၁၀၈။ လက်ဆောင်
သူက အနေရခက်သွားသောကြောင့် အကြည့်ကိုအရင်လွှဲလိုက်ကာ ဘာပြောရမှန်းမသိပေ။ ရှုချင်းရီကတော့ အိပ်ချင်နေသေးသောကြောင့် မျက်လုံးပြန်မှိတ်သွားပြီးမှ ပြန်ဖွင့်လာကာ ပြောသည်။
“ဗိုက်ဆာတယ် ကိုကြီး”
မော့ဟန်က ရှုချင်းရီ၏ မျက်လုံးပွင့်လာသည်နှင့် စားဖို့ပဲတွေးနေခြင်းကို စိတ်တိုသွားသည်။ ရှုချင်းရီကိုင်ထားသည့် သူ့လက်ကိုလှုပ်လိုက်ကာ
“လွှတ်လိုက်။ မနက်စာသွားပြင်မလို့”
ရှုချင်းရီက ခေါင်းငြိမ့်ကာ လက်ကိုလွှတ်ပေးသည်။ ထို့နောက်တွင်တော့ တဖက်သို့လှည့်သွားကာ ပြန်အိပ်ဖို့လုပ်တော့သည်။
“၇နာရီခွဲနေပြီ။ ထတော့”
မော့ဟန်က အိပ်ရာဘေးတွင် ထိုင်နေရင်းမှ ရှုချင်းရီတစ်ညလုံးကိုင်ထားသဖြင့် ထုံကျင်နေသည့် လက်ကို ခါရင်းပြောသည်။
သူမဆီကတော့ ဘာအသံမှ ပြန်ထွက်မလာချေ။
“ကျောင်းသွားဦးမှာလား? ကျောင်းမှာ စာလုပ်စရာရှိလား?”
မော့ဟန်က အိပ်ရာမှထကာ သူ့အဝတ်အစားများကို ဖြန့်ရင်းဖြင့် သူ့အားကျောပေးကာ ဆက်လှဲနေသည့် ရှုချင်းရီကို မေးလိုက်သည်။
ထိုသို့မေးကာမှ သူမကဖြည်းဖြည်းချင်း ထထိုင်လေသည်။ သူမ၏မျက်လုံးကို မှိတ်ထားဆဲဖြစ်ကာ ဆံပင်နှင့် အဝတ်အစားများက ရှုပ်ပွနေသည်။ ထို့နောက်တွင်က ကုတင်ပေါ်က ထလာလေသည်။
မော့ဟန်က ရေချိုးခန်းထဲမှ ထွက်လာပြီး သူ့အခန်းသို့သွားစဉ် ရှုချင်းရီ အခန်းထဲသို့ တစ်ချက်ကြည့်လိုက်သည်။ သူမက အိပ်ချင်မူးတူးဖြင့် ကုတင်ဘေးတွင် ရပ်နေသည်မှာ နောက်ပြန်လဲကျတော့မလို ဖြစ်နေသောကြောင့် မော့ဟန်က လဲမကျခင် အမြန်သွားကူလိုက်ရသည်။
ရှုချင်းရီက သူမ၏မျက်လုံးများကို မနည်းအားယူဖွင့်ကာ မော့ဟန်အား သနားစဖွယ်
“အိပ်ရာက မထနိုင်ဘူး။ အရမ်း. . .အိပ်ချင်တယ်”
မော့ဟန်က သူမဘေးကနေ ကူထိန်းပေးနေရင်းက
“ဒီနေ့က ပိတ်ရက်ဆိုတော့ ဘတ်စ်ကားစီးရင် လူကြပ်လိမ့်မယ်။ မစီးချင်ရင် ငါကားနဲ့လိုက်ခဲ့။ ဒါပင်မယ့် အမြန်လုပ် ၈နာရီနောက်အကျဆုံးသွားမယ်”
“ဟုတ်ကဲ့”
ရှုချင်းရီ၏ အသံလေးက ဖျော့နေသည်။
မနေ့ညက သူတို့က စိတ်အနှောင့်အယှက်ဖြစ်စွာ ညစာအတူစားခဲ့ကြသော်လည်း ဒီမနက်နိုးလာသည့်အခါတွင်တော့ ရှုချင်းရီမှာ သူတို့အချင်းချင်းဆက်ဆံပုံမှာ ပို၍မောင်နှမဆန်လာပြီဟု ခံစားရသည်။ ဒီလိုခံစားချက်က သူမအား ပိုနေလို့ကောင်းစေသည်။ မော့ဟန်က အလုပ်ခွင်တွင် အေးဆက်ကာ စကားနည်းသည့်သူဖြစ်သော်လည်း သူမကိုတော့ ဂရုစိုက်ရှာပါသေးသည်ဟု ရှုချင်းရီက ခံစားမိသည်။
မော့ဟန်က သူမ၏အားအနည်းဆုံး အချိန်တိုင်းမှာ သူမ၏ဘေးနားရှိနေပေးခဲ့သည်။
ဒီလူက သူမအား နှစ်သိမ့်စကားတွေ အများကြီး မပြောတက်သော်လည်း သူပြောတက်သည်ကတော့
‘အဆင်ပြေသွားမှာပါ။ ရပါတယ်။ အများကြီးမတွေးနဲ့’
ဒီလူက သူမအားဖက်ကာ သူမခေါင်းတို့ ကျောတို့ကို ပုတ်ပေးပွတ်ပေးဖို့လောက်ပဲ သိသည်။ ဒါပင်မယ့်လည်း ဒီလိုစကားနှင့် အပြုအမူတို့ကြောင့် သူမစိတ်သက်သာရာရစမြဲပင်။
ရှုချင်းရီက ဆေးရုံတွင် မော့ဟန်က သူ့နောက်ကိုလိုက်ခဲ့ရန် ပြောသည့် အချိန်ကို မှတ်မိပါသေးသည်။ ထိုအချိန်တုန်းက သူမတွေးမိခဲ့သည်မှာ ဒီလူကြီးအနောက်ကသာ ဒီလိုမျိုး အမြဲလျှောက်လိုက်နေရရင် ကောင်းမည်ဟူ၍ပင်။ သူ့နောက်ကို လိုက်မသွားမိရင် သူမဟာ ပျောက်ဆုံးသွားမည့်လူတစ်ယောက်လို ခံစားခဲ့ရသည်။
ထို့ကြောင့် မော့ဟန်အား ကောင်းကောင်းဆက်ဆံပေးရမည်ဟု သူမဆုံးဖြတ်ခဲ့သည်။ ထိုအရာက ထူးဆန်းနေနိုင်ပင်မယ့်လည်း သူမတကယ်တွေးမိခဲ့ခြင်း ဖြစ်သည်။ အခု သူမသည် စုံထောက်အေဂျင်စီတွင် အလုပ်လုပ်နေပြီ ဖြစ်သောကြောင့် သူမကိုယ်ပိုင်ဝင်ငွေ ရှိနေပြီ။ ထို့ကြောင့် မော့ဟန်အား တစ်ခုခုဝယ်ပေးချင်သည်။ ဒါပင်မယ့်လည်း သူဘာကြိုက်တက်မှန်း သူမမသိပါ။ ဒါကပြဿနာကြီးပင်။
သူမသည် ဒီရက်ပိုင်းတွင် သူ့အနားကလူများအား မေးမြန်းပြီး သူကြိုက်တက်သည်များကို သူမဟာသူမချင့်ချိန်ကာ တွေးကြည့်ကာ သူ့ညီမှာ အသုံးမဝင်သည့်သူ မဟုတ်ကြောင်း သူ့အားပြသချင်သည်။
ဤသို့ဖြင့် ရှုချင်းရီသည် ဒီရက်ပိုင်း သူ့ရုံးတွင် အိမ်စာလုပ်မည်ဟူသည့် အကြောင်းပြချက်ဖြင့် လာနေတက်သည်။ တကယ်တော့ သူမက မော့ဟန်၏အကြိုက်ကို စုံစမ်းနေခြင်းပင်။
လူတိုင်း၏ တူညီသည့် အဖြေမှာ အလုပ်ဟူ၍ပင်။
ရှုချင်းရီက နှုတ်ခမ်းလေးဆူကာဖြင့် ဒါကပြဿနာကြီးဟု တွေးနေမိသည်။
သူမ၏နည်းလမ်းကို ပြောင်းရန် ရှုချင်းရီက ဆုံးဖြတ်လိုက်ရသည်။ မော့ဟန်က ကြိုက်မည် မဟုတ်သည့်အတွက် မော့ဟန်အား သူမလက်ဆောင်ဝယ်မပေးတော့ပါ။
ရှုချင်းရီက အကြံတစ်ခုရသွားသည်။ ထိုအရာမှာ သူမမော့ဟန်အား အခုချက်ချင်းပေး၍ရသည်။ သူကြိုက်မကြိုက် သူမမသိသော်လည်း ဒီလိုအရာမျိုးက မော့ဟန်အတွက် အသုံးဝင်မှာကတော့ အမှန်ပင်။