၁၆၉။ စုန့်ယွဲ့ညန်အစစ်
ဟန်လျန်က ရှုချင်းရီအား ပထမဆုံးအကြိမ်တွေ့ခဲ့သည့် စားသောက်ဆိုင်တွင် ထိုင်စောင့်နေသည်။ သူသည် ပြတင်းပေါက်မှ သူတို့တွေ့ခဲ့သည့်နေ့ကို ပြန်တွေးမိနေသည်။
သူမသည် ဒီလောက်မြန်မြန် သိသွားလိမ့်မည်ဟု သူမထင်ခဲ့ပေ။ သူတွေးခဲ့သည်မှာ အဖြစ်မှန်ကို သူမမသိခင်တွင် သူ့အားချစ်လာအောင် လုပ်ဖို့သာ ဖြစ်သည်။ ထိုအခါ သူမအမှန်ကို သိသွားသော်လည်း သူ့ကိုထားမခဲ့နိုင်မှာ ဖြစ်သည်။
“တောင်းပန်ပါတယ်. . .နည်းနည်းနောက်ကျသွားတယ်။ လမ်းတွေပိတ်နေလို့”
ရှုချင်းရီက ဟန်လျန်ကို တွေ့တွေ့ချင်း ပြောသည်။
“ရပါတယ်”
ဟန်လျန်က သူမကို အရင်လိုပဲ ပြုံးပြကာ ပြောဆိုဆက်ဆံနေသည်။
“စားပြီးရင် တစ်နေရာရာကို သွားဦးမလား?”
“မလိုဘူးလို့တော့ ထင်တာပဲ။ ပြောလို့ပြီးရင် ကျွန်မတို့ ပြန်ကြတာပေါ့”
“အင်းပါ. . .တူတူပြန်ကြတာပေါ့”
“ဟန်လျန် ရှင်နားမလည်ဘူးလား? ကျွန်မရှင်နဲ့ ပြန်မလိုက်ဘူး။ ကျွန်မက စုန့်ယွဲ့ညန်မှ မဟုတ်တာ”
ဟန်လျန်၏မျက်နှာက ချက်ချင်းပျက်သွားသည်။ သူသောက်နေသည့် ရေခွက်ကို ပြန်ချထားလိုက်ကာ ခပ်ဖွဖွပြုံးနေသည်။
ရှုချင်းရီက မိုးမိသွားသည့် ဓာတ်ပုံဟောင်းလေးကို ထုတ်ပြလိုက်ကာ
“ဒါကစုန်ယွဲ့ညန် အစစ်မလား? ကျွန်မတို့ ဒီလောက်တူနေတာ မဆန်းပါဘူး။ အမွှာတွေပဲဟာ”
ထိုပုံမှာ ဆံပင်ကိုကျစ်ထားသည့် ၁၁နှစ်အရွယ် အမွှာညီအမနှစ်ယောက်ပုံ ဖြစ်သည်။ တစ်ယောက်က အရုပ်ကလေးကိုကိုင်ရင်း ပြုံးနေကာ နောက်တစ်ယောက်ကတော့ စာအုပ်လေးကိုကိုင်ကာ ဆူပုပ်နေသည်။
“ညာဘက်က ကျွန်မမလား။ ဘယ်ဘက်ကတော့ ကျွန်မရဲ့ ညီမလေး ရှင်တို့ရှာနေတဲ့ စုန်ယွဲ့ညန်မလား?”
“ပြန်သတိရသွားတာလား?”
ဟန်လျန်က မေးသည်။
“မဟုတ်ပါဘူး။ ကျွန်မက အမေ့ကိုပဲ မှတ်မိသေးတယ်။ ငယ်တုန်းက တချို့ကိစ္စတွေကို မှတ်မိသလောက် ကောက်ချက်ချကြည့်တာ။ ဒီကိုလာတဲ့လမ်းမှာအထိ သိပ်မသေချာသေးပင်မယ့် အခုရှင်ကိုတွေ့လိုက်တော့ ကျွန်မထင်တာ မှန်သားပဲ”
“ဒီပုံကိုကြည့်ပြီး စုန်ယွဲ့ညန်မဟုတ်မှန်း ဘယ်လိုလုပ်သိလဲ?”
“ကျွန်မက အတိတ်မေ့နေပင်မယ့်လည်း ကျွန်မမှန်းတာတွေကတော့ အမြဲတမ်းမှန်ပါတယ်။ ရှင်ကတော့ နားလည်မှာ မဟုတ်ပင်မယ့် ဒီပုံကိုမြင်တော့ ကျွန်မက ဘယ်သူမှန်း တန်းသိလိုက်တယ်။ သူ့အမူအယာက ကျွန်မအတိုင်းပဲလေ”
“ဒါလေးနဲ့ ကောက်ချက်ချလို့မှ မရတာ’
ရှုချင်းရီက ပြုံးကာ
“ရှောင်မေးက ပြောတယ်။ စုန်ယွဲ့ညန်က ပန်းစိုက်ရတာကိုကြိုက်လို့ အိမ်မှာပန်းအိုးတွေ အများကြီး ရှိနေတာတဲ့။ ဒါပင်မယ့် တိုက်ဆိုင်တာက ကျွန်မက ပန်းမကြိုက်တက်ဘူး။ ပြီးတော့လည်း ရှောင်မေးပြောတာက သူကရှင့်ကို အရမ်းချစ်တာတဲ့။ ဒါပင်မယ့် ကျွန်မကတော့ ရှင့်အပေါ် ဘာခံစားချက်မှ မရှိဘူး။ အဲ့ဒါကြောင့် လွဲနေပြီလို့ ထင်လိုက်မိတာ။ လက်ရှိကျွန်မက အရင်တုန်းက စုန့်ယွဲ့ညန်နဲ့ လုံးဝမတူဘူးဆိုတာကို အမြဲတမ်းခံစားမိနေတာလေ”
ဟန်လျန်က ခေါင်းငြိမ့်လိုက်သည်။
“သူကတော့ ငါ့ကိုတကယ်ချစ်ခဲ့တာ အမှန်ပဲ”
နောက်ဆုံးမှာတော့ သူ့ရှေ့ကမိန်းမက သူချစ်ရသည့် စုန်ယွဲ့ညန်မဟုတ်ကြောင်း သူလက်ခံလိုက်ရသည်။ ထိုအခါမှသာ သူမတို့၏အမေပြောခဲ့သည် လူတိုင်းက ရုပ်ရည်သွင်ပြင် ဘယ်လောက်တူတူ တခြားအရာတွေကတော့ မတူညီဘဲ ကွဲပြားလိမ့်မည် ဆိုသည်ကို နားလည်တော့သည်။
“ငါ့ညီမလေး. . .ဆုံးသွားပြီလား?”
ရှုချင်းရီက မေးလိုက်သည်။
“သူမသေသေးဘူးကွ”
ဟန်လျန်က ရုတ်တရပ် ဒေါသထွက်သွားသည်။
“နင်နဲ့အမေတို့ ပြောနေတာကို ကြားလိုက်တယ်။ ရဲတွေက အလောင်းတွေ့နိုင်တယ်ဆို”
ရှုချင်းရီ၏လေသံက တည်ငြိမ်နေသည်။
“မင်းအကုန်သိသလိုမျိုးလုပ်မနေနဲ့။ နည်းနည်းလေး စုံစမ်းနိုင်တာနဲ့ စုန်ယွဲ့ညန်မဟုတ်မှန်းသိပြီး သူ့ကိုသေသွားပြီလို့ လျှောက်ထင်မနေနဲ့။ ငါတို့က ငယ်သူငယ်ချင်းတွေ။ ညန်ညန်နဲ့ ၁၀နှစ်ကျော် အတူရှိလာတာ။ ဒါကခနလေးလို့ မင်းထင်နေတာလား? သူထွက်သွားရင် ငါ့ကိုအသိမပေးဘဲ နေမှာမဟုတ်ဘူး”
ဟန်လျန်က ထအော်လေပြီ။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။ ရှုချင်းရီနှင့် ဟန်လျန်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသော်လည်း ဘယ်သူကမှ စကားမပြောကြတော့ပေ။
“လွန်ခဲ့တဲ့ ၁နှစ်ခွဲက ဘာဖြစ်ခဲ့တာလဲ?”
ရှုချင်းရီက နောက်ဆုံးတော့ ခေါင်းကိုငုံကာ မေးလိုက်သည်။
“ငါလည်း. . .အဲ့အချိန်တုန်းက ဘာဖြစ်ခဲ့မှန်း မသေချာဘူး။ အကုန်လုံးက အိပ်မက်လိုပဲ”
ဟန်လျန်က ပြောပြသည်။
“အဲ့ဒီအချိန်တုန်းက ငါကအလုပ်မှာ အလုပ်လုပ်နေတုန်း ဖုန်းဝင်လာတယ်။ သူတို့က ညန်ညန်ကို ဖမ်းထားတာမလို့ ငွေသားနဲ့ ယွမ်၁သန်းလိုချင်တယ် ပြောတယ်။ သူတို့က ရယ်ပြောနေတာကို ငါမှတ်မိသေးတယ်။ ညန်ညန်က သူ့ကိုလာကြိုဖို့ အဲ့အချိန်မတိုင်ခင်လေးကမှ ဖုန်းဆက်ထားတော့ မဖြစ်နိုင်ဘူးလို့ ငါထင်လိုက်တာ”
“သူတို့က ညန်ညန်ရဲ့ ငိုသံကို ငါ့ကိုကြားအောင်လုပ်တယ်။ ငိုနေတဲ့အသံတော့ ကြားရပင်မယ့် ညန်ညန်ဟုတ်မဟုတ် ငါလည်းမသေချာတော့ လိမ်တယ်ထင်ပြီး ဖုန်းကိုချလိုက်တာ”
“ညန်ညန်ကို ငါချက်ချင်းခေါ်လိုက်ပင်မယ့် သူမဖုန်းမကိုင်ဘူး။ ကျောင်းအထိလည်း ငါသွားရှာတယ်။ သူ့အတန်းဖော်တွေက ဖုန်းပြောပြီးထွက်သွားတာ နာရီဝက်လောက်ရှိပြီလို့ ပြောတယ်။ ငါစားသောက်ဆိုင်မှာရော အိမ်မှာရော လိုက်ရှာပင်မယ့် မတွေ့တော့ဘူး”
“ငါလည်းဖုန်းကိုယုံလာတယ်။ အဲဒါကြောင့် ပိုက်ဆံကိုပြင်ထားပြီး ပြန်ပေးသမားတွေနဲ့ ညန်ညန်ကို ပြန်လဲဖို့စောင့်နေခဲ့တာ။ အဲ့ဒီပိုက်ဆံလောက်က ငါ့အတွက် ဘာမှမဟုတ်ပါဘူး။ ဒါပင်မယ့် ပြန်ပေးသမားတွေက ငါ့ကို ဘယ်တော့မှ ညန်ညန်ကို ပြန်မပေးတော့ဘူး”
“ငါပိုက်ဆံကို ပြင်ထားတယ်။ ညန်ညန်တစ်ခုခုဖြစ်မှာစိုးလို့ ရဲကိုလည်း တိုင်မထားဘူး။ ဒါပင်မယ့် ရဲတွေက သူတို့အမျိုးသားအလောင်းတွေ တွေ့တယ်ဆိုတာကို ငါ့ကိုသတင်းလာပို့တယ်။ သူတို့က ဓာတ်ငွေ့နဲ့ အဆိပ်သင့်သေသွားတာ”
“ညန်ညန်ဘယ်မှာလဲလို့ ငါရဲတွေကို မေးတယ်။ သူတို့ဘာပြောတယ်ထင်လဲ? သူတို့လည်း ဘယ်မှာလဲ မသိဘူးတဲ့”
ဟန်လျန်က တောက်လျှောက်ပြောပြနေသည်။ ရှုချင်းရီကလည်း ငြိမ်ကာ နားထောင်လိုက်သည်။
“သူတို့က ညန်ညန်အခြေအနေမကောင်းလောက်တာကိုတော့ ပြောသွားတယ်။ သူတို့စစ်ကြည့်တော့ သွေးအိုင်ကြီးကို တွေ့တယ်တဲ့။ အဲ့ဒီသွေးတွေက ညန်ညန်ရဲ့သွေးပဲတဲ့”
ရှုချင်းရီက မေးလိုက်သည်။
“အဲ့ဒီတော့ လိုက်မရှာကြဘူးလား”
“တကယ်တော့ နင်တို့အမေက ညန်ညန်ဆုံးသွားပြီပဲ ပြောနေတာ။ ရဲတွေက ညန်ညန်အလောင်းကို တွေ့ပြီလို့ လွန်ခဲ့တဲ့ ၂လက ပြောတယ်။ သူတို့ပြောတာက မတော်တဆဖြစ်တာတဲ့။ ညန်ညန်က ထွက်ပြေးတော့ ရေမြောင်းထဲကို ပြုတ်ကျသွားတယ်။ ကယ်မယ့်သူလည်းမရှိတော့ သွေးထွက်လွန်ပြီး ဆုံးသွားတယ်တဲ့”
သူကစကားပြောတာကို ရပ်လိုက်သည်။ သူကလွမ်းဆွတ်နေပုံရသည်။ ထို့ကြောင့် ရှုချင်းရီက ခေါင်းစဉ်ပြောင်းကာ မေးလိုက်သည်။
“ကျွန်မကရော? ဘယ်လိုလုပ် မှတ်ညဏ်ပျောက်သွားတာလဲ?”
ဟန်လျန်ပြောသွားသည့်စကားများထဲတွင် လွန်ခဲ့သည့် ၆လတုန်းက သူမနှင့်ပတ်သက်တာ တစ်ခုမှမရှိပေ။ သူမလည်း နားမလည်နိုင်တော့ပေ။ သူမထင်ခဲ့သည်မှာ သူမနှင့် စုန်ယွဲ့ညန်တို့က တစ်ချိန်တည်းတွင် တစ်ခုခုဖြစ်ခဲ့သည်ဟုပင်။
ဟန်လျန်က သူမအားစိတ်ပျက်အားငယ်စွာကြည့်ကာ
“ဒါတော့ ငါလည်းမသိဘူး။ ငါမင်းကိုတွေ့တုန်းကတော့ ဒီလမ်းမပေါ်မှာပဲ”
ရှုချင်းရီက မျက်လုံးပြုးသွားသည်။ ထိုအရာက အရမ်းအံ့သြဖို့ ကောင်းနေသည်။
“ငယ်ငယ်လေးကတည်းက ငါညန်ညန်ကိုတွေ့တော့ မင်းမရှိတော့ဘူး။ ငါကြားဖူးတာက ညန်ညန်မှာ အမွှာအမတစ်ယောက်ရှိပြီးတော့ မတော်တဆမှုနဲ့ ဆုံးသွားတယ်လို့။ လမ်းပေါ်မှာ မင်းကိုတွေ့ပြီးတော့ ငါသူတို့ကိုပြန်မေးတော့မှ မင်းဆက်ရှင်နေသေးမှန်း သူတို့သိတာ”
ရှုချင်းရီက ကိစ္စတွေက ဒီလိုရှုပ်လာသဖြင့် ပိုခေါင်းရှုပ်လာသည်။
“၂နှစ်လောက်တုန်းကတော့ မင်းအမေက မင်းကိုပြန်ခေါ်ဖို့ လုပ်သေးတယ်။ ဒါပင်မယ့် မင်းက သူတို့နဲ့အတူမရှိတာလည်းကြာပြီ မင်းဟာမင်းလည်း အဆင်ပြေနေတာမလို့ ထပ်မဆက်သွယ်ပါနဲ့ဆိုပြီး ငြင်းလိုက်တာတဲ့”
ရှုချင်းရီက သူ့စကားအနောက်တွင် တစ်ခုခုရှိနေလောက်မည်ကို သံသယဝင်သွားသည်။
ဟန်လျန်ကတော့ သူမမယုံဘူးထင်သွားကာ
“တကယ်ပြောတာ။ ငါလည်း အဲ့အချိန်တုန်းက မယုံခဲ့ဘူး။ ဘယ်လိုပြောရမလဲ? မင်းမျက်လုံးတွေက စိမ်းကားနေတာ။ စကားပြောတဲ့ပုံကလည်း အေးစက်နေတယ်။ မင်းကညန်ညန်ရဲ့ အမွှာအမဆိုတာကို ငါမယုံနိုင်ဘူး”
သူကထပ်ပြောသည်။
“မင်းအခြေအနေကို ငါလည်းတကယ်မသိတာပါ။ ၁၁နှစ်ကတည်းက ကွဲသွားတာဆိုတော့ ငါတို့လည်း မသိတော့ဘူး။ မင်းအမေကတော့ သိရင်သိမှာပါ။ သူ့ကိုပဲသွားမေးကြည့်ချေ”
ရှုချင်းရီက ရုတ်တရပ်နားလည်သွားသည်။
“အဲ့ဒါကြောင့် ငယ်ငယ်တုန်းက အကြောင်းအရာတွေကိုပဲ မှတ်မိလာတာကိုး”
“လွန်ခဲ့တဲ့ ၂နှစ်တုန်းက မင်းပုံစံက အခုလိုမဟုတ်ဘူး။ အဲ့ဒီအချိန်တုန်းက မင်းကသွေးအေးပြီး မာနကြီးတဲ့ပုံစံနဲ့။ အကြည့်တွေကလည်း အရမ်းစူးရှနေတာ”
ဟန်လျန်က ပြန်တွေးရင်း ပြောသည်။
“ဒါဆိုရင်. . .ကျွန်မနာမည်ကရော?”
“စုန်ညန်မူ”
ရှုချင်းရီသည် သူမ၏နာမည်ကို ကြားလိုက်သည့်အခါ စိတ်ထဲတွင် ဆက်ဆံနေသည့်ကြိုးတစ်ခုလို ခံစားလိုက်ရသည်။
“ဒီနာမည်ကိုတော့ လွန်ခဲ့တဲ့ ၂နှစ်က မင်းကြိုက်ပုံမရဘူး။ ငါတို့ကို လီနာလို့ ခေါ်ခိုင်းတယ်”
“လီနာ?”
ရှုချင်းရီက မျက်မှောင်ကျုံလိုက်သည်။
“အင်း။ မင်းက ငါတို့မင်းကို ရှာတွေ့တာကိုလည်း ကြိုက်ပုံမရဘူး။ စုန့်ညန်မူကို သေလူလို သဘောထားလိုက်လို့ မင်းပြောတာကိုလည်း ငါမှတ်မိသေးတယ်။ ငါတို့မင်းကို တွေ့ပြီးသိပ်မကြာဘူး။ မင်းကအိမ်ပြောင်းပြီး ထွက်သွားတော့ ငါတို့လည်း ထပ်မတွေ့ရတော့တာ”
ရှုချင်းရီက လွန်ခဲ့သည့်၂နှစ်က သူမ၏အကြောင်းကို ကြားရသည်မှာ ထူးဆန်းသလို ခံစားရသည်။
‘သူပြောနေသည့်သူက သူမကိုယ်တိုင်လား?
ဘာဖြစ်လို့ သူမအခုပုံစံနှင့် ကွာခြားနေရတာလဲ?
သူတို့လူမှားပြီးတော့ မှတ်မိနေတာလား?’