၁၃၅။ စိတ်ခံစားချက်မဲ့
ရှုချင်းရီက ဆေးရုံအကြာကြီး မတက်ခဲ့ပေ။ ဆရာဝန်က ဆေးရုံတွင် ဆက်နေစေချင်သော်လည်း ရှုချင်းရီက သူမသက်သာနေသောကြောင့် အိမ်တွင်ပဲ နားနေမည်ဟု ခေါင်းမာခဲ့သည်။ မော့ဟန်ကလည်း ရှုချင်းရီက ဆေးရုံတွေနေရခြင်းနှင့် ဘာမှလုပ်စရာမရှိဖြစ်နေသည်တို့ကို မကြိုက်မှန်းသိသည်။
ဆေးရုံအခန်းကနေ ရှုချင်းရီသည် သူမဒဏ်ရာများ ကောင်းသွားသည့်အလား ပြေးမတက်ကို အမြန်လျှောက်ကာ ထွက်လာသည်။ မော့ဟန်ကလည်း သူမကို မတားပေ။ သူမဆေးရုံတွင် စိတ်ညစ်နေရမည်ထက်စာရင် သူမကို အိမ်မှာ စိတ်သက်သာစေချင်သည်လေ။
သူတို့အိမ်ပြန်ရောက်သည့်အခါ ရှုချင်းရီက သူမကုတင်ပေါ်တွင်ထိုင်ရင်း သူမအရှေ့မှာရပ်နေသည့် မော့ဟန်ကို မော့ကြည့်ကာ
“အလုပ်မသွားဘူးလား?”
“မသွားဘူး”
“ဘာဖြစ်လို့လဲ?”
ရှုချင်းရီက သူမဆေးရုံတက်ရကတည်းက မော့ဟန်မှာ သူမအနားတွင်ပဲ အမြဲတမ်းရှိနေသည်ကို နားမလည်နိုင်တော့ပေ။
“အလုပ်က အရေးကြီးဆုံးမလား? ညီမလေး နေမကောင်းလို့ ဆေးရုံတက်ရတုန်းကတော့ ထားပါတော့။ အခုဆေးရုံကတောင်ဆင်းလာပြီလေ။ အိမ်မှာ ဘာဖြစ်လို့နေမှာလဲ?”
“အခုတလော ရုံးမှာ အလုပ်မရှုပ်ဘူး”
မော့ဟန်က ရှုချင်းရီခေါက်ကာ ထည့်လာသည့် အဝတ်များကို ထုတ်ပေးရင်း ပြောသည်။
“ဟိုတလောကပဲ ရှုပ်တဲ့အမှုတစ်ခုလိုက်နေရတယ်ဆို?”
“တခြားရှေ့နေ့ကို လွှဲပေးလိုက်ပြီ။ သူက သေချာလိုက်နိုင်မှာပါ”
မော့ဟန်က ထိုကိစ္စများကို စိတ်မဝင်စားတော့ဘူးဆိုသည်မှာ သိသာလွန်းသည်။ သူက ပြတင်းပေါက်တံခါးဖွင့်ပေးကာ လိုက်ကာကို ချလိုက်သည်။
“ဒါပင်မယ့်လည်း. . .မဟုတ်သေးပါဘူး. . .ညီမလေးကိုယ့်ဟာကိုယ် နေတက်ပါတယ်။ ရုံးကိုပြန်သွားလေ”
“ဘယ်လိုနေမှာလဲ? လက်တစ်ဖက်ကဖြင့် မကောင်းသေးဘဲနဲ့”
“ညီမလေး လုပ်တက်ပါတယ်။ နှေးပင်မယ့် ကိုယ့်ဟာကိုယ် အဆင်ပြေပါတယ်”
ရှုချင်းရီက သူ့ကိုမော့ကြည့်ရင်း ပြောသည်။
“နားသာနေ။ ငါ့အလုပ်အကြောင်းကို ငါသိတယ်။ သေချာစီမံခန့်ခွဲပြီးသား”
မော့ဟန်က စကားလမ်းကြောင်းပြောင်းလိုက်ကာ
“ဒီညဘာစားချင်လဲ? ပျော့တာပဲ စားရမယ်”
“ဘာပဲဖြစ်ဖြစ်။ ဗိုက်သိပ်မဆာပါဘူး”
မော့ဟန်ကပြောသည်။
“ငါထမင်းချက်လိုက်မယ်။ ပင်ပန်းရင် အရင်လှဲအိပ်နှင့်”
ရှုချင်းရီက အံ့သြသွားကာ မော့ဟန်၏အပြောင်းအလဲများနှင့် အသားမကျသေးပေ။ မော့ဟန်နှင့်ပတ်သတ်၍ သူမနားမလည်နိုင်သည်က များသော်လည်း တစ်ချို့အရာများကိုတော့ သူမနားလည်နိုင်ပါသေးသည်။ ဉပမာ မော့ဟန်က အလုပ်ကို ချစ်လွန်းသည်။ မော့ဟန်က စိတ်ခံစားချက်မဲ့သည်။ ဒါကလည်း ထိုအရာတိုင်းကို သူမအမြင်ဖြင့် တွေးနေသောကြောင့်သာ ဖြစ်သည်။
“ငါလေ့ကျင့်ရေးသင်တန်းကို စာရင်းသွင်းပေးထားတယ်။ နေကောင်းတာနဲ့ သွားတက်”
မော့ဟန်က ညစာအတူစားရင်း ပြောသည်။
“ဘာလေ့ကျင့်ရေးသင်တန်းလဲ?”
“အမျိုးသမီးခုခံကာကွယ်ရေးသင်တန်း”
မော့ဟန်က တည်ငြိမ်စွာ ပြောသည်။
ရှုချင်းရီမှာ စားနေရင်းဖြင့် သီးတော့မတက်ပင်။
“နောက်နေတာမလား?”
“မဟုတ်ဘူး”
မော့ဟန်၏ ဆုံးဖြတ်ပြီးသား အမူအရာက သူ့မျက်နှာတွင် ပေါ်နေသည်။
“ငါတွေးကြည့်ပြီးပြီ။ ငါအမြဲတမ်း မင်းကိုမကာကွယ်ပေးနိုင်ဘူးလေ။ ဒီလိုမျိုးနေ့တွေ. . .ဒီလိုအခြေအနေဖြစ်ခဲ့ရင်. . .မင်းကိုယ်မင်းကာကွယ်စေချင်တယ်”
မော့ဟန်က ထပ်ပြောသည်။
“မင်းကို ဆေးရုံထပ်မရောက်စေချင်ဘူး”
“ညီမလေးလည်း ဆေးရုံထပ်မတက်ချင်ပါဘူး”
ရှုချင်းရီက အားပျော့စွာ ပြောသည်။
“ဒါဆိုရင် သေချာလေ့ကျင့်’
“ဒါပင်မယ့်. . .အမျိုးသမီးခုခံကာကွယ်ရေးသင်တန်းက အရမ်းပင်ပန်းမှာ။ လက်တွေ ခါးတွေကတော့ နာနေတော့မှာပဲ”
“ဆေးရုံမှာ နေရတာထက်စာရင်တော့ ကောင်းပါသေးတယ်”
ရှုချင်းရီက သူမပြန်ကောင်းလာသည်နှင့် ထိုသင်တန်းကို သွားမတက်ချင်သေးပေ။ ဒါကိုကြားသည်နှင့် သူမတစ်ကိုယ်လုံး ထုံကျင်လာသလိုဖြစ်နေသည်။ သူမကိုယ်သူမ ကိုင်ပေါက်ခံရမည်ကို ကြောက်နေတာ ဖြစ်သည်။
“ကျိန်ပြောပါတယ်။ နောက်နောင် ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး”
ရှုချင်းရီက တူကိုချကာ လက်မြောက်ရင်း ပြောသည်။
“အဲ့ဒီသင်တန်းကြီးကိုတော့ မတက်ပါရစေနဲ့။ လူကလှုပ်နိုင်မှာကို မဟုတ်တော့ဘူး”
“လာညှိနှိုင်းမနေနဲ့။ နေကောင်းတာနဲ့ သင်တန်းသွားကို သွားရမယ်”
မော့ဟန်က ပြောသည်။
“ဒါပင်မယ့်. . .ညီမလေး. . .တကယ်ကို. . .”
ရှုချင်းရီက ငြင်းချင်ပါသေးသည်။
“စကားပြောမနေနဲ့။ စားတော့။ အေးကုန်တော့မယ်”
မော့ဟန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။