကို ခေါင်းဖြင့် တိုးဝှေ့ရင်း ပြောသည်။
“မနေ့ညက ညီမလေး ဘယ်အချိန်အိပ်ပျော်သွားတာလဲ?”
“ငါ့ရင်ဘတ်ကိုမှီပြီး ချက်ချင်းအိပ်ပျော်သွားတာ”
“ဘာဖြစ်လို့ ကိုကြီးအခန်းထဲမှာ သိပ်တာလဲ?”
မော့ဟန်သည် မျက်လုံးမဖွင့်သေးဘဲ
“အတူအိပ်ချင်လို့”
နှိုးစက်က မြည်လာသည့်အခါ ရှုချင်းရီက မော့ဟန်ကို ခပ်ဖွဖွတွန်းလိုက်ကာ
“ထချိန်ရောက်ပြီ”
မော့ဟန်က မျက်မှောင်ကျုံကာ နှိုးစက်ကို ပိတ်လိုက်ပြီး ရှုချင်းရီ၏လည်ပင်းကို မျက်နှာပြန်အပ်လိုက်သည်။ ရှုချင်းရီက မော့ဟန်၏ခေါင်းကို လက်ညိုးဖြင့် ခပ်ဖွဖွထိုးလိုက်ကာ
“မနက်တိုင်းနိုးလာရင် ကိုကြီးက ဒီလိုပဲလား?”
“မဟုတ်ပါဘူး။ ဒီတိုင်း. . .ရုတ်တရပ်ကြီး ငါ့ဘေးမှာ မင်းအိပ်နေတာက သက်သောင့်သက်သာ ရှိလွန်းလို့”
“ကိုကြီးဘေးမှာ ညီမလေးရှိတာက ဘာဖြစ်လို့လဲ? အိပ်ရတာက အမြဲတမ်း သက်သောင့်သက်တာ ရှိတယ်မဟုတ်လား?”
ရှုချင်းရီက မော့ဟန်၏ ခေါင်းကြီးကို ဖယ်လိုက်ရင်း
“အခုထတော့။ ကိုကြီး အလုပ်သွားရမှာ။ ညီမလေးလည်း ကျောင်းသွားရဦးမယ်”
မော့ဟန်က သူ့ကိုတွန်းနေသည့် ရှုချင်းရီ၏ လက်များကိုဖယ်ကာ ဖျစ်ညှစ်ကာ ဖက်လိုက်ပြီး
“မနက်ခင်းအနမ်းလေး ပေးပါဦး”
“ခနလေး. . .သွားတောင် မတိုက်ရသေးဘူး”
သို့သော်လည်း မော့ဟန်က သူမကို သူ့အောက်သို့ ဆွဲလှည့်လိုက်ကာ နမ်းတော့သည်။ မော့ဟန်၏အကြိုက်ဆုံးအရာမှာ ရှုချင်းရီ၏ ဝါဂွမ်းလို နှုတ်ခမ်းများ ဖြစ်သည်။ သူမသည် မျက်လုံးတွေ ပိတ်ကျသည့်အထိ ရယ်နေသည့်အချိန်မျိုးဆိုလျှင် မော့ဟန်မှာ သူမနှုတ်ခမ်းများကို ကိုက်ချင်လာတက်သည်။ သူမ၏လက်များက သူ့လက်ကို ယှက်တွယ်လာသည်ကို မော့ဟန်က ခံစားမိသည်။ သူမကို နက်ရှိုင်းစွာ အချိန်အကြာကြီးနမ်းနေပြီးနောက် သူမ၏မျက်နှာလေး ရဲတက်လာမှသာ မော့ဟန်က ရပ်လိုက်သည်။
မော့ဟန်သည် ရှုချင်းရီ၏ စိုစွတ်ကာ ရွှန်းလဲ့နေသည့် ဆွဲဆောင်မှုအပြည့်နှင့် မျက်ဝန်းတစ်စုံကို ကြည့်မိသည့်အခါ သူမ၏နားရွက်ကို နမ်းသည်။ ထို့နောက် လည်ပင်းကို နမ်းရင်းဖြင့် အမှတ်ပေးလိုက်သည်။ ရှုချင်းရီက နာကျင်သွားသော်လည်း မော့ဟန်၏အနမ်းများကြောင့် အားပြတ်ကာ မအော်နိုင်တော့ပေ။
မော့ဟန်သည် သူမ၏နှုတ်ခမ်းကို ပြန်နမ်းပြန်သည်။ ဤသို့ဖြင့် မနက်ခင်းအနမ်းကြောင့် တစ်စုံတစ်ခုဖြစ်လာခဲ့သည်။ ထို့ကြောင့် မော့ဟန်သည် သူမအား မနမ်းတော့ဘဲ သူမအပေါ်ကနေ သူမအား မိုးကြည့်နေရင်းမှ
“ဆက်မနမ်းနိုင်တော့ဘူး။ တကယ်လို့ ထပ်နမ်းလိုက်ရင် တစ်ခုခုဖြစ်လိမ့်မယ်”
ထိုအခါမှ သူမကိုဖိထားသည့် မော့ဟန်၏ခြေထောက်ကြားမှအရာကို သတိထားမိသွားသည်။ သူမ၏မျက်နှာသည် ရဲသထက်ရဲလာကာ ဘာစကားမှ မပြောနိုင်တော့ပေ။ မော့ဟန်က အိပ်ရာပေါ်မှ အရင်ထသွားကာ
“ငါအရင် ရေချိုးခန်းဝင်လိုက်မယ်။ မင်းလည်း ထသင့်ပြီ”
ရှုချင်းရီက စောင်ကိုခေါင်းမြီးခြုံလိုက်ကာ သူမ၏မျက်နှာကို ဖွက်ထားလိုက်သည်။ သူမအရှက်ပြေသွားမှသာ အိပ်ရာပေါ်က ထလာသည်။
ထိုနေ့တွင် ရှုချင်းရီသည် ကားမှတ်တိုင် မှားဆင်းမိသည်။ သူမဆင်းလိုက်ကာမှ သူမမရောက်ဖူးသည့် နေရာမှန်း သိလိုက်ရသည်။ ထို့ကြောင့် တစ်ဖက်လမ်းသို့ကူးကာ ကျောင်းသို့သွားရန် ကားပြန်စောင့်နေသည်။
ထိုအချိန်မှာပဲ လူတစ်ယောက်က သူမ၏လက်ကို ဆွဲသွားသည်။ ရှုချင်းရီက ကြည့်လိုက်သည့်အခါ သက်လတ်ပိုင်း ခပ်ပိန်ပိန်လူကြီးတစ်ယောက် ဖြစ်သည်။ ထိုလူက သူမကိုကြည့်ကာ စိုးရိမ်နေပုံရသည်။
“ဒီမှာဘာလာလုပ်နေတာလဲ?”
ထိုလူက အသံတိုးတိုးဖြင့် မေးသည်။
ရှုချင်းရီက ဒီလူကို သူမမသိကြောင်း ပြောပြချင်သော်လည်း ထိုလူကြီးက ပတ်ဝန်းကျင်ကို ကြည့်ကာ တစ်စုံတစ်ရာက သူတို့ကိုတွေ့သွားမည်ကို ကြောက်သည့်အလား သူမအား ကားမှတ်တိုင်အနောက်သို့ ခေါ်သွားသည်။
ရှုချင်းရီက ထိုလူကြီးအား မတားပေ။ ဒီလူကြီးသည် မနေ့ညက သူမကိုလာတွေ့သည့်သူနှင့် ဆက်စပ်သည့်သူ ဖြစ်ပုံရသောကြောင့်ပင်။ အခုအချိန်က လင်းနေသလို ပတ်ဝန်းကျင်တွင်လည်း လူအများကြီးရှိသဖြင့် သူမမကြောက်ပါ။ သူကလည်း သူမကို တစ်ခုခုလုပ်မည့်ပုံလည်း မရှိပေ။
ထိုလူက သူမကို လူကြဲသည့်နေရာကို ခေါ်သွားပြီးမှ သူမ၏အရှေ့တွင်ရပ်ကာ မေးသည်။
“တတိယသခင်လေးက မနေ့ညက မင်းကိုလာရှာသွားတယ်မလား?”
တတိယသခင်လေးဆိုသည်မှာ မနေ့ညက သူမနှင့် စကားပြောလိုက်သည့်သူ ဖြစ်မည်ဟု ရှုချင်းရီက ထင်လိုက်သည်။
“တကယ်တော့ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ မင်းသူ့ကို မတွေ့ချင်တာကို ငါသိပါတယ်။ ဒါပင်မယ့် သူကမင်းကို ဂရုစိုက်လို့ ဒီလိုအရေးကြီးတဲ့အခြေအနေမှာတောင် လာရှာတာပဲ”
ထိုလူကြီးက မနေ့ညကလူ၏ လုပ်ရပ်ကို ရှင်းပြနေသည်။
“အခုတလော ဆရာကြီးတုန်းနဲ့ သူဌေးတို့က တစ်ခုခုဖြစ်နေတယ်။ သူဌေးမရှိရင် လင်းကောရဲ့အောက်က အရူးကောင်တွေက မင်းကိုဒုက္ခလာပေးလိမ့်မယ်။ ညဘက်ဆိုရင် အိမ်ကိုစောစောပြန်။ မင်းနေတဲ့နေရာကို ၉နာရီမထိုးခင် အရောက်ပြန်။ သတိအပြည့်နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ် ဟုတ်ပြီလား? နောက်ဆုံး ဘယ်လိုမှ မတက်နိုင်တော့ရင် ရဲစခန်းကိုသွား”
ထိုလူကြီးက ရှုချင်းရီငြိမ်နေသည်ကို သတိထားမိသည့်အခါ လေသံက အရင်လိုမဟုတ်တော့ဘဲ ပျော့ပြောင်းသွားကာ
“ဘာဖြစ်လို့လဲ?”
ရှုချင်းရီသည် ဒီလူက သူမကိုအရင်က သိခဲ့သူဖြစ်ကြောင်းကို သိလိုက်သည်။ ထို့ကြောင့် သူမအမှန်ကိုသာ ပြောလိုက်တော့သည်။
“ကျွန်မ. . .ရှင့်ကို မမှတ်မိဘူး”
ထိုလူက အံ့သြသွားပုံရကာ သေချာတွေးကာ
“အတိတ်မေ့သွားတာလား. . .ဆန်းတော့ မဆန်းပါဘူး”
ထိုလူက ထပ်ပြောသည်။
“လူတိုင်းကို မေ့သွားပြီလား? တတိယသခင်လေးကိုရော?”
ရှုချင်းရီက ခေါင်းငြိမ့်ပြလိုက်သည်။
ထိုလူက အတိတ်အကြောင်းကို တွေးနေပုံရပြီး သူမမမှတ်မိသည့်အခါ ဝမ်းနည်းသွားပုံရသည်။ ထို့နောက် သူ့ဟာသူရေရွတ်သည်။
“ပြန်တွေးမိရင်. . .တကယ်တော့. . .ငါတို့တွေက မင်းအပေါ် အကြွေးရှိပါတယ်လေ. . .ရှောင်ယဲ့ကိုရော. . .တောင်းပန်သင့်တဲ့သူတွေပါ. . .”
“တကယ်တော့လည်း မင်းအခုလို ဘာမှမမှတ်မိတာ ငါစိတ်သက်သာရာ ရပါတယ်။ ဒါက ပြီးပြည့်စုံတဲ့ အဆုံးသတ်ထက်ကို ပိုပါတယ်။ ဒါပင်မယ့်လည်း ရင်ပိုလေးသွားတယ်။ ငါတို့တွေ တသက်လုံးမေ့မရနိုင်တာတွေ ရှိနေတာကိုး”
ရှုချင်းရီက ထိုလူကြီးခေါင်းငုံကျသွားသည်ကို ကြည့်ရင်း ဘာကြောင့်မှန်းမသိ ဝမ်းနည်းလာကာ သူမ၏မျက်လုံးထောင့်တို့က စိုစွတ်လာသည်။
“နောက်လတွေဆိုရင် ရှောင်ယဲ့ရဲ့ နှစ်ပတ်လည်ကိုတောင် ရောက်တော့မယ်။ ငါတို့ကတော့ သွားနိုင်မယ် မထင်တော့ဘူး။ မင်းရှောင်ယဲ့ဆီကို သွားရင် ငါတို့ကတောင်းပန်တယ်လို့ ပြောပေးပါ”
ထိုလူကြီးက စကားစကိုဖြတ်ကာ ရှုချင်းရီကို ပြုံးကြည့်ရင်း
“ဒါဆိုရင်. . .ငါသွားတော့မယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်”
မနေ့ကဟိုလူထွက်သွားသည်ကို ကြည့်နေမိသည့်အတိုင်း ရှုချင်းရီသည် ဒီလူကြီး၏ကျောပြင်ကို ကြည့်နေမိသည်။ သူမသည် ထိုလူကြီးမှာ သူမနှင့်ဝေးရာ အမှောင်ထဲသို့ သွားသည်ကို ငေးကြည့်နေမိသည်။ သို့သော် သူမသည် လိုက်တော့ဆွဲမထားပေ။
သူမသည် ရှောင်ယဲ့၏အုတ်ဂူသို့ သွားကြည့်ရန် လိုအပ်သည်ဟု ခံစားရသည်။ သူမမှတ်ညဏ်ပြန်ရတာမရတာ အရေးမကြီးတော့ဘဲ သူမသွားကိုသွားရမည်ဟု တွေးနေမိသည်။ ဒါကလည်း အရင်တုန်းက သူမ၏ဆန္ဒဖြစ်နိုင်သည်။
ထို့ကြောင့် သူမသည် ကျောင်းသို့သွားမတက်တော့ဘဲ ထိုမြို့သို့သွားလိုက်သည်။ သူမသည် ထိုမြို့သို့ လက်မှတ်ဖြတ်ပြီးသည့်အခါ မော့ဟန်အား သူမဖုန်းဆက်လိုက်ကာ သူမဒီနေ့အိမ်ပြန်နောက်ကျမည် ဖြစ်သောကြောင့် သူမကို လာမကြိုရန် ပြောလိုက်သည်။ မော့ဟန်က သူမအား အကျိုးအကြောင်းမေးမနေဘဲ အိမ်အပြန်ကို ဂရုစိုက်ဟုသာ ပြောသည်။
ဤသို့ဖြင့် သူမသည် ထိုမြို့ကို နေ့လည်၁နာရီခွဲကျော်သို့ ရောက်သွားသည်။ သူမသည် ရှောင်ယဲ့၏အုတ်ဂူရှိရာ ကျန်းရှီသုဿာန်သို့ သွားချင်သဖြင့် ရောက်သည့်အခါ တက်စီဌားလိုက်သည်။ ဒီမြို့ကို သူမအရမ်းရင်းနှီးနေသည့် ခံစားချက်ကို ရနေသဖြင့် သူမ၏ရင်သည် တဒုန်းဒုန်းခုန်နေသည်။ သူမဒီကိုရောက်ဖူးသည်မှာ သေချာကြောင်းကို ရှုချင်းရီက သိလိုက်သည်။
“ကျန်းရှီသုဿာန်”ဟုသည် ဆိုင်းပုဒ်သည် ရိုးရှင်းလွန်းသည်။ ဒီနေရာသည် ရှေးကတည်းက တည်ရှိခဲ့ပုံရသောကြောင့် ဆိုင်းပုဒ်၏စာလုံးများတောင် အရောင်လွင့်နေသည်။ ထိုသုဿာန်၏အရှေ့တွင် ဆိုင်သေးသေးလေးတွေ ရှိနေသည်။ နေ့လည်ပိုင်းဖြစ်သောကြောင့် လမ်းတစ်လျှောက်လုံးတွင် လူရှင်းနေသည်။
ထိုလမ်းပေါ်တွင် လျှောက်နေရင်းမှ သူမသည် ထိုသုဿန်နှင့် သိပ်မဝေးသည့်နေရာမှ ဘားတစ်ခုကို မြင်လိုက်သည်။ သူမ၏ခြေလှမ်းများကို မထိန်းနိုင်တော့ဘဲ ထိုဘားဆီသို့ သူမလျှောက်သွားမိသည်။
“တောင်းပန်ပါတယ် ဧည့်သည်။ ဒီဆိုင်က မကြာခင်ပိတ်တော့မှာ။ အခုဆိုင်ရှင်းနေပြီမလို့ တခြားဆိုင်ကိုပဲ သွားလိုက်ပါလား”
ထိုလူက ပစ္စည်းတွေကို ဆိုင်ထဲသို့ထည့်ရင်း ပြောလာသည်။