၁၉၅။ ကိုက်ရာ
မော့ဟန်က ဒေါသထွက်သွားသည်။ တတိယသခင်လေးက သူမ၏အတိတ်တွင် ပတ်သတ်ခဲ့ခြင်းနှင့် သူတို့အကြောင်းများကို လိုက်စုံစမ်းခြင်းကို မကြိုက်ပေ။
“ကျုပ်တို့ကြားကကိစ္စတွေကို ခင်ဗျားစိတ်ပူနေစရာမလိုဘူး။ အခုသူက ကျုပ်နဲ့ရှိနေတာ။ သူ့ကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ကျုပ်လုပ်သင့်တာကိုလုပ်နေတာ။ ခင်ဗျားအပူမပါဘူး”
“ငါမှာ ပြောပိုင်ခွင့်ဘယ်ရှိမလဲ။ ထောင်ထဲကိုလည်း ရောက်နေသေးတယ်”
တတိယသခင်လေးက မော့ဟန်အား သူ့လက်ထိပ်ကို ပြလိုက်သည်။
“မင်းပြောတာ ဟုတ်တယ်။ နောက်ဘာပဲဖြစ်ဖြစ် မင်းတို့ကိစ္စပဲ”
တတိယသခင်လေးက အသံတိုးလျစွာဖြင့်
“ငါ့ကိုသူ၆နှစ် ချစ်ခဲ့ပင်မယ့် ၆နှစ်လုံး ဒုက္ခခံခဲ့ရတာ။ မင်းအနားမှာတော့ သူနေ့တိုင်း ပြုံးပျော်နေတာပဲ”
တတိယသခင်လေးက သူ့ဟာသူရေရွတ်သည်။
“သူငါ့ကို အကြာကြီးချစ်ခဲ့တဲ့အကြောင်း ပြောတော့ ငါသူနဲ့အတူရှိချင်တယ်။ ဒါပေမယ့် သူလိုချင်တဲ့ဘဝမျိုးကို ငါမပေးနိုင်လို့ လက်လွှတ်လိုက်တာ”
“အဲ့ဒါကြောင့် သူထွက်သွားမယ် ပြောတုန်းက ငါမတားခဲ့တာပဲ။ သူကငါ့လိုမဟုတ်ဘူး။ ငါကတော့ ကယ်လို့မရတော့ပင်မယ့် သူ့အတွက်က မျှော်လင့်ချက် ရှိပါသေးတယ်။ သူက ပိုကောင်းတဲ့ဘဝလေးနဲ့ ထိုက်တန်ပါတယ်”
တတိယသခင်လေးက မော့ဟန်ကိုကြည့်ကာ
“မင်းသူ့ကို နောက်နောင် ကောင်းကောင်းစောင့်ရှောက်ပေးပါ”
မော့ဟန်က ဘာမှပြန်မပြောဘဲ တတိယသခင်လေးကိုသာ စိုက်ကြည့်နေခဲ့သည်။
မော့ဟန်က ရဲဝခန်းက ပြန်ထွက်လာသည့်အခါ ည၇နာရီရှိသွားပြီ။ ရှုချင်းရီကို လာကြိုမယ်ပြောထားခဲ့သဖြင့် သူဖုန်းဆက်ရန် ဖုန်းထုတ်လိုက်သည့်အခါ သူမဆီမှ missed calls ၃ခုလောက် ဝင်ထားခဲ့သည်။
မော့ဟန်က ချက်ချင်းပြန်ခေါ်လိုက်ကာ
“ဘယ်မှာလဲ”
“အိမ်ပြန်ရောက်နေပြီ”
“တောင်းပန်ပါတယ်. . .ကိစ္စပေါ်လာလို့။ နောက်ကျသွားတယ်။ ဖုန်းခေါ်တာကိုလည်း မကြားလိုက်ဘူး”
ရှုချင်းရီက စိတ်ထဲမထားပေ။
“ရပါတယ်။ အရင်ကလည်း ကိုယ့်ဟာကိုယ် ပြန်နေကြပဲကို။ မအားရင် လာမကြိုပါနဲ့။ ကိုကြီးအလုပ်ပိုရှုပ်မယ်”
“နောက်တစ်ခါ ဒီလိုမဖြစ်စေရပါဘူး”
ရှုချင်းရီကရယ်ကာ
“ကိုကြီးကို အပြစ်မတင်ပါဘူး။ အလုပ်ပြီးရင် မြန်မြန်ပြန်လာခဲ့လေနော်”
ရှုချင်းရီ၏ အသံလေးကို ကြားရသည့်အခါ မော့ဟန်က ဖုန်းကိုတင်းတင်းဆုပ်ထားမိသည်။ သူမကို သူဘယ်နည်းနှင့်မျှ အဆုံးရှုံးမခံချင်ပေ။
“အင်း တော်ကြာပြန်ခဲ့မယ်”
“အာ. . .ကိုကြီးပြန်လာရင် ဖက်ထုပ်စွပ်ပြုပ်ဝယ်ခဲ့ဦး။ ညီမလေး ဗိုက်ဆာနေပြီ”
ရှုချင်းရီက ထုံးစံအတိုင်း မှာသည်။
“အင်း ဘီစကွတ်တစ်ထုပ်လည်း ဝယ်ခဲ့မယ်”
“မဝယ်နဲ့။ အများကြီးကျန်သေးတယ်။ အဲ့ဒါတွေက ညီမလေးညပိုင်းစားတာများရင် ဝလာလိမ့်မယ်”
ရှုချင်းရီက နားပူနားဆာလုပ်သည်။
မော့ဟန်က ဖုန်းချပြီးသည့်အခါ တတိယသခင်လေး၏ ရုတ်တရပ်ပေါ်လာမှုကြောင့် သူနှင့်ရှုချင်းရီ၏ ဆက်ဆံရေး ပျက်စီးသွားမှာ စိတ်ပူနေသည်။ ထို့ကြောင့် ဒီအကြောင်းကို အစမဖော်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရှုချင်းရီမှာသည်ကိုဝယ်ပြီး ပြန်လာခဲ့သည်။
သူပြန်ရောက်သည့်အခါ ရှုချင်းရီက ဧည့်ခန်းထဲတွင်မရှိပေ။ သူမက စာကြည့်ခန်းထဲတွင် လက်တော့ပ်ဖြင့် စာရိုက်နေသည်။
“ပြန်လာပြီလား?”
မော့ဟန်၏အသံကိုကြားသည့်အခါ သူမသည်စာရိုက်မနားဘဲ မေးလာသည်။
မော့ဟန်က ဖက်ထုပ်စွပ်ပြုပ်
“စားချင်တာကို ဝယ်လာခဲ့တယ်။ ထွက်လာစားဦး”
ရှုချင်းရီက စာရိုက်နေရင်းက
“ခနလေး။ စာပြီးတော့မယ်။ ပြီးရင် ထွက်လာစားမယ်”
မော့ဟန်က မီးဖိုးခန်းသို့သွားကာ ဖက်ထုပ်စွပ်ပြုပ်များကို အိတ်ထဲကနေ ပန်ကန်းလုံးထဲသို့ ထည့်လိုက်ပြီး
“စာနောက်မှလုပ်တော့။ အေးကုန်တော့မယ်။ မြန်မြန်လာစား”
“အင်း. . . အင်း. . .လာပြီ။ ခနလေးပဲ”
ရှုချင်းရီက ပြောပြီးသိပ်မကြာခင်တွင် စာပြီးသွားသဖြင့် ပြုံးကာထွက်လာသည်။
“ပြီးပြီ! ကိုကြီးရေ အတူစားရအောင်”
ရှုချင်းရီက တူကိုမချစတမ်း စားလေသည်။ မော့ဟန်ကတော့ သူမကိုသာကြည့်နေသည်။ ရှုချင်းရီက စိတ်ထဲထင့်လာသဖြင့်
“ကိုကြီး . . .အလုပ်မှာ အဆင်မပြေလို့လား?”
“မဟုတ်ပါဘူး”
“ဒါဆိုရင်. . .ပြသနာတစ်ခုခု ရှိလို့လား?”
“မဟုတ်ပါဘူး”
“ဘာဖြစ်လို့ စိတ်ညစ်နေတဲ့ပုံ ပေါက်နေတာလဲ?”
မော့ဟန်က သူ့စိတ်ထဲဖွက်ထားသည်များကို ရှုချင်းရီက ရိပ်မိမှာမဟုတ်ဘူးဟု ထင်ခဲ့တာဖြစ်သည်။ သို့သော် ငူမသည် သူ့မျက်နှာရိပ်မျက်နှာကဲကို သိနေခဲ့သည်။ မော့ဟန်က ပြုံးရင်း
“ဘာမှမဟုတ်ပါဘူး။ အခုလိုက်နေတဲ့အမှုက နည်းနည်းခေါင်းရှုပ်ရလို့ပါ”
“ညီမလေး ကူညီပေးလို့ရတာ ရှိမလား?”
ရှုချင်းရီက မေးလာသည်။
မော့ဟန်က ရင်ထဲတွင် နွေးထွေးသွားကာ သူမ၏ခေါင်းလေးကို လှမ်းပုတ်ရင်း
“ရပါတယ်။ ငါ့ဟာငါရှင်းလိုက်ပါ့မယ်”
ရှုချင်းရီက သူ့အားစိုက်ကြည့်ကာ
“နောက်စိတ်ညစ်စရာရှိရင် တစ်ယောက်တည်း မြိုသိပ်မထားနဲ့။
ညီမလေး ဘာမှမကူညီနိုင်ရင်တောင်မှ အမှိုက်တောင်းလုပ်ပေးလို့ရတယ်။ ကိုကြီးပင်ပန်းစိတ်ညစ်သမျှကို ညီမလေးဆီမှာ ဖွင့်ပြောပြီးထုတ်ပစ်လိုက်”
မော့ဟန်က ရှုချင်းရီအား ထနမ်းလိုက်သည်။ ရှုချင်းရီက အစတွင် ကြောင်အသွားသော်လည်း နောက်တော့တုန့်ပြန်လာသည်။
ထို့နောက် မော့ဟန်က သူမအား ပြုံးကာငုံကြည့်နေသည်။ ရှုချင်းရီကလည်း ပြုံးပြုံးလေး မော့ကြည့်ရင်း
“ညီမလေးက မုန့်စားနေတာ။ အနံ့မကောင်းမှာ မစိုးရိမ်ဘူးလား?”
“ဟင့်အင်း။ ဒါကမိုက်တယ်”
ရှုချင်းရီက မုန့်ပန်းကန်အား မော့ဟန်ဆီသို့ ထိုးပေးလိုက်ကာ
“ကိုကြီးပဲ ဆက်စားတော့”
မော့ဟန်က သူမ၏လက်လေးကိုဆုပ်ကိုင်ကာ သူမကိုကြည့်ရင်း
“မင်းနှုတ်ခမ်းတွေလောက် ဘာကမှ အရသာမရှိဘူး”
ရှုချင်းရီက သူ့အားမျက်စောင်းထိုးကာ လက်ကိုပြန်ဆွဲယူလိုက်ပြီး
“အာ. . .ရွံ့စရာကြီး”
မော့ဟန်က သူမကိုစသည်။
“ပိုရွံ့ဖို့ကောင်းတာတွေ လုပ်ကြည့်ချင်လား?”
“မလုပ်ချင်ပါဘူး။ ညီမလေး ဗိုက်ဝသွားပြီမလို့ ကိုကြီးဆက်စားတော့”
ထို့နောက် သူမထပြီး ထွက်သွားသည့်အခါ မော့ဟန်က သူမ၏လက်ကို လှမ်းဆွဲလိုက်ကာ
“ဒီည ငါ့အခန်းထဲကို လာအိပ်”
ရှုချင်းရီက နားမလည်စွာဖြင့်
“ဘာဖြစ်လို့လဲ? ဒီရက်တွေ အိပ်ရပါတယ်။ အိပ်မပျော်တာလည်း မရှိတော့ဘူး။ ဘာဖြစ်လို့ ကိုကြီးအခန်းထဲကို လာအိပ်ရမှာလဲ?”
မော့ဟန်က ဘာမှပြန်မဖြေဘဲ သူမ၏လက်ဖဝါးကို မရည်ရွယ်ဘဲ ပွတ်လိုက်မိသည်။ ရှုချင်းရီက မျက်နှာလေးရဲသွားကာ
“သွားတော့မယ်. . .ကောင်းကောင်းအိပ်လေနော်”
မော့ဟန်က သူမ၏လက်ကို မလွှတ်ဘဲ
“တကယ်မလာဘူးလား?”
ရှုချင်းရီက သူမလက်ကိုဆွဲထုတ်ကာ
“လာမယ်။ ဆရာမကို မနက်ဖြန် စာထပ်စရာရှိလို့။ အခုစာသွားလုပ်လိုက်ဦးမယ်”
မော့ဟန်က ထလိုက်ပြီး သူမကို နောက်မှဖက်လိုက်ကာ သူမ၏နားကို ဖွဖွလေးကိုက်ကာ
“ဘယ်တော့လာမှာလဲ?”
ရှုချင်းရီက လည်ပင်းကို ပုမိသွားသည်။ မော့ဟန်က သူမ၏နားကိုကိုက်ခြင်းက ရင်ခုန်စေသည်။
“နောက်ပေါ့. . . အခုက ကျောင်းစာတွေနဲ့ ရှုပ်နေလို့။ အတန်းတွေကလည်း ရှိသေးတယ်”
မော့ဟန်က သူမ၏လည်ပင်းကို နမ်းလာသည်။ ကြောင်လက်သည်းဖြင့် ကုတ်နေသလို ခံစားရသောကြောင့် ရှုချင်းရီက
“မနောက်နဲ့တော့။ စာလုပ်ရဦးမယ်”
မော့ဟန်က သူမကိုလွှတ်မပေးခင်အထိ စိတ်ကြိုက်နမ်းသည်မှာ ရှုချင်းရီတောင် နာလာသဖြင့် မျက်မှောင်ကျုံမိသည့်အထိပင်။ ထို့နောက် မော့ဟန်က ပြုံးပြုံးကြီးဖြင့် သူမ၏လည်ပင်းက သူ့ကိုက်ရာကို လက်ဖြင့်ထိရင်း
“သွားစာလုပ်တော့။ မနှောင့်ယှက်တော့ဘူး”
ထိုအခါမှသာ ရှုချင်းရီသည် စာသွားလုပ်ရတော့သည်။
နောက်နေ့မနက်တွင် ရှုချင်းရီက ဆရာမဆီကို စာသွားထပ်သည်။ ဆရာမက ဖတ်ပြီးသည််အခါ သူမအရည်အချင်း တိုးတက်လာသည်ဟု ချီးကျူးသည်။ထို့နောက်တွင်တော့ ရှုချင်းရီသည် စာမေးပွဲနီးလာသဖြင့် ပြင်ဆင်ရတော့သည်။
ဤသို့ဖြင့် ကျောင်းအဆောင်တွင် လျှောက်ကာ စာလုပ်သင့်မသင့်ကို မော့ဟန်နှင့် တိုင်ပင်ရန် ဖြစ်လာတော့သည်။