၁၄၈။ အထဲမှ ပိတ်ထားခြင်း
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားကာ ရှုချင်းရီ၏ခေါင်းမှာ နာကျင်လာသည်။ သူမက ဒီလမ်းပေါ်တွင် တစ်ထပ်အိမ်လေးကို ကြည့်နေသည့် အသက်၁၂နှစ်အရွယ် သူမကိုယ်သူမမြင်နေသည်။ ဒီလမ်းပေါ်တွင် သူမတစ်ယောက်တည်း ငိုနေရင်း လျှောက်နေကာ လေတို့က တဟူးဟူးတိုက်နေခဲ့သည်။ တစ်ထပ်အိမ်လေးကို သူမမမြင်ရတော့ဘဲ ငိုသံကသာ ပိုကျယ်လာတော့သည်။ သူမကို နောက်ကနေအော်သံကြား၍ လှည့်ကြည့်လိုက်သည့်အခါ ဒီအမျိုးသမီးကို တွေ့လိုက်ရသည်။ သူမမှတ်ညဏ်ထဲက ဒီအမျိုးသမီးဟာ အခုထပ်ငယ်သေး၍ အဝါရောင်ဂါဝန်ကို ဝတ်ထားကာ သူမအားပြေးဖက်ပြီး
“အိမ်ပြန်ကြရအောင်။ အိမ်ပြန်ကြမယ်နော်”
ဒါဟာရှုချင်းရီ ပြန်မှတ်မိခြင်း ဖြစ်သည်။ ဒါက သူမ၏အတိတ်အစစ်ပင် ဖြစ်သည်။ ဟန်လျန်ပြောပြသလို ရှောင်မေးက ပုံတွေပြသလိုမျိုး သူမအတိတ်ကို သူမခန့်မှန်းနေရခြင်း မဟုတ်ပေ။ ဒီမှတ်ညဏ်က နာကျင်ရသည့် အတိတ်အစစ်အမှန်သာ ဖြစ်တော့သည်။
“ညန်ညန်. . .တစ်ခုခုမှတ်မိလား?”
ဟန်လျန်က မေးသည်။
ရှုချင်းရီက သူမ၏မျက်နှာမှ မျက်ရည်များကို သုတ်ကာ
“ခေါင်းတော်တော် ကိုက်လာလို့”
“အိမ်ထဲကို အရင်ဝင်လာကြလေ။ သမီးအတွက် အမေဆေးယူပေးမယ်။ ငယ်ငယ်လေးကတည်းက ဒီလိုခေါင်းကိုက်တက်လို့ ဆေးစွဲသောက်ရတာ”
ထိုအမျိုးသမီးက ပြောသည်။
ထိုအမျိုးသမီးက ရှုချင်းရီအား အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ ရှုချင်းရီက မော့ဟန်ကို လှည့်ကြည့်လိုက်သည့်အခါ မော့ဟန်၏မျက်လုံးများမှာ အေးစက်နေကြောင်း သူမတွေ့လိုက်ရသည်။ မော့ဟန်မှာ ခုနတုန်းက သူမ၏အခြေအနေကြောင့် ဒီလိုဖြစ်သွားတာ ဖြစ်မည်ဟု သူမထင်လိုက်သည်။
အိမ်ထဲရောက်သည့်အခါ ရင်းနှီးသည့် ခံစားမှုက ပိုတိုးလာသည်။ ရှုချင်းရီက အသက်မနည်းရှုကာ ခရမ်းရောင်ရင့်ရင့် ခန်းစီးများကို ကြည့်လိုက်သည်။ ကြမ်းပြင်က ပါကေးခင်းထားကာ အဖြူရောင်အဝတ်စဖုံးထားသည့် စန္ဒယားတစ်ခုရှိသည်။ ရှုချင်းရီမှာ ခြေထောက်များယိုင်သွားကာ လဲကျတော့မတက် ဖြစ်သွားသည်။
“ညန်ညန် ရရဲ့လား?”
ဟန်လျန်က ပြောသည်။
ရှုချင်းရီက ခေါင်းခါကာ ဆိုဖာပေါ်တွင် အမြန်ထိုင်ချလိုက်ရသည်။ ထို့နောက် ပတ်ဝန်းကျင်အား ဆက်စူးစမ်းလေသည်။ သူမဒီနေရာတွင် အချိန်အကြာကြီးနေဖူးသလို သူမခံစားနေရသည်။ သို့သော်လည်း ဒီအိမ်က အကြောင်းအရာများကိုတော့ သူမမမှတ်မိသေးပေ။
“လျန်လျန်က သမီးဘာဖြစ်ခဲ့လဲ ပြောပြထားတယ်။ အတိတ်မေ့သွားပင်မယ့်လည်း သမီးနောက်နောင် ကောင်းကောင်းနေရရင် ရပါပြီ”
ထိုအမျိုးသမီးက ပြောသည်။ ထို့နောက် ရှုချင်းရီဘေးမှ မော့ဟန်အား ပြုံးကြည့်ကာ
“ညန်ညန်လေး ဒဏ်ရာရတုန်းက ကယ်ပြီးတော့ ကြည့်ရှုစောင့်ရှောက်ပေးထားတဲ့သူ ဖြစ်မယ်။ ကျေးဇူးတင်ပါတယ်”
မော့ဟန်ကလည်း ပြန်ပြုံးပြ၍
“ရပါတယ်ဗျာ”
ဟန်လျန်က ရှုချင်းရီ၏ခါးကို မသိမသာဖက်လိုက်ကာ
“ညန်ညန်ရဲ့ အခန်းကို သွားကြည့်မလား? တစ်ခုခုမှတ်မိကောင်း မှတ်မိမှာပေါ့”
ရှုချင်းရီမှာ သူမ၏ခါးပေါ်မှလက်ကို ချက်ချင်းသတိထားမိလိုက်သည်။ သို့သော်လည်း အရှေ့ကအမျိုးသမီးကြီးကို သူမကြည့်နေတာ ဖြစ်သောကြောင့် သူ့လက်ကို သူမဖယ်မနေတော့ပေ။ ဒီအမျိုးသမီးကြီးဟာ သူမမှတ်ညဏ်ထဲကထက် ဘယ်နေရာတွေများ အိုစာသွားသလဲဆိုသည်ကိုသာ တွေးကြည့်နေမိသည်။ ဒါပင်မယ့်လည်း မော့ဟန်ကတော့ သူမ၏အပြုအမူကို အထင်လွှဲသွားပါသည်။ သို့သော် ဘယ်သူမှ သတိမထားမိလိုက်သည်ကတော့ ဟန်လျန်လက်တို့မှာ သူမတင်ပါးပေါ်သို့ လျှောချသွားခြင်းပင်။
ရှုချင်းရီက ဟန်လျန်ခေါ်သွားသည့် သူမ၏အခန်းဟောင်းသို့ လိုက်သွားသည်။ ထိုအခန်း၏ ကုတင်ခေါင်းရင်းတွင် သူတို့၏မဂ်လာဆောင်ပုံကြီးအား ချိတ်ဆွဲထားသည်။ သူမဟာ ဝတ်စုံအဖြူလေးဖြင့် ဟန်လျန်၏ပုခုံးသို့မှီရင်း ပျော်ရွှင်စွာ ပြုံးရွှင်နေခဲ့သည်။
“အမေက လက်ဖက်ရည်ပြင်ပြီးရင် လာပို့လိမ့်မယ်”
ဟန်လျန်က မြည်လာသည့် သူ့ဖုန်းကိုကြည့်ရင်းပြောသည်။ ထို့နောက် ရှုချင်းရီအား လွှတ်ပေးကာ
“အလုပ်ကိစ္စပေါ်လာလို့။ အေးဆေးကြည့်နှင့်။ ကိုယ်မြန်မြန်ပြန်လာခဲ့မယ်”
ဟန်လျန်ထွက်သွားသည်နှင့် အခန်းထဲတွင် ရှုချင်းရီနှင့် မော့ဟန်သာ ကျန်ခဲ့တော့သည်။ ရှုချင်းရီက အခန်းအပြင်အဆင်များကို ကြည့်နေစဉ်တွင် မော့ဟန်က အခန်းတံခါးကို အထဲမှ ပိတ်ပစ်လိုက်သည်။
ရှုချင်းရီက တံခါးပိတ်သံကြား၍ လှည့်ကြည့်ကာ
“ဘာဖြစ်လို့ တံခါးကို အထဲကနေ ပိတ်လိုက်တာလဲ?”