၁၀၂။ စိတ်စွမ်းအင်ဇွန်ဘီ
“အား. . .” လုံချင်းယင်သည် ညည်းတွားကာ ကားအမိုးပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ရသည်။ သူမ၏ကိုယ်ကို လက်နှစ်ဖက်ဖြင့် ထိန်းထားကာ ခေါင်းသည်ငိုက်စိုက်ကျသွားပြီး မျက်နှာသည် အရမ်းနာကျင်သဖြင့် ရှုံ့မဲ့သွားသည်။
ကားထဲတွင် အဆင့်ငါးတူယွမ်ရှင်းကလွဲ၍ အခြားသူများသည် နာလွန်း၍ အော်ဟစ်နေကြသည်။
“အား!”
“အား! ငါ့ခေါင်း!”
“ဟင်!. . .ဘာ. . .ဖြစ်? ငါ့ခေါင်း!”
တူယွမ်ရှင်းသည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ တစ်ကိုယ်လုံးလည်း တွန့်လိမ်နေကာ သို့သော်လည်း အသက်ကိုပြင်းပြင်းရှုကာ သူတို့အား အခွင့်ကောင်းယူကာ ခုန်အုပ်မည့် ဇွန်ဘီကို တိုက်နိုင်သေးသည်။
သူ့လက်ဝါးမှ လျှပ်စီးများသည် ထွက်လာကာ ဇွန်ဘီများကို ပစ်လိုက်သည်။ တဖြစ်ဖြစ်အသံများနှင့်အတူ သူ့လျှပ်စီးကြောင့် ဇွန်ဘီများစွာသည် ပေါက်ကွဲသွားသည်။ သူသည် ရှားပါးသည် လျှပ်စစ်စွမ်းအားရှင် ဖြစ်သည်။ သူ့အဆင့်သည် အရမ်းမမြင့်သော်လည်း ဇွန်ဘီများကိုတော့ တိုက်နိုင်ပါသေးသည်။ လူသားများအပေါ်တွင် ထိခိုက်အောင် မလုပ်နိုင်ပေ။ သူ့စွမ်းအားကြောင့် စခန်းတွင် သူ့အားဘယ်သူမှ မဆန့်ကျင်ချင်ကြပေ။ ဘယ်သူက ဓာတ်လိုက်ခံချင်မည်နည်း? ဒါကိုတွေးမိရုံဖြင့် လူများသည် သူ့အားကြောက်ကြသည်။
ကားထဲကလူများသည် ခနလောက် အကြောသေသလို ဖြစ်သွားကြသည်။ သူတို့ခေါင်းများကို လက်ဖြင့်ကိုင်ထားကာ အံကြိတ်နေကြသည်။ သူတို့၏မျက်နှာတွင် သူတို့၏နာကျင်မှုက ထင်ဟပ်နေသည်။
“တောက် ဒါ. . .စိတ်နဲ့တိုက်နေတာ. . .ဟုတ်တယ်မလား?”
ချိုင်ဟုန်ချင်းသည် အံကြိတ်ရင်းမေးသည်။ သူသည် နာကျင်မှုသက်သာအောင် ခေါင်းကို တစ်ခုခုဖြင့် တိုက်တောင် ပစ်ချင်နေသည်။
“အရမ်းနာတာပဲ. . .ရွှန်း အဆင်ပြေလား? ရွှန်း? ရွှန်း?” ကားနောက်ခန်းက လူများသည် အဖွဲ့ထဲက အားအနည်းဆုံး သာမန်လူဖြစ်သည့်သူက ပါးစပ်ကနေ အမြုပ်များထွက်ရင်း မျက်စိကလန်နေသည်ကို ကြည့်ရင်း အော်တော့သည်။
ကားအမိုးပေါ်က လုံချင်းယင်သည် အခုသက်သာလာပြီ ဖြစ်သည်။ သူမသည် ခေါင်ကိုမြှောက်ကာ အနားကဇွန်ဘီများကို ကြည့်လိုက်သည်။ ကားထဲကလူများက မလှုပ်နိုင်ဖြစ်နေချိန်တွင် သူမသည် လက်ကိုဆန့်တန်းကာ သံဆူးချွန်များဖြင့် ကားအနားသို့ ကပ်လာသည့် ဇွန်ဘီများကို ပစ်ရတော့သည်။
“မောင်း! ဇွန်ဘီတွေ အများကြီးပဲ။ အခုငါတို့မသွားရင် ဒီမှာသေတော့မယ်!” သူမသည် တိုက်နေရင်း ကားထဲကလူများကို အော်လိုက်သည်။
ထိုအချိန်တွင် တူယွမ်ရှင်းသည်လည်း ပြန်ကောင်းလာပြီဖြစ်ရာ ချိုင်ဟုန်ချင်းကို ကားအမြန်မောင်းဖို့ နှိုးဆော်သည်။ “လုပ်တော့ အဆင့်လေးဇွန်ဘီကို ရှာမနေနဲ့ ချက်ချင်းပြန်ဆုတ်ကြမယ်”
သူတို့သည် ဒီအခြေအနေမှာ ပစ်မှတ်ကို မတွေ့နိုင်သည်ဖြစ်ရာ နောက်ဆုတ်ဖို့အပြင် မရှိတော့ပေ။ ဒီစိတ်စွမ်းအင်ဇွန်ဘီကို ဖြေရှင်းဖို့ အစီအစဉ် အရင်ချသည်က ကောင်းသည်။ ထို့အပြင် လေစွမ်းအင် ဇွန်ဘီသည်လည်း တချိန်လုံးပေါ်မလာလေရာ ဘယ်ရောက်နေလဲ မသိကြပေ။ အဆင့်မြင့်ဇွန်ဘီနှစ်ကောင်က တစ်နေရာတည်းတွင် ပေါ်လာလျှင် တိုက်ခိုက်ဖို့သာ ဖြစ်မည်ဟု ပြောကြသည်မလား? သူတို့မရောက်ခင် စိတ်စွမ်းအားဇွန်ဘီက လေစွမ်းအားဇွန်ဘီကို ရှင်းပစ်လိုက်ပြီလား?
သူတို့တိုက်ပွဲကနေ ဆုတ်ခွာဖို့ ပြင်နေသည့် အချိန်ကိုက်တွင် လင်းချင်းသည် အပြင်အခြေအနေကို မသိဘဲ နယ်မြေထဲကထွက်လာသည်။ ကားအမိုးပေါ်တည့်တည့်ကိုမှပင်!
လင်းချင်းသည် လုံချင်းယင်၏ အေးစက်နေသည့် သာမန်ရုပ်လေးကိုကြည့်ကာ အံ့သြသွားသည်။ စိတ်ထဲတွင် သူမကိုယ်သူမ ပြန်မေးနေမိသည်။ ‘ဟဲ့ ဒီမှာဘာတွေ ဖြစ်နေကြတာလဲ?’
သူမဘာမှမလုပ်ရသေးခင် သူမနှင့် မီတာတစ်ဝက်တောင် မဝေးသည့် လုံချင်းယင်သည် သူမ၏ခါးမှ ဓားရှည်ကိုထုတ်ကာ လျှင်မြန်စွာ ခုတ်ချသည်။ ထက်လွန်းသည့် ဓားရှည်သည် ဓားအိမ်ထဲက သပ်ရပ်စွာ ဆွဲထုတ်ကာ အရှေ့က ဇွန်ဘီကို ပိုင်းတာ ဖြစ်သည်။
‘ချီးပဲ အရင်မတိုက်နဲ့လေ ငါတို့အေးဆေး စကားပြောလို့ မရဘူးလား?’ လင်းချင်းသည် စိတ်ထဲတွင် အော်ဟစ်နေမိသည်။ သူမ၏ကိုယ်ကတော့ ချက်ချင်းနောက်ကိုဆုတ်ကာ ခုန်လိုက်ပြီး ထိုဓားရှည်ကို သူမ၏လက်သည်းများဖြင့် အလိုအလျောက် ဖမ်းလိုက်သည်။
လုံချင်းယင်သည် ဇွန်ဘီလင်းချင်းက ဘယ်လောက်သွက်လဲ မြင်သည့်အခါ အံ့သြသွားသော်လည်း တိုက်ခိုက်မှုကို မရပ်ပေ။ သူမသည် လင်းချင်းအား ခြေထောက်ဖြင့် ကန်လိုက်သည်။
လင်းချင်းသည် ချက်ချင်းခြေထောက်ဖြင့် ပြန်တားကာ ကန်လိုက်သည်။ ထို့နောက် သူမ၏ခေါင်းကို ရွယ်လာသည့် လုံချင်းယင်၏ သံလက်မျာကို ခေါင်းကအမြန်ရှောင်လိုက်သည်။ ဒီလက်များက သူမ၏ခေါင်းကို ကြေမွသွားအောင် လုပ်နိုင်သည်ဟု သူမခံစားရသည်။ သူမ၏လက်ကို ထပ်မတိုက်နိုင်အောင် ဖမ်းထားလိုက်သည်။
လုံချင်းယင်သည် သူမ၏ဓားကိုကိုင်ထားဆဲဖြစ်သော်လည်း ဓားအစွန်းက လင်းချင်း၏ လက်ထဲတွင် ဖြစ်သည်။ ထိုဓားသည် လင်းချင်း၏လက်ဝါးကို မထိခိုက်စေဘဲ သူမသည် ကိုင်ထားရသည်မှာ သက်တောင့်သက်သာရှိတောင် နေသေးသည်။
လုံချင်းယင်ကို ထပ်မတိုက်နိုင်အောင် ချုပ်ထားပြီးမှ လင်းချင်းသည် ပတ်ဝန်းကျင်ကို ကြည့်ဖို့ အချိန်ရသွားသည်။ထိုအခါ ကားအနားမှ ဇွန်ဘီအုပ်ကြီးကို တွေ့လိုက်ရသည်။ လင်းချင်းသည် ဘာမှတွေးမနေဘဲ ထိုဇွန်ဘီများအား အမိန့်ပေးသည့်အသံဖြင့် နောက်ဆုတ်ဖို့ အော်လိုက်သည်။ “ဂါး”
ထိုအခါ လုံချင်းယင်သည် နားမလည်နိုင် ဖြစ်သွားသည်။ သူမ၏စိတ်ထဲတွင် ‘ဒါကစိတ်စွမ်းအားဇွန်ဘီမလား?’
သို့သော်လည်း မတိုက်ဘဲတော့ မနေပေ။ သူမ၏လှုပ်ရှားမှုများသည် မြန်နေဆဲပင်။ သူမသည် ဓားကိုချက်ချင်းလွှတ်ချလိုက်ကာ လက်ချောင်းများကို သံချွန်များအဖြစ် ပြောင်းလိုက်ကာ လင်းချင်း၏ ခေါင်းသို့ထိုးသည်။
လင်းချင်းသည်လည်း သူမဘာလုပ်မလဲ ဆိုသည်ကို သိပြီးသာဖြစ်ရာ ဆက်ချုပ်မထားတော့ပေ။ အသားချင်းထိနေသဖြင့် သူမ၏အတွေးများသည် လင်းချင်းသည် သိလိုက်ရသည် ဖြစ်သည်။ ထို့ကြောင့် လုံချင်းယင်က ဓားကိုလွှတ်ချသည်နှင့် သူမသည် လက်ကိုဖြေပေးလိုက်ကာ နောက်သို့ခုန်လိုက်သည်။ ထို့နောက် လေထဲတွင် ကျွမ်းထိုးလိုက်ကာ မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ပြန်ကျလာသည်။
လုံချင်းယင်သည် ဇွန်ဘီကို ထိခိုက်အောင် မလုပ်နိုင်သလို မျက်တောင်တစ်ခတ်အတွင်းတွင် ထိုဇွန်ဘီက ကားနှင့်မဝေးသည့် မြေပြင်သို့ ရောက်သွားကြောင်း မြင်လိုက်ရသည်။
“ဟင်? ဇွန်ဘီတွေ ရပ်သွားတယ်” ချိုင်ဟုန်ချင်းသည် ပတ်ဝန်းကျင်ကို ကြည့်ကာ တအံ့တသြပြောသည်။
လုံချင်းယင်သည် ကားပေါ်ကခုန်ချကာ ကားကိုကျောပေးပြီး လင်းချင်းကို မျက်နှာချင်းဆိုင်ကာ ကြည့်နေသည်။ သူမ၏လက်နှစ်ဖက်လုံးဖြင့် ဓားရှည်ကို ကိုင်ထားသည်။ “ဟိုမှာပေါ်လာလို့”
သူမ၏စကားများသည် အခြားသူများ၏ အာရုံကိုဖမ်းစားသွားသည်။ သူမပြောဖို့လုပ်နေသည်က စိတ်စွမ်းအင်ဇွန်ဘီပေါ်လာသည်ဟု ထင်လိုက်ကြသည်။ ကားထဲကလူများသည် လုံချင်းယင် အရှေ့ သုံးလေးမီတာလောက်မှာ ရပ်နေသည့် ဇွန်ဘီကို ကြည့်လိုက်ကြသည်။ ထိုဇွန်ဘီတွေ ဘာတွေကို ပတ်ရှာနေသလဲကို မသိပေ။
ထိုဇွန်ဘီသည် ငါးပေခုနစ်လက်မလောက်ရှိသည့် ဆံပင်တိုဖြင့် အထီးဖြစ်လောက်သည်။ မျက်နှာတွင် အညိုရောင်ဒဏ်ရာများဖြင့် ပြည့်နေသည်။ သန့်ပြန့်နေသည့် လေ့ကျင်ရေးဝတ်စုံကို ဝတ်ထားကာ အခြားဇွန်ဘီများလို မညစ်ပတ်မနံစော်ဘဲ တက်ကြွကာ သန့်ရှင်းနေသည်။ မျက်လုံးများသည် အနက်ရောင်တောက်ပနေသည်။
သူပေါ်လာသည်နှင့် အနားကဇွန်ဘီများသည် ရပ်သွားကြသည်။ တူယွမ်ရှင်းသည် အခြားသူများသည် အခြေအနေကို မြင်သည့်အခါ သတိအပြည့်ဖြစ်သွားကြသော်လည်း. . .တစ်မိနစ်သာ ကုန်သွားသည်။ ထိုဇွန်ဘီက သူတို့အား တစ်ချက်တောင် လှည့်မကြည့်ပေ။