၁၅၅။ ကြမ်းတမ်းသည့်အနမ်း
“မင်းကို ဖက်လုံးယူမသွားခိုင်းရလောက်တဲ့အထိ ငါမကပ်ပါဘူး”
မော့ဟန်၏လေသံက အေးစက်နေသည်။
ရှုချင်းရီ၏ခေါင်းက ပိုငုံသွားသည်။ ခနလောက်ကြာမှ သူမပြောသည်။
“ဒီကိုလာတာက. . .ကျောင်းနားဖို့ကိစ္စအတွက်လာတာ။ ဟိုမှာတက်လက်စကျောင်းရှိတယ်လို့ ဟန်လျန်က ပြောတယ်။ ဒီဇိုင်းကျောင်းတစ်ခုပဲ။ သိပ်မကြာခင် ပြန်တက်ရတော့မှာ”
“တစ်ရက်လေးပဲ ရှိသေးတာကို မင်းရဲ့အရာခပ်သိမ်း ဟန်လျန်က ဆုံးဖြတ်ပေးနေပြီလား? မင်းကလည်း သူပြောသမျှ ခေါင်းငြိမ့်လက်ခံလိုက်တာပဲ။ သူ့ကို တကယ်ချစ်လို့ သူ့မိန်းမလုပ်တော့မလို့လား?”
ရင်ဘတ်ထဲမှာ နာကျင်လွန်းသောကြောင့် မော့ဟန်သည် ဘာကိုဂရုမစိုက်နိုင်တော့ပေ။
“မဟုတ်ပါဘူး. . .အဲ့လိုကြီးတော့ . . .”
ရှုချင်းရီက အမြန်ရှင်းပြသည်။
မော့ဟန်က သူမအနားသို့ တစ်လှမ်းချင်းကပ်လာကာ လှောင်ရယ်ရင်း
“အဲ့လိုမဟုတ်ဘူးဆိုရင် ဘာလဲ? သူ့အတွက် ကလေးမွေးပေးချင်လို့လား?”
ရှုချင်းရီက နောက်ကို သူတစ်လှမ်းတိုးလာတိုင်း တစ်လှမ်းဆုတ်မိနေသည်။ မော့ဟန်၏အကြည့်များက သူမအား ကြောက်လန့်စေကာ သူမ၏ရင်မှာ မရပ်မနားခုန်နေသည်။ သူမ၏ ခြေလှမ်းတွေက တုန်ရီနေကာ နောက်ကစားပွဲကိုပင် ကျောဖြင့်ထိသွားသည်။ မော့ဟန်ကတော့ သူမအရှေ့သို့ ဆက်လျှောက်လာသည်။
စားပွဲခံနေသဖြင့် နောက်ကိုဆုတ်စရာမရှိတော့သည် ရှုချင်းရီသည် မော့ဟန်နှင့် အရမ်းကပ်သွားသည်။ သူမသည် လန့်ခုန်မိတော့မတက်ဖြစ်နေကာ ရင်ခုန်သံများကလည်း ထိန်းမနိုင်သိမ်းမရပင်။ သူတို့၏ အသက်ရှုသံတို့ကတောင် သူတို့မျက်နှာတွေကို ရိုက်ခတ်နေသည်။
“ရှုချင်းရီ. . .ဘာဖြစ်လို့ မင်းဒီလိုမျိုးမှန်း ငါမသိခဲ့ဘူး။ မင်းမလိုချင်တာနဲ့ တစ်စုံတစ်ခုကို ဒီလိုပဲ လွှတ်ပစ်တက်တယ်လား?”
မော့ဟန်က မေးသည်။
ရှုချင်းရီက ကြောက်လန့်တကြား မော့ဟန်ကို ကြည့်ကာ
“ကိုကြီး. . . ညီမလေး မရည်ရွယ်. . .”
မော့ဟန်က သူမ၏စကားကို ကြားသည့်အခါ ခပ်ဖွဖွရယ်သည်။ သူရှုထုတ်လိုက်သည့် လေနွေးနွေးတို့က သူမ၏မျက်နှာထက်တွင် ကျီစယ်နေသော်လည်း ရှုချင်းရီအား သူ့အားနားမလည်နိုင်စွာ ကြည့်နေဆဲပင်။
“ငါက မင်းအကိုကြီးလို့ မင်းတကယ် ထင်နေတာတော့ မဟုတ်ဘူးလား?”
အရင်တုန်းက မော့ဟန်က ဒီလိုစကားမျိုးပြောခဲ့ရင် သူသနား၍ ကယ်ထားသည့် သူမနှင့် ဘာပတ်သက်မှုမှ မရှိကြောင်းကို သတိပေးနေခြင်းဟု သူမထင်ခဲ့မှာဖြစ်သည်။ ဒါပင်မယ့်လည်း ဒီလိုအခြေအနေမှာတော့ ရှုချင်းရီသည် အရင်တုန်းက တစ်ခါမှမတွေးဖူးခဲ့သည့် အတွေးမျိုးကို တွေးမိသွားသည်။ ရှုချင်းရီက
“ဟင်. . .ဟို. . .”
သူမ၏စကားမဆုံးခင်မှာပဲ မော့ဟန်၏လက်တစ်ဖက်က သူမ၏လည်ပင်းကို ထိန်းထားကာ သူမကို ကြမ်းတမ်းစွာနမ်းရန် မျက်လုံးကိုမှိတ်လျှက် သူမအနားသို့ကပ်လာသည်။
ရှုချင်းရီသည် ရင်ခုန်သံများ ရပ်တန့်သွားသလို ခံစားလိုက်ရကာ ဦးနှောက်က ဗလာဖြစ်သွားသည်။ မော့ဟန်က သူမ၏ခါးကို လာဖက်သည့်အခါမှာတောင် သူမ၏ဦးနှောက်မှာ အလုပ်မလုပ်သေးဘဲ မော့ဟန်၏စိတ်ကြိုက်နမ်းနေခြင်းခံနေရသည်။
ရှုချင်းရီမှာ ကျောက်ရုပ်တစ်ခုလို တောင့်နေသည်။ မော့ဟန်က သူမအား မတော်တဆနာကျင်အောင် နမ်းမိသွားသည့်အချိန်ကျမှ သူမလန့်ကာ တွန်းထုတ်မိလိုက်သည်။ သို့သော်လည်း မော့ဟန်က သူမ၏လက်များကိုချုပ်ကာ နမ်းဆဲဖြစ်သည်။
ဤသို့ဖြင့် ရှုချင်းရီမှာ မော့ဟန်နမ်းနေသည့်ကြားမှ အသက်ကို မနည်းရှုနေရတော့သည်။ အချိန်တွေ ကုန်ဆုံးနေသည်မှာလည်း အလွန်နှေးနေသလိုပင်။ မော့ဟန်၏ ကြမ်းတမ်းသည့်အနမ်းများကြောင့် ရှုချင်းရီမှာ ကုန်းပေါ်တင်နေသည့် ငါးတစ်ကောင်လို အသက်ရှုကြပ်ကာ သေတော့မလားလို့တောင် ထင်နေရသည်။
နောက်ဆုံးမှာတော့ မော့ဟန်က သူမ၏နှုတ်ခမ်းကို လွှတ်ပေးလိုက်သည်။ သူတို့နှစ်ဦး၏ နှုတ်ခမ်းတို့မှာ ရွှဲစိုနေကြသည်။ ရှချင်းရီခြေထောက်တွေက မခိုင်တော့ကာ မော့ဟန်၏ထိန်းထားမှုနှင့် အနောက်တွင်စားပွဲမရှိပါက သူမလဲကျသွားမှာ ဖြစ်သည်။
“မင်းထင်သလိုပဲ ရှုချင်းရီ။ ငါစည်းကျော်နေမိပြီ”
မော့ဟန်က ချက်ချင်းပြောသည်။
ရှုချင်းရီမှာ မော့ဟန်ကို မကြည့်ရဲတော့တာကြောင့် ကြမ်းပြင်ကို ခေါင်းငိုက်စိုက်ကြည့်နေရင်းသာ အသက်မနည်းရှုနေရသည်။
မော့ဟန်က သူမ၏မေးဖျားကိုကိုင်ကာ မော့စေပြီး ထပ်နမ်းပြန်သည်။ သို့သော်လည်း ဒီတစ်ခေါက်မှာတော့ ရှုချင်းရီက သူ့အားတွန်းထုတ်နိုင်ခဲ့သည်။ ရှုချင်းရီမှာ ခြေထောက်တွေ တုန်နေသောကြောင့် အနောက်က စားပွဲခုံကိုမှီရင်း ခနလောက် တိတ်ဆိတ်သွားသည်။
“ဒီလို. . .မလုပ်သင့်. . .”
မော့ဟန်က သူမအနားက ခွာသွားကာမှ အမြန်ပြောလိုက်သည်။
“ဒီလိုဖြစ်နေပြီးပြီလေ”
မော့ဟန်က ကုတင်ပေါ်တွင်ထိုင်ကာ သူ့ဆံပင်ကို နဖူးထက်သို့ ပင့်တင်လိုက်ရင်း ပြောသည်။ သူကိုယ်တိုင်လည်း သူ့စိတ်ကိုသူငြိမ်အောင် ပြန်ကြိုးစားနေရသည့်ပုံဖြစ်သည်။
သူတို့နှစ်ယောက်မှာ ဘယ်သူကမှ စကားမစတော့သောကြောင့် တစ်ခန်းလုံးတွင် တိတ်ဆိတ်မှုက အချိန်အတော်ကြာကြာ ကြီးစိုးသွားသည်။ ဒါကလည်း ရှုချင်းရီ၏ဖုန်း မြည်မလာခင်အထိသာ ဖြစ်သည်။