၁၅၆။ နယ်မြေက ပိုကြီးသွားတယ်
‘အဆိပ်မြူ? ဒါဆိုရင် အဆိပ်ပါနေတာမလား?’ လင်းချင်းက ခနတွေးမိသွားသည်။ သူမ၏ အသစ်တိုးတက်လာသည့်အမြူများကို စမ်းသပ်ရန် သူတို့နှင့် ဝေးရာတစ်ဖက်သို့ အမြန်ပြေးသွားသည်။ သူမသည် လက်ဝါးကို ချုံနွယ်များဘက်ကို ချထားလိုက်သည်။
‘လက်ကနေထွက်လာ! လက်ကနေထွက်လာ!’ သူမသည် စိတ်ထဲက ရေရွတ်သည်။ ထိုအခါ သူမ၏ဦးနှောက်က နွေးထွေးမှုကို ခံစားမိကာ ဗိုက်ကနေ ပုခုံး၊ ထို့နောက် လက်များသို့ ရောက်လာသည်။ ထိုအခါ အနက်ရောင်မြူခိုးလေးသည် သူမ၏လက်ဝါးမှ ထွက်လာသည်။
ထိုမြူခိုးနက်သည် လက်ဝါးကနေ ထွက်လာကာ မြက်များရှိသည့် မြေပြင်ကိုထိသွားသည်။ နောက်အဖြစ်ကတော့ လူတိုင်းအား ရင်လေးစေသည်။ မြူခိုးနက်သည် အပင်ကိုအဆိပ်ဖြစ်စေတာ မဟုတ်ဘြ ပျောက်ကွယ်အောင် လုပ်လိုက်ခြင်းပင်။ မြူခိုးနက်က အပင်ကို စားပစ်လိုက်ခြင်းဆိုလျှင် ပိုမှန်လိမ့်မည်။ မြူခိုးနက်ကြောင့် မြက်များရှင်းသွားသည်ကိုကြည့်ရင်း လင်းချင်းသည် ကြောင်အသွားသည်။
ဒီမြူခိုးနက်က ဝါးမြိုနိုင်မည်ဟု မထင်ခဲ့ပေ။ လင်းချင်းသည် နွားစားခံရသဖြင့် ရှင်းနေသလိုမျိုးဖြစ်သွားသည့် မြက်ခင်းကို ထိုင်ကြည့်နေသည်။ မြူခိုးနက်ကို လင်းချင်းက ပြန်မသိမ်းလျှင် မသိမ်းခြင်း မြက်များကို ဝါးမြိုနေသည်က မရပ်ခဲ့ပေ။ မြူခိုးနက်ဖြင့် ထိလိုက်သည့် မြက်ရွက်သည် ချက်ချင်းမဲပြီးနောက် ပုပ်သွားကာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ချလိုက်သည့်နေရာမှနေ မြက်ခင်းကိုပုပ်သိုးကာ ပျောက်ကွယ်စေခြင်းက ပျံ့နှံ့လာသည်။ ပိုဝေးဝေးကို ရောက်လေလေ ပုပ်သိုးနှုန်းကနှေးလေလေ ဖြစ်သည်။ လင်းချင်းသည် ဒီလိုပျံ့နှံ့ခြင်းက တိကျသည့်အရွယ်တစ်ခုကို မရောက်မခြင်း မရပ်ဘူးဟု ခန့်မှန်းမိသည်။ တစ်မီတာပတ်လည်လောက်ကို ပျံ့နေပြီဖြစ်သော်လည်း ဒီထက်ပိုပြီးပျံ့နှံ့နိုင်ပုံရသည်။
လင်းချင်းက ထိုင်ကြည့်နေသော်လည်း ထိုမြူခိုးနက်များက သူမကိုမှ ထိခိုက်အောင်မလုပ်ပေ။ သို့သော်လည်း ဖိနပ်ကတော့. . .လင်းချင်းသည် ခြေထောက်အောက်မှ ထူးဆန်းသလို ခံစားရသဖြင့် နောက်သို့ထဆုတ်လိုက်ရသည်။
သူမ၏စွမ်းအားသည် မြူခိုးနက်ဖြစ်ကြောင်းကို သိလိုက်ရသည့်အခါ အရမ်းအံ့သြသွားသည်။
‘ငါက အဆင့်ဘယ်လောက်လဲ? နေရာလွတ်က ငါ့စွမ်းအားအစစ် မဟုတ်ဘူးပေါ့? ဒါမှမဟုတ် ငါ့မှာစွမ်းအားနှစ်မျိုးတောင် ရှိနေတာလား?’
သူမသည် အဆင့်ငါးဇွန်ဘီများက သာမန်ဇွန်ဘီများကို ထိန်းချုပ်နိုင်သည့်အကြောင်း ကြားဖူးသည်။ သူမတွင် ဒီလိုအစွမ်းမရှိခဲ့သော်လည်း အခုလုပ်ရမလား သိချင်သေးသည်။ သူမသည် ခေါင်းမော့ကာ ကြည့်လိုက်သည့်အခါ မနက်ခင်းဖြစ်နေသည်ကို အခုမှ သတိထားမိသည်။ သို့သော်လည်း သူမသည် သူမနယ်မြေထဲက ထွက်လာသည်မှာ နှစ်ရက်မြောက်လား? သုံးရက်မြောက်လား?
သူမသည် ချူးလီလီအား လှည့်ကြည့်ကာ “ဘယ်လောက်ကြာ. . .အဟမ်း!” စကားပြောရင်း လည်ချောင်းက ယားလာသဖြင့် သူမသည်ရပ်လိုက်ကာ ချောင်းဟန့်လိုက်ပြီးမှ “နယ်မြေထဲမှာ ငါဘယ်နှစ်ရက် ကြာသွားတာလဲ?’
“အာ ယာ” ‘တစ်ည’ ချူးလီလီသည် ချက်ချင်းပြန်ဖြေသည်။
လင်းချင်းက လှုပ်ရှားမှုမရှိတော့သည် လိပ်များကို ကြည့်လိုက်သည်။ ချူးလီလီကြောင့် ထိုလိပ်များသည် ကြောက်လွန်းကာ သတိမေ့နေခြင်းကိုတော့ လင်းချင်းက မသိရှာပေ။ နယ်မြေထဲတွင် လိပ်တစ်ကောင်ရှိသေးသည်ကိုလည်း ရုတ်တရပ် သတိရသွားသဖြင့် နယ်မြေထဲသို့ ဝင်လိုက်သည်။
ဝင်လိုက်သည့်အခါ သူမသည် ထူးဆန်းသွားသည်။ ‘ဘာဖြစ်လို့ ကြီးနေတာလဲ?’
သူမ၏နယ်မြေသည် အရင်ကထက် သုံးဆကြီးနေပြီ။ မြက်ခင်းပြင်က အရင်အတိုင်းဖြစ်သလို စိုက်ခင်းလေးနှင့် ချူးလီလီ၏ ပစ္စည်းတစ်ပုံကြီးနှင့် ပရိဘောဂများကလည်း အရင်အတိုင်းပင်။
ကန်ပေါ်ကနေ တက်လာတုန်းက လင်းချင်းသည် ကတုံးပြောင်းဖြစ်သွားခြင်းနှင့် ရင်သားများကိုသာ အာရုံရောက်နေသဖြင့် နယ်မြေက ကြီးသွားသည်ကို သတိမထားမိခြင်းပင်။ အခုတော့ မြက်ခင်းနောက်က သစ်တောအုပ်လေးကို တွေ့သွားသည်။ ထို့အတူ နယ်မြေလေးသည်လည်း အနောက်သို့ အလိုလို ဆုတ်သွားသည်။
‘ဘာဖြစ်လို့ ဟိုနယ်မြေလေးက ဆုတ်သွားတာလဲ? သစ်ပင်တွေကရော ဘယ်ကပေါ်လာတာလဲ?’ လင်းချင်းသည် ရေကန်ဘက်သို့လှည့်ကာ ရေတစ်ခွက်ခပ်သောက်လိုက်သည်။ စကားပြောရခြင်းက သူမ၏လည်ချောင်းကို ယားစေသည်။
ရေအေးသည် လည်ချောင်းထဲကနေ ရင်းနှီးသည့်စွမ်းအင်များဖြင့် ဝင်လာသည်။ ထို့နောက် ခြောက်သွေ့ယားယံခြင်းကို ချက်ချင်းပျောက်စေသည်။ လင်းချင်းသည် သုံးခွက်ဆက်တိုက်သောက်ပြီးနောက် ခွက်ကိုစားပွဲပေါ် တင်လိုက်သည်။ ထို့နောက်မှ လိပ်ကိုထားခဲ့သည့်နေရာသို့ သွားလိုက်သည်။
လင်းချင်းသည် အစေ့က သူမ၏နယ်မြေကို ပိုကြီးလာစေသလားကို သေချာမပြောတက်ပေ။ ဒါသာအမှန်ဆိုပါက ရေကန်ထဲမှ နွယ်ပင်လေးများသည် သူမနယ်မြေ၏ အသက်သို့မဟုတ် နှလုံးသားဖြစ်နိုင်သည်။
လင်းချင်းသည် လိပ်ကိုထားခဲ့သည့်နေရာသို့ ရောက်သော် လိပ်သည် အခွံထဲက ခေါင်းထွက်မလာသေးဘဲ ပုန်းနေသေးကြောင်း သိလိုက်သည်။ လိပ်က နယ်မြေထဲကနေ ထွက်မပြေးနိုင်သဖြင့် လင်းချင်း က စိတ်မပူတော့ပေ။
လိပ်နံ့ရသည့်အခါ လင်းချင်းသည် ဗိုက်ဆာလာပြန်သည်။ မနေ့ညက သူမ၏ကိုယ်ကို ကုသလိုက်သောကြောင့် အစွမ်းအများကြီး သူမလည်း သုံးလိုက်ရ၍ဖြစ်နိုင်သည်။ သူမသည် မနေ့ညက လိပ်ကိုစားခဲ့သော်လည်း အခုဗိုက်က ဆာနေပြန်သည်။ သို့သော်လည်း ချက်ချင်းတော့ မစားပေ။
သူမသည်ခြေထောက်နားက လိပ်ကိုကြည့်ကာ ခနတွေးပြီးနောက် နယ်မြေထဲကနေ ပြန်ထွက်လာသည်။ ထို့နောက် လိပ်တစ်ကောင်ချင်းစီကို နယ်မြေထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဖိနပ်လဲလိုက်ပြီးမှ အပြင်သို့ ပြန်ထွက်လာသည်။
“သွား. . .ရှာ. . .ရ . . .အောင်” ချူးလီလီနှင့် ကျွင်းကျွင်းကို ပြောလိုက်သည်။ သူမသည် စကားပြောနိုင်သော်လည်း တစ်လုံးချင်းကို ဖြည်းဖြည်းချင်းသာ ပြောနိုင်သေးသည်။ စကားပြောလေ့ပြောထမရှိတော့သဖြင့် သူမသာ အမြန်ပြောပါက စကားများသည် ရောထွေးကုန်လိမ့်မည်။ အော်ဖို့နှင့် ရေးဖို့မလိုတော့သဖြင့် ဖြည်းဖြည်းချင်းပြောသည်က ပိုကောင်းသည်။ သူမသည် ပြောစရာရှိသည်ကို တိုတိုနှင့်လိုရင်း ချုံ့ကာသာ ပြောဖို့လိုသည်။
ပျက်စီးသွားသည့်မြက်ခင်းကို စပ်စုစွာ ကြည့်နေသည့် ချူးလီလီသည် လင်းချင်း၏ အသံကိုကြားသည့်အခါ ချက်ချင်းလှည့်ကြည့်လာသည်။
လင်းချင်းက အနံ့ခံကာ လင်းဖန်တို့နေရာကို အတည်ပြုလိုက်သည်။ ထို့နောက် ကျွင်းကျွင်းအား သူမ၏အနောက်မှ လိုက်လာစေသည်။ ချူးလီလီကတော့ သစ်ပင်ပေါ်ခုန်တက်သွားကာ သစ်ပင်ဖျားတစ်ခုမှ တစ်ခုသို့ ခုန်ကူးလိုက်ပြီး လင်းချင်းတို့ မျက်လုံးထဲမှ ပျောက်သွားသည်။ လင်းချင်းသည် လာရာလမ်းအတိုင်း လက်သည်းများဖြင့် ခြုံများကိုရှင်းကာ အရှေ့ကနေ သွားသည်။ မကြာခင်တွင် လင်းချင်းနှင့် ကျွင်းကျွင်းတို့သည် ပန်းခြံ၏ အပြင်သို့ရောက်လာသည်။ ထိုအခါ အနားရှိသစ်ပင်ထိပ်မှ သူတို့ကိုစောင့်နေသည့် ချူးလီလီက ခုန်ဆင်းလာသည်။
လင်းချင်း၏ မျက်နှာမှ အမာရွတ်များသည် ပျောက်သွားသည့်အခါ သူမသည် နေကာမျက်မှန် တပ်ထားသည့် သာမန်လူတစ်ယောက်လိုပင်။ သူမနှင့်မတူဘဲ ချူးလီလီနှင့် ကျွင်းကျွင်းတို့က ဇွန်ဘီအသွင်များ ရှိသည်။
မြို့ထဲတွင် လင်းဖန်းတို့နှင့် ထွက်ပြေးနေသည့် ယန်ကျင်းဟွာအပြင် အခြားသူများ မရှိပေ။ လင်းချင်းသည် အခုအဆင့်ခြောက်စွမ်းအားရှင်ဖြင့် တစ်ပွဲနွှဲကာ တိုက်ခိုက်လို့ ရလောက်ပြီဟု ထင်လိုက်သည်။