၁၉၀။ သေလိမ့်မယ်
သူမက ရှောင်ယဲ့အား စိုက်ကြည့်ကာ ဒီမောင်လေးကို အမကြီးပီသစွာ သင်ခန်းစာ ပေးရန်ပြင်စဥ်တွင်
“ရပါတယ်။ အဆင်ပြေပါတယ်။ တစ်ခုခုဖြစ်ရင် ဖုန်းလှမ်းဆက်လိုက်မယ်။ လာကယ်ပေးပေါ့ဗျာ။ မဟုတ်ဘူးလား?”
ဤစကားများသည် ထိုနေ့တုန်းက သူမအား နောက်ဆုံးပြောသွားသည့် စကားတို့သာ ဖြစ်တော့သည်။
သူမသည် ပုန်းအောင်းကာ စောင့်ဆိုင်းနေစဥ် ဘာကြောင့်မှန်းမသိ သူမသည် ရင်တွေတုန်နေခဲ့သည်။ ထိုအချိန်တုန်းကတော့ သူမအိပ်ရေးပျက်၍ဖြစ်မည်ဟု ထင်ခဲ့သော်လည်း နောက်တော့မှ မသိစိတ်က သတိပေးနေမှန်းကို သိလာခဲ့ရသည်။
သူမသည် အိတ်ကပ်ထဲက ဖုန်းကိုကိုင်ကာ အကြာကြီး စောင့်နေခဲ့သည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမအား တစ်စုံတစ်ယောက်ကတော့ ဖုန်းဆက်က ပြောသင့်သည်။
ညမှောင်သည့်အချိန်ရောက်မှ လူတစ်ယောက်က သူမဆီကို ရောက်လာသည်။ထိုလူက တတိယသခင်လေးနှင့်အတူ ပါသွားသည့် လူယုံဖြစ်သည်။
မျက်နှာပျက်နေသည်ကို သူမမြင်သည့်အခါ မကောင်းတာတစ်ခုခု ဖြစ်ခဲ့မှန်းသိ၍
“ဘာဖြစ်လာတာလဲ?”
“တတိယသခင်လေးက နင့်ကိုပြန်ခေါ်သွားခိုင်းလိုက်တယ်”
“ဘာဖြစ်တာလဲလို့ မေးနေတာလေ?”
ထိုလူက ဘာမှပြန်မဖြေဘဲ သူမ၏လက်ကိုဆွဲကာ ထွက်သွားရန်လုပ်သည်။
သူမက လက်ကိုခါချလိုက်ကာ အော်ဟစ်မေးတော့သည်။
“ဘာဖြစ်တာလဲလို့ မေးနေတယ်!”
ထိုလူက ဘာမှပြန်မဖြေဘဲ သူမကိုဆွဲထွက်သွားရန်လုပ်ပြန်သည်။
“သူတို့ကို မြင်ချင်တယ်! တတိယသခင်လေးက ဘယ်မှာလဲ? ရှောင်ယဲ့ကရော? ဘာတွေဖြစ်နေသလဲ? တစ်ခုခုပြောလေ!”
သူမသည် ကျယ်လောင်စွာ အော်ပြောနေမိသည်။
ထိုလူက အသံတိုးတိုးလေးဖြင့် ပြောလာသည်။
“ငါတောင်းပန်ပါတယ်”
ထို့နောက် သူမ၏ခေါင်းကို အလစ်ရိုက်ခံလိုက်ရကာ သူမ၏ကမ္ဘာသည် အမှောင်ကျသွားခဲ့သည်။ သူမပြန်နိုးလာခဲ့သည့်အခါ အရင်လိုပဲ သူမအနားတွင် ဘယ်သူမှ မရှိခဲ့ပေ။ သူမသည် ခေါင်းမူးဝေနေသေးသော်လည်း ချက်ချင်းထကာ အပြင်သို့ ပြေးထွက်လာသည်။
“တတိယသခင်လေး ဘယ်မှာလဲ?”
သူမသည် အပြင်ကလူတွေကို မေးလိုက်သည်။
“တတိယသခင်လေးနဲ့ အခုတွေ့လို့မရသေးဘူး?”
လူတစ်ယောက်က သူမကိုတားရင်းပြောသည်။
“ဘာဖြစ်တာလဲတော့ ငါ့ကိုပြောဦးမှပေါ့! ပြီးတော့ ဘာဖြစ်လို့ ဒီမှာချုပ်ထားကြတာလဲ?”
“ဒါက တတိယသခင်လေးရဲ့ အမိန့်ပါ”
သူမကို အခန်းကျဥ်းလေးထဲမှာထည့်ကာ ချုပ်ထားခံရသည်။ သူမသည် ခက်ခဲစွာဖြင့် ထွက်ပြေးလာကာ ရှောင်ယဲ့နှင့် သူမတို့ သွားနေကြဘားသို့ သွားလိုက်သည်။ ရှောင်ယဲ့က တာဝန်ပြီးတိုင်း ထိုဘားတွင် နေတက်သည်။ အကုန်လုံးက သူမကိုဘာမှ ပြောမပြသောကြောင့် ရှောင်ယဲ့ကို မေးရန်သွားခြင်းဖြစ်သည်။
သို့သော် ရှောင်ယဲ့သည် ဆုံးသွားခဲ့ပြီ။ ဘားဆိုင်ပိုင်ရှင်က သူ့ကိုယ်တောင် အလောင်းကို တွေ့ခဲ့သည်ဟု ပြောသည်။ သွေးတွေရွှဲနေသည့် ရှောင်ယဲ့ကို ဆေးရုံသို့ပို့သော်လည်း မကယ်နိုင်ဘဲ နာရီဝက်အတွင်း ဆုံးပါးသွားခဲ့သည်။
ရှောင်ယဲ့ဆုံးသွားသည့် အကြောင်းကို ကြားသည့်အခါ သူမသည် ကြောင်အသွားကာ အသံတွေက ဝေဝါးသွားပြီး ခေါင်းတွေ ပိုမူးသွားခဲ့ရသည်။
ထို့နောက် တတိယသခင်လေးရှိရာ ဆေးရုံသို့ အားတင်းကာ သွားခဲ့သည်။ တတိယသခင်လေးမှာ ဒဏ်ရာအပြင်းအထန်ရထားကာ တစ်ကိုယ်လုံးမှာ ဆေးပိုက်တွေအများကြီးဖြင့် ရှုပ်နေသည်။
သူမသည် ဆက်မကြည့်ရဲတော့ဘဲ ထိုင်ကျလိုက်ရကာ ခေါင်းကိုငုံ ပါးစပ်ကိုအုပ်ကာ ကြိတ်ငိုခဲ့ရသည်။
သူမသည် ရှောင်ယဲ့ဆုံးသွားသည်ကို လက်မခံချင်သဖြင့် နာရေးသို့လည်း မသွားရဲပေ။ သူမသည် ဆေးရုံမှ အပေါ်ဆုံးထပ်တွင်သာ လေညင်းခံရင်းဖြင့် စိတ်နှင့်လူ မကပ်သလို ဖြစ်နေခဲ့သည်။
အချိန်ကြာမှသာ သူမသည် ပစ္စည်းကိစ္စမရှင်းရသေးသည်ကို သတိရသွားတော့သည်။ ပထမသခင်ကြီးနှင့် ဒုတိယသခင်လေးတို့ကိုတော့ တတိယသခင်လေးက ကယ်လာခဲ့ပြီဖြစ်သည်။
တတိယသခင်လေးသည် အရေးပေါ်အခန်းတွင် ၉ရက်လောက် နေပြီးသည့်နောက်မှ ရိုးရိုးအခန်းသို့ ပြောင်းခွင့်ရခဲ့သည်။ တတိယသခင်လေးက အားပြတ်နေကာ နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေးတို့ကို မရိတ်ရသေးသဖြင့် ပိုရုပ်ရင့်လိုနေသည်။
သူမက ပြောလိုက်သည်။
“ကျွန်မ ထွက်သွားတော့မယ်။ တတိယသခင်လေး”
တတိယသခင်လေးက သူမပြောနေသည်ကို နားထောင်လို့သာ နေသည်။
“ကျွန်မ ဝမ်ရှန်ကို သွားရှာမယ်။ ပြီးရင် အကုန်ရှင်းလာခဲ့မှာမလို့ စိတ်မပူနဲ့တော့”
သူမက ဆက်ပြောသည်။
“သခင်တို့အကုန်လုံးကလည်း အခုလောလောဆယ်မှာ သွားရှင်းနိုင်ကြတဲ့ အခြေအနေ မဟုတ်တော့ လွန်မကုန်ခင် တစ်ယောက်ယောက်ကတော့ သွားရှင်းမှ ရလိမ့်မယ်”
“တကယ်လို့ ဝမ်ရှန်လက်ထဲမှာ ကျွန်မသေသွားခဲ့ရင် ကျွန်မကိုကျွေးမွေးပျိုးထောင်ခဲ့တဲ့အတွက် အကြွေးပြန်ဆပ်တယ်ပဲ ယူဆလိုက်ပါ။ ရှင်ခဲ့ရင်တော့ ကျွန်မလိုချင်တဲ့ ပုံမှန်ဘဝလေးမှာပဲ ရှင်သန်ပါရစေ”
တတိယသခင်လေးက ငြင်းသည်။
“ငါသက်သာလာတာနဲ့ ဝမ်ရှန်ကို ငါသွားရှင်းမှာ”
“ကျွန်မနားလည်တက်နေပါပြီ”
သူမက တည်ငြိမ်စွာ ဖြတ်ပြောသည်။
“ဘာကိုနားမလည်တာလဲ?”
တတိယသခင်လေးက သူမကိုစိုက်ကြည့်သည်။
“ရှောင်ယဲ့ကို ဘာဖြစ်လို့ခေါ်သွားတာလဲ ကျွန်မနားလည်သွားပြီ”
တတိယသခင်လေးက သူမကိုကြည့်နေသော်လည်း အကြည့်ချင်းမဆုံရဲပေ။
“ရှောင်ယဲ့က အရင်တုန်းက ပြောဖူးတယ်။ သူ့နောက်ကို နှာဘူးကြီးတစ်ယောက် လိုက်နေတာ ကြာပြီလို့။ အဲ့ဒီလူကြီးက သူ့အိမ်အထိလိုက်ပြီး တစ်ခါတစ်လေ သူ့တင်ပါးကို ထိသွားတက်တယ်တဲ့။ ရှောင်ယဲ့ဆုံးသွားမှသာ ကျွန်မသိလိုက်ရတာ။ အဲ့ဒီလူကြီးက ဝမ်ရှန်မလား”
သူမက လေသံကျယ်လာကာ ဆက်ပြောသည်။
“သခင်လေးက ရှောင်ယဲ့ကို ဝမ်ရှန်ကြိုက်နေတယ် ဆိုတာကို သိပြီးသားမလား? အဲ့ဒါကြောင့် ခေါ်သွားတာပေါ့! မဟုတ်ရင် ရှောင်ယဲ့ကို ခေါ်သွားစရာလား!”
တတိယသခင်လေးက သူမကိုဆူသည်။
“ဘာတွေလျှောက်ပြောနေတာလဲ?”
အမှန်တရား ဖြစ်နေကြောင်းက တတိယသခင်လေး၏ မျက်နှာထက်တွင် ဖြတ်ခနဲ ပေါ်လာသည်။ သို့သော် ချက်ချင်း ဘာမှမဟုတ်သလို ရုပ်ပြန်ထိန်းလိုက်နိုင်သည်။
“တတိယသခင်လေးက တကယ်လည်း အဆိပ်သုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်”
သူမသည် မငိုဘဲ ပြုံးကာကြည့်နေသည်။ သို့သော် သူမ၏အပြုံးမှာ အားပျော့လွန်းသည်။
သူမသည် ရှောင်ယဲ့အကြောင်းကို တွေးနေမိသည်။
‘ငါ့မောင်လေး ရှောင်ယဲ့က မသေခင်မှာ ဘာတွေတွေးနေလောက်မလဲ? ငါသူ့ကိုလာကယ်မယ်လို့ မျှော်လင့်နေရှာမှာမလား? တတိယသခင်လေးက သူ့ကိုသေတဲ့အထိ အသုံးတော်ခံဖို့ ခေါ်သွားတာကို မသိခဲ့ဘူးမလား? မသိတာပဲ ကောင်းပါတယ်။ သိသာသွားရင် သူဘယ်လိုနေမလဲ ငါဆက်တောင် မတွေးနိုင်တော့ဘူး’
သူမက ပြောလိုက်သည်။
“ဒီကိစ္စကို ကျွန်မအကောင်းဆုံး ကြိုးစပြီးတော့ ရှင်းပေးမယ်။ ဘာပဲဖြစ်လာပါစေ ကျွန်မတို့ အကြွေးကျေပြီ”
“တတိယသခင်လေး ကျွန်မကို မတားနဲ့။ ကျွန်မတို့က ဆုံးဖြတ်ပြီးရင် တားမရတဲ့သူတွေဆိုတာ သခင်လေးသေချာသိတယ်မလား”
“ကျွန်မ သေတာ ရှင်တာက သခင်လေးနဲ့ ဘာမှမဆိုင်တော့ဘူး”
တတိယသခင်လေးက နောက်ဆုံးမှာ မေးလာသည်။
“သေချာပြီလား?”
သူမခေါင်းငြိမ့်ပြလိုက်သည်။
တတိယသခင်လေးက
“နင်ရှင်လာဖို့ ငါမျှော်လင့်ပါတယ်။ နင်ဆက်ရှင်နေရင် နောက်နောင် နင့်ဘဝကို ငါဆက်မနှောင့်ယှက်တော့ဘူး”
သူမသည် တတိယသခင်လေးဆီမှ ထွက်လာကာ ရှောင်ယဲ့နေသည့်နေရာသို့ သွားသည်။ ရှောင်ယဲ့၏ပစ္စည်းများကို ရှင်းလင်းပေးပြီးသည့်အခါ သူမနေရာသို့ ရွှေ့ကာ ဘယ်သူမှ မထိနိုင်သည့် လုံခြုံသည့်နေရာတွင် သိမ်းထားလိုက်သည်။ သူ့အားသူမပေးထားခဲ့သည့် ရွှေငါးလေးကိုလည်း ရေကန်ထဲသို့ လွှတ်ပေးလိုက်သည်။
ထို့နောက် ဝမ်ရှန်ဆီသို့ သူမသွားလေသည်။ သူမသည် အသံသွင်းသည့် ဘောပင်တစ်ချောင်းပဲ ယူသွားကာ အခြားလက်နက်မပါပေ။ ဝမ်ရှန်က လူအများ၏အလည်တွင် ရပ်နေကာ သူမအား သေကြောင်းလာကြံသည့် xxမလို ကြည့်နေသည်။
သူမသည် ထိုနေရာမှာ သူမကိုယ်သူမ သေကြောင်းလာကြံရုံတင်မက ဝမ်ရှန်ကိုပါ သတ်ပစ်ဖို့လာခြင်းဖြစ်သည်။ သူမက ဘာကိုမှ မပြင်ဆင်ဘဲ မလုပ်တက်ပေ။
သူမတို့ နှစ်ဦးတည်း ညှိနှိုင်းဆွေးနွေးပြီးသည့်အခါ သူမ၏ရင်ဘတ်မှ အသံတွင်းဘောပင်ကို လက်ထဲသို့ ပြောင်းကိုင်သည်။ ထို့နောက် မနက်ဖြန်တွင် သူမတို့ပြောသမျှကို ရဲစခန်းသို့ ဒီသက်သေဖြင့်ပြကာ ဖော်ထုတ်လိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။
ဝမ်ရှန်ကပြုံးကာ သူမ၏လုပ်ရပ်များက အသုံးမဝင်ကြောင်း ပြောသည်။ သူဒီလို ရပ်တည်နေနိုင်သည်မှာ ရဲတွေဖြင့် အဆက်အသွယ်ရှိကာ အထက်အထိပေါက်ရောက်နိုင်၍ ဖြစ်သည်။
ထိုအခါ သူမလည်းပြုံးကာ သူ့အနားသို့ လျှောက်သွားသည်။ ထိုအချိန်မှာ အသွင်တူ ဘောပင်တစ်ချောင်းကို သူမလဲလိုက်ပြီဖြစ်သည်။ ထို့နောက် ထိုဘောပင်အား ဝမ်ရှန်ကို ပစ်ပေးမလိုလုပ်ကာ သူ့ပါးစပ်ကိုအုပ်ကာ ချုပ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပဲ ဘောပင်ကိုနှိပ်လိုက်သည့်အခါ ဓားသွားက ထွက်လာပြီး လျင်မြန်စွာပင် ဝမ်ရှန်၏ နှလုံးသို့ ထိုးစိုက်သွားသည်။
ဝမ်ရှန်သည် မျက်လုံးအပြူးသားဖြင့် သူမကိုကြည့်ကာ လဲကျသွားသည်။ သူမက ဓားကိုပိုနက်အောင် ထိုးချလိုက်ကာ
“ကျွနမရည်ရွယ်ချက်က ရှင့်ကိုသတ်ဖို့ ရောက်လာခဲ့တာပဲ”
အခန်းထဲတွင် လဲကျသံထွက်လာသည့်အခါ ဝမ်ရှန်၏လူများက ဝင်လာသည်။ ဝမ်ရှန်ကို သတ်လိုက်နိုင်သည့်အခါ သူမသည် ဝင်လာသည့်သူများကို အပြုံးကြီးဖြင့် ကြည့်လိုက်သည်။
လူတစ်ယောက်က သူမ၏ရင်ဘတ်အား ဓားဖြင့်ထိုးလိုက်သည်။ ဒဏ်ရာက နက်လွန်း၍ သွေးများက တရဟောထွက်လာသည်။ သူမသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့်အခါ လူများက ဝိုင်းကာရိုက်နှက်ထိုးကြိတ်တော့သည်။
သလောက်သည့် နာကျင်မှုက စုန့်ညန်မူဖြစ်ခဲ့သည့် လီနာ၏ နောက်ဆုံးမှတ်ညဏ်များသာ ဖြစ်တော့သည်။