May Honey Logo May Honey
Previous Next

၁၀၇။ အတူတူအိပ်ကြပြီ

“ဒီနေ့တညပါပဲ။ ကြောက်လို့ပါ”
ရှုချင်းရီက ပြောသည်။

“အိပ်မက်ဆိုးပဲ။ ဘာကြောက်စရာရှိလို့လဲ?”
မော့ဟန်က ပြုံးကာပြောနေသော်လည်း သူ့ခါးက သူမလက်များကိုတော့ ဖယ်မပစ်ပါ။

“ညီမလေးက အိပ်ရင် တကယ်ငြိမ်တာပါ။ အနှောင့်အယှက် မဖြစ်စေရပါဘူး”

“ဒါဆိုရင်ရော။ မင်းအိပ်ပျော်တဲ့အထိ ငါဒီမှာစောင့်ပေးမယ်။ ပြီးမှ ငါသွားမယ်လေ”
မော့ဟန်ကပြောသည်။

သူ့ရင်ခွင်ထဲက ရှုချင်းရီက ခေါင်းခါသည်။
“မရဘူး။ ကိုကြီး ထွက်မသွားနဲ့”

မော့ဟန်က သက်ပြင်းချလိုက်သည်။ မော့ဟန်က သူမလက်များကို ဖယ်ပစ်လိုက်ချင်နေသော်လည်း ဒီကောင်မလေးမှာ သူထွက်သွားရင် သေတော့မည့်အတိုင်း အတင်းဖက်ထားသည်။ ထို့ကြောင့် သူအလျော့ပေးလိုက်သည်။

“အင်း အပြင်ကမီးတွေ သွားပိတ်လိုက်မယ်”
မော့ဟန်က စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောသည်။

ရှုချင်းရီက သူ့အားလွှတ်ပေးလိုက်သော်လည်း သံသယအပြည့်ဖြင့် ကြည့်လာကာ
“ညီမလေးနဲ့ အတူတူအိပ်ပေးရမှာနော်”

မော့ဟန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမီးသွားပိတ်စဉ် ကိုယ့်ညီမလေး စိတ်လုံခြုံမှု ရှိစေဖို့အတွက် အကိုကြီးတစ်ယောက်က ဒီလိုမျိုးလုပ်ပေးမှာပါဟု သူဖြေတွေးလိုက်သည်။

ထို့နောက် မီးပိတ်ပြီးနောက် ရှုချင်းရီ၏ဘေးသို့ ရောက်လာသော်လည်း သူ့စိတ်ထဲတွင် တစ်မျိုးကြီးဖြစ်နေသေးသည်။ ရှုချင်းရီကတော့ နည်းနည်းမှ သက်တောင့်သက်တာ မဖြစ်ပုံမပေါ်ပါ။ သူပြန်မလာခင်ကတည်းက ဘေးသို့ကပ်ကာ မော့ဟန်အိပ်ဖို့နေရာဖယ်ထားပြီးသား ဖြစ်သည်။

ရှုချင်းရီကတော့ သူ့ဆီမှာ အကြည့်မခွာခြင်းကို ခံစားနေမိသည်။ သူကဘေးတွင် စောင်ကိုလှန်ကာ ဝင်မအိပ်ခင် အကြာကြီးတွေဝေစွာဖြင့် ရပ်နေခဲ့သေးသည်။ သူမတောင်းဆိုသမျှကို သူဘယ်တုန်းကမှ ငြင်းဆန်နိုင်စွမ်းမရှိပါ။

မော့ဟန်က သူဝင်အိပ်လိုက်သည့်အခါ ရှုချင်းရီက သူ့ကိုချက်ချင်းလာဖက်ထားမည်ဟု ထင်ထားသော်လည်း ထိုကောင်မလေးမှာ သူ့ဘေးတွင် သူနှင့်ခပ်ခွာခွာကနေ သူ့ဘက်သို့ မျက်နှာလေးလှည့်ထားကာ ငြိမ်ငြိမ်လေးဆက်လှဲနေသည်။

အချိန်အတော်ကြီးကြာကာမှ ရှုချင်းရီ၏ တောင်းဆိုသံလေးလေး ချိုချိုလေးက ထွက်လာသည်။
“ကိုကြီးလက်ကိုကိုင်ထားလို့ရမလား?”

သူကအိပ်မောကျနေသည့်လူတစ်ယောက်လို မလှုပ်မယှက်ဖြင့် အသံလည်းမပြုတော့ပါ။

ရှုချင်းရီက သူ့လက်ဆီသို့ လှမ်းလာကာ သေချာကိုင်လိုက်သည့်နောက်တွင် ငြိမ်ကျသွားသည်။

အမှောင်ထဲမှာ ဒီလိုအထိအတွေ့မျိုးက အရမ်းခံစားရလွယ်လွန်းသည်။ သူမ၏ သေးသွယ်ကာ နူးညံ့သည့်လက်လေးက သူ့လက်ကိုကိုင်လိုက်သည့်အခါ သူအသက်ရှုဖို့တောင် မေ့သွားလေသည်။ သူဟာ ရှုချင်းရီ၏ အနွေးဓာတ်ကို ခံစားမိနေကာ သူမ၏အသက်ရှုသံတိုးတိုးလေးကိုတောင် ကြားနေရသည်။ သူမ၏လက်မှာ ခုနတုန်းက အိပ်မက်ဆိုးကြောင့် ချွေးအနည်းငယ်စိုနေသေးသလို သူမလက်မှ သူမ၏နှလုံးခုန်သံမှန်မှန်ကို သူခံစားမိနေသည်။ မော့ဟန်က ဒီလိုလက်ကိုင်ထားရုံဖြင့် စိတ်လှုပ်ရှားနေရသည့်နေမျိုး သူ့ထံကိုရောက်လာလိမ့်မည်ဟု တစ်ခါမှတောင် မထင်ခဲ့ဘူးပါ။

ရှုချင်းရီကတော့ သူ့လက်ကိုကိုင်ထားရရုံဖြင့် စိတ်အေးသွားသည်။ ဒီလူကိုထိထားရုံဖြင့် အမှောင်ထဲတွင် သူမ၏ဘေးမှာ တစ်စုံတစ်ယောက်ရှိပေးနေကြောင်းကို သူမသိနိုင်သည်။ သူမ၏တည်ရှိမှုကို အသိအမှတ်ပြုပေးသည့် တစ်ဦးတည်းသောသူလည်း ဖြစ်နေသေးသည်လေ။

မော့ဟန်၏ နွေးထွေးကာ ကြီးမားသည့်လက်များကို သူမကိုင်ထားရခြင်းကြောင့် ရှုချင်းရီမှာ အိပ်မက်ဆိုးများ ထပ်မမက်တော့ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။

နောက်နေ့မနက်တွင် မော့ဟန်နိုးလာသည့်အခါ ရှုချင်းရီမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သည်။ သူမက သူ့လက်ကို မလွှတ်သေးဘဲ ဆက်ဆုပ်ကိုင်ထားဆဲလည်း ဖြစ်သည်။ သူမက မနေ့ညကပုံစံအတိုင်း မော့ဟန်ဘက်ကို မျက်နှာလှည့်၍ ခပ်ခွာခွာမှ အိပ်နေခြင်း ဖြစ်သည်။ နေအလင်းရောင်က အခန်းထဲသို့ကျလာသည့်အခါ သူမ၏လည်ပင်းသွယ်သွယ်လေးမှာ နေရောင်အောက်တွင် လှပလို့သာနေသည်။

မော့ဟန်က သူ့လက်ကိုရုန်းလိုက်သည့်အခါ ရှုချင်းရီကိုပါ မတော်တဆနှိုးမိသလို ဖြစ်သွားသည်။ သူမက ကြောင်လေးတစ်ကောင်နိုးလာသမျိုး အကြောဆန့်ကာ သူမ၏ခေါင်းကို လက်လေးဖြင့် ပွတ်နေရင်းက အသံသေးသေးလေးဖြင့် ညည်းလာသည်။ ထို့နောက်တွင်မှ သူမ၏မျက်လုံးကို ဖွင့်လာသည်။ ဤသို့ဖြင့် သူတို့အကြည့်ချင်း ဆုံသွားသည်။

Previous Chapter 107 of 199 Next