၁၁၇။ ခွဲနေရခြင်း
မော့ဟန်က တက်ရောက်သည့်သူ သိပ်မရှိသော်လည်း ရိုးရှင်းသည့် နာရေးကို သူ့ဖခင်အတွက် ပြုလုပ်ပေးခဲ့သည်။
အမေရိကန်တွင် သုံးရက်လောက် နေပြီးသည့်အခါ သူ့အဖေ၏အရှုပ်များမှာ စိတ်ချရသည့် အနေအထားအထိ ရှင်းလင်းပြီးသွားပြီ။ ထို့နောက် သူ့အဖေကုမ္ပဏီကို ကိစ္စများကို မော့ဟန်က ကိုင်တွယ်ရသည်။ ကုမ္ပဏီမှာ အခွံလောက်သာ ရှိတော့သည်။ ဆေးသုံးသည့်သတင်းထွက်လာသည့်အခါ ရှယ်ယာများက ထိုးကျသွားခဲ့သည်။ အရင်းအနှီးမြုပ်နှံသူများကလည်း သူတို့အရင်းအနှီးများကို ပြန်ထုတ်ကျသည်။ ကုမ္ပဏီပြိုကွဲသွားမည်ကို ကြောက်ရွံကြသည့် ဝန်ထမ်းတချို့ကတော့ နှုတ်ထွက်စာများကို ပြင်ဆင်နေကြပြီ။
ကုမ္ပဏီ၏ဌာနများကို ဉီးဆောင်ကာ ကိုင်တွယ်ပေးမည့် လူတစ်ယောက်မှာ အရေးတကြီးလိုအပ်လာသည်။ ထိုနေရာကို မော့ဟန်က ဝင်ဖို့ဖြစ်လာခဲ့သည်။ ကုမ္ပဏီက ရှယ်ယာရှင်များက နာရေးပြီးသည်နှင့် မော့ဟန်အား လာရှာကာ အကူအညီတောင်းကြသည်။ မော့ဟန်က ကုမ္ပဏီအခြေအနေကို မသိသော်လည်း ကုမ္ပဏီ၏အရေးပေါ်အခြေအနေအတွက် နာရီအမြောက်အများ စာရင်းများကိုဖတ်နေရတော့သည်။
မော့ဟန်က ဒီရက်များတွင် အိပ်ရေးဝဝမအိပ်ရပေ။ မနက်ဆိုလျှင် ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံကာ ကုမ္ပဏီ၏ငွေရေးကြေးရေးအဆင်ပြေအောင် အကောင်းဆုံးညှိနှိုင်းရသည်။ ညတွင်လည်း ရှယ်ယာရှင်များနှင့် ကုမ္ပဏီအတွင်းငြိမ်အောင် တိုင်ပင်ဆွေးနွေးရပြန်သည်။
သူဟာ ကော်ဖီသောက်ကာ အလုပ်လုပ်လိုက် အိပ်ဆေးသောက်ကာ ခနအိပ်လိုက်ဖြင့်သာ တောင့်ခံနေရသည်။ သူ့အဖေကုမ္ပဏီကို ရွံ့ထဲကနေ ပြန်၍ဆွဲထုတ်ရန် ၆ရက်လောက်သာ ကြာမြင့်ခဲ့သည်။
ဒီလို၆ရက်အတွင်းမှာ ရှယ်ယာရှင်များက ကုမ္ပဏီကို အချိန်တိုလေးအတွင်း ပြန်ကယ်ဆယ်နိုင်သည့် လူငယ်လေးတစ်ယောက်ကို သူတို့တစ်ခါမှ ဒီလိုမကြုံဖူးကြောင်း ချီးမွန်း၍မဆုံးဖြစ်နေကြခဲ့သည်ကို မော့ဟန်က မသိခဲ့ပေ။
မော့ဟန်ဟာ သတ္တိအပြည့်ဖြင့် ထိုးထွင်းမြင်နိုင်သူတစ်ယောက် ဖြစ်ရုံသာမက ညဏ်လည်းအလွန်ကောင်းလေသည်။ ခန့်မှန်း၍မရနိုင်သည့် စီးပွားရေးလောကထဲတွင် ကိစ္စများကို ဘယ်လိုကိုင်တွယ်ရမည်ကိုလည်း သူကသေချာစွာ သိလေသည်။ ထူးချွန်လွန်းသည့် ရှေ့နေဟူသည့် သူ့ဂုဏ်ပုဒ်ကို ဖယ်ကြည့်လျှင် သူဟာအောင်မြင်သည့် စီးပွားရေးသမားဖြစ်လာလိမ့်မည်မှာ အမှန်ပင်။
သို့သော်လည်း မော့ဟန်က စီးပွားရေးသမားတစ်ယောက် ဖြစ်လာဖို့ ဘယ်တုန်းကမှ မတွေးပေ။ သူ့အဖေကိစ္စများကိုရှင်းကာ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရန်သာ လုပ်ပေခဲ့သည်။ ရှယ်ယာရှင်များက သူ့ကိုဒီမှာပဲ ဆက်အလုပ်လုပ်ပေးပါရန် တောင်းဆိုနေကြသော်လည်း မော့ဟန်က တရုတ်သို့ပြန်ရန်လေယာဉ်လတ်မှတ်ဝယ်ခဲ့သည်။ သူဟာ သူ့အဖေကုမ္ပဏီကို လုံးဝစိတ်မဝင်စားသောကြောင့် ဒီလိုပဲ ဘာမှသူ့နှင့်အတူ ပြန်မသယ်လာဘဲ ပြန်လာခဲ့သည်။
တရုတ်နှင့် အမေရိကန်မှာ ၁၃နာရီကွာခြားလေသည်။ မော့ဟန်က နေ့လည်ခင်းလောက်တွင် ပြန်လာခဲ့သော်လည်း သူအိမ်ပြန်ရောက်သည့်အခါ မနက်၁နာရီထိုးနေသည်။
မော့ဟန်က အိပ်အဝတွင်ရပ်နေခဲ့သည်။ ထို့နောက် အိမ်သော့ကို သူရှာသော်လည်း ဘယ်လိုမှ သူရှာမတွေ့ပေ။ ထိုကြောင့် သူရှုချင်းရီကိုသာ သူဖုန်းဆက်လိုက်ရသည်။
“ဟယ်လို?”
ရှုချင်းရီမှာ အိပ်ချင်မူးတူးအသံဖြင့် ဖုန်းကိုကိုင်ကာ ဖြေသည်။
၁၀ရက်လောက်ခွဲနေရပြီးမှ သူမ၏အသံကို ပြန်ကြားရသည့်အခါ မော့ဟန်၏ရင်ထဲမှ တင်းမာနေမှုများမှာ ပြေလျှော့သွားသလို ခံစားရသည်။ သူအိမ်ကိုပြန်ရောက်လာကမှ သူပင်ပန်းနေတော့သည်။
“တံခါးဖွင့်ပေးဦး”
မော့ဟန်က တံခါးကိုမှီလိုက်ရင်း ခပ်ဖွဖွပြောသည်။
“ပြန်လာပြီလား?”
ရှုချင်းရီမှာ အံ့သြသွားသည်။ ထို့နောက် ကုတင်ပေါ်က ချက်ချင်းခုန်ဆင်းကာ မီးဖွင့်ပြီးနောက် တံခါးဆီသို့ ပြေးသွားလေသည်။
တံခါးဖွင့်လိုက်သည့်အခါ တံခါးကိုမှီထားသည့် မော့ဟန်မှာ လဲကျတော့မလို ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် ရှုချင်းရီက ဖမ်းထားပေးလိုက်နိုင်သည်။
“အယ်. . .ဘယ်လိုဖြစ်လာတာလဲ?”
မော့ဟန်ကိုယ်လုံးကြီးမှာ လေးလွန်းသောကြောင့် ရှုချင်းရီပါ လဲကျတော့မလို ဖြစ်နေသည်။ သူမက အားကုန်သုံးကာ မော့ဟန်ကိုလက်မောင်းကတွဲရင်း မနည်းပြန်မတ်လိုက်ရသည်။
မော့ဟန်က ရှုချင်းရီ၏ကိုယ်မှ ဆပ်ပြာနံသင်းသင်းလေးကို ရနေသည်။ သူထိုအနံ့ကို မရခဲ့တာပင် အတော်ကြာပြီဖြစ်သည်။
“အာ . . .သေချာရပ်စမ်းပါဦး”
ရှုချင်းရီမှာ မော့ဟန်၏ဖုန်းကိုတောင် မချနိုင်တော့ပေ။ မော့ဟန်ကို တစ်ဖက်ကတွဲကာ ဖုန်းကိုဆိုဖာပေါ်သို့ ပစ်တင်လိုက်ရသည်။
ဒါပင်မယ့်လည်း မော့ဟန်က အရမ်းကို ပင်ပန်းလာခဲ့တာ ဖြစ်သည်။ အမေရိကန်တွင် အိပ်ချိန်အလွန်နည်းပါးခြင်းက အခုလိုပြန်ရောက်လာသည်နှင့် သူ့ကိုအရမ်းအိပ်ချင်လာစေခြင်းပင်။ သူ့၏အသိစိတ်မှာ တဖြည်းဖြည်း ဝေဝါးသွားသည်။