၁၃၈။ ဒေါသ
သူတို့ဘေးက မော့ဟန်က ရှုချင်းရီအား အကဲခတ်နေကာ ဘာကိုမှ ဝင်မပြောပေ။
ထိုလူက ရှုချင်းရီ၏မှတ်ပုံတင်ကိုကြည့်ပြီး မချိပြုံးတစ်ခုပြုံးလိုက်ကာ
“တောင်းပန်ပါတယ်။ လူမှားသွားတာထင်တယ်”
သူကရှုချင်းရီကိုကြည့်ရင်း သူ့ကိုယ့်သူရေရွတ်သည်။
“မင်းတို့နှစ်ယောက်က တကယ်တူတာပဲ။ သူ့ပုံပြလို့တောင်ရတယ်။ ဒါပင်မယ့် ဒီနေ့က ခပ်လောလောနဲ့ထွက်လာတာဆိုတော့ သူ့ပုံပါမလိုက်မိဘူး။ ငါ. . . သူ့ကိုမတွေ့ရတာ အတော်ကြာပြီ။ သူပျောက်သွားလို့ ရှာနေတာ အတော်ကြာပြီ”
ရှုချင်းရီက သူတို့ပြန်တော့မှာ ဖြစ်သောကြောင်း ထိုလူအား ပြောကာ မော့ဟန်အကျီကိုဆွဲပြီး
“ကိုကြီး အိမ်ပြန်ရအောင်လေ”
ရှုချင်းရီက ထိုလူအား တစ်ချက်ကလေးတောင် လှည့်မကြည့်တော့ဘဲ မော့ဟန်ကို ဆွဲကာ ထွက်သွားတော့သည်။ ထိုလူက သူမအား ကြည့်နေသည်ကို သူမလှည့်မကြည့်သော်လည်း ခံစားလို့ရနေသည်။
ခပ်ဝေးဝေးကိုရောက်မှ ရှုချင်းရီမှာ စိတ်ရှုပ်လာသလို ကြောက်လာတော့သည်။ သူမက ထိုလူရုတ်တရပ်ပေါ်လာသည်ကို ကြောက်ခြင်းမဟုတ်သော်လည်း သူမကြောက်သည်က ထိုလူအပေါ်ကို သူမဘာခံစားချက်မှ မရှိခြင်းကိုပင်။ သူမထိုလူကိုတွေ့သည့်အခါ ရင်ခုန်သံက ပုံမှန်အတိုင်းပဲဖြစ်ကာ ထိုလူ၏မျက်ရည်ဖြင့် မျက်နှာကို တွေ့နေရသော်လည်း စိတ်ထဲတွင် ဘယ်လိုမှမနေပေ။ ရှုချင်းရီမှာ အတိတ်မေ့နေတာ ဖြစ်သောကြောင့် ဒီနေ့လို အရာအားလုံးက သူမနှင့်သိပ်မဆိုင်တော့သလို ခံစားနေရခြင်းလည်း ဖြစ်နိုင်ပါသည်။
ရှုချင်းရီက လမ်းကြာကြာလျှောက်ပြီးသည့်တိုင်အောင် မော့ဟန်က သူမလက်ကိုတွဲထားသည်ကို သတိမထားမိလိုက်ပါပေ။ ကားမောင်းနေသည့် အချိန်မှာတောင်မှ ရှုချင်းရီလက်ကို ကိုင်ထားကာ ညာလက်တစ်ဖက်တည်းဖြင့်သာ ကားမောင်းနေခြင်း ဖြစ်သည်။ ရှုချင်းရီက သူမလက်ကို ပြန်ထုတ်လိုက်ကာ ပြတင်းပေါက်ကိုငေးရင်း စိတ်ရှုပ်နေလေပြီ။
“ဘာဖြစ်လို့ ဒီလိုပြောလိုက်တာလဲ?”
မော့ဟန်က အချိန်အတော်ကြာမှ မေးသည်။
“ဒါဆိုရင် ဘယ်လိုပြောလိုက်ရမှာလဲ?”
“အတိတ်အကြောင်းကို သိချင်နေတာမလား?”
“မသိချင်တော့ဘူး”
ရှုချင်းရီက အချိန်အကြာကြီး ပြတင်းပေါက်အပြင်ကို ကြည့်နေရင်းမှ
“အဲ့အချိန်တုန်းက သေလုမျောပါး ဘာဖြစ်လို့ ဖြစ်ခဲ့ရတာလဲ ဆိုတာ မသိချင်တော့ဘူး”
“အရင်တုန်းက မင်းနဲ့ဒီလူက ဆက်ဆံရေးကောင်းခဲ့ပုံရတယ်”
မော့ဟန်က ပြောသည်။
ရှုချင်းရီက ချဉ်နေသည့်အပြုံးလေး ပေါ်လာကာ
“ညီမလေးကတော့ မထင်ပါဘူး။ ဆေးရုံမှာ တစ်လလောက်မျောနေတုန်းက ဆေးရုံကလည်း ကြေညာပေးနေရဲ့နဲ့ သူတို့ဘာဖြစ်လို့ လာမရှာကြတာလဲ? သူတို့က ရှာချင်တယ်ဆိုရင် ရဲစခန်းမှာ အမူဖွင့်တာမျိုး ဆေးရုံတွေကို လိုက်ရှာတာမျိုး ဘာဖြစ်လို့ မလုပ်တာလဲ? သူတို့က ညီမလေးကို သေလူလို ဆက်ဆံခဲ့တာလေ”
မော့ဟန်က သူမအားကြောင်အစွာကြည့်ကာ ခေါင်းလေးကိုပုတ်ပေးလိုက်သည်။
“မိဘတွေကရော? သူတို့ကို မသိချင်ဘူးလား?”
ရှုချင်းရီမှာ ခေါင်းငုံသွားကာ အသံလေးက တိုးသွားပြီး
“မသိတော့ဘူး”
“အဖြစ်မှန်ကို သိတာက ကောင်းမယ်လို့ ထင်တယ်။ အရင်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတာကို သေချာသိမှ ဆုံးဖြတ်ရလွယ်မှာပေါ့”
“အမှန်တရားက အရေးကြီးလို့လား? ဖြစ်ခဲ့တာ ကြာလာနေပြီကို”
ရှုချင်းရီက ပြတင်းပေါက်ကနေငေးရင်း သူမဟာသူမရေရွတ်သည်။
“ငါကတော့မင်းကို နောင်တမရစေချင်ဘူး”
မော့ဟန်ကပြောသည်။
“သူတို့နဲ့ မြန်မြန်လိုက်သွားစေချင်နေတာလား? သူတို့နဲ့တွေ့တော့ ငိုယိုပြီး ပြေးဖက်နေစေချင်တယ်ပေါ့လေ။ အဲ့ဒါမှ ကိုကြီးဆီမှ မြန်မြန်ထွက်သွားမှာမလို့မလား? ညီမလေးက ဒီလိုအရှုပ်ထုပ်ကြီးဖြစ်နေတော့ အမြန်ရှင်းပစ်ချင်နေတာပေါ့”
ရှုချင်းရီ၏လေသံမှာ အေးစက်ကာ စိမ်းကားနေပြီ။
မော့ဟန်သည် စတီရာတိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်မိသွားပြီး ပါးစပ်ကိုပိတ်ထားသော်လည်း မျက်မှောင်ကတော့ ကျုံနေပြီ။
“စိတ်ပူမနေနဲ့။ သူတို့နဲ့ သွားမနေရင်တောင်မှ ကိုကြီးဆီမှာ ဆက်ကပ်မနေတော့ဘူး။ ဘယ်အချိန်ဆင်းရမလဲ ပြောလိုက်စမ်းပါ။ ချက်ချင်းဆင်းပေးမယ်”
ရှုချင်းရီ၏လေသံမှာ တည်ငြိမ်ပြီး ပြတ်သားလွန်းသည်။ ထို့နောက်တွင်တော့ ရှုချင်းရီက ပြတင်းပေါက်အပြင်ကို ငေးရင်း မနက်က သူမဘာစားခဲ့သလဲ ပြန်တွေးနေမိသည်။
မော့ဟန်က ကားကို ချက်ချင်းပင် လက်ဘေးသို့ ထိုးရပ်လိုက်သည်။ ထို့နောက် ရှုချင်းရီကို ကြည့်ကာ
“အခုတလော စကားအရမ်းတကနေတယ်ပေါ့။ ငါလိုရှေ့နေအရှေ့မှာတောင် ပြန်ပြောတက်နေပြီပဲ။ ဘာလုပ်ပေးရမလဲ? မင်းကိုဆုတွေ ဘာတွေများ ချရဦးမလား?”
မော့ဟန်က နောက်ဆုံးတော့ ပြောလာလေသည်။
ရှုချင်းရီက အဆူခံလိုက်ရသောကြောင့် မျက်ရည်ဝဲလာပြီဖြစ်သော်လည်း ဘာပြောရမလဲ မသိသောကြောင့် နှာခေါင်းရှုံပြီး မဲ့ပြုံးကိုသာ ပြုံးထားသည်။