May Honey Logo May Honey
Previous Next

၁၃၁။ ဒဏ်ရာရနေတဲ့လင်းဖန်

“မဖြစ်နိုင်ဘူး! လက်မခံနိုင်ဘူး!  ဘယ်လိုလုပ်ပြီး. . .ငါတို့ကို သူကလိမ်ရတာလဲ! ပိုဆိုးတာက ချင်းကို သူလိမ်တာပဲ!”   အမျိုးသမီးလင်းသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်သော်လည်း လှနေဆဲပင်။ သူမ၏မျက်လုံးများသည် အခုနီရဲနေသည်။ သူမသည် မျက်ရည်များကိုသုတ်ရင်း သူ့သားကို ဝမ်းနည်းစွာကြည့်ကာ ယန်ကျင်းဟွာကို အံကြိတ်ရင်းကျိန်ဆဲနေသည်။

လင်းဝမ်ဝမ်သည် တည်ငြိမ်နေဆဲဖြစ်သည်။ သူမသည် သက်ပြင်းချကာ   “ဒါပင်မယ့် မကြီးက ဒါကိုမသိလောက်ဘူး! ဒါကလည်း ပိုကောင်းပါတယ်။ မဟုတ်ရင် ဘယ်လောက်တောင် ဝမ်းနည်းသွားမလဲ မသိဘူး”

“ဟုတ်တယ်! ချင်းမသိတာ တကယ်တော်သေးတယ်။ မဟုတ်ရင် သူက. . .”   အမျိုးသမီးလင်းသည် ရှိုက်ငိုနေပြန်သည်။

“ငါ. . . ငါကရတယ်. . .ငါ့ကိုစိတ်မပူနဲ့. . .”   လင်းဖန်က ပြောသည်။ သွေးတစ်ပွက်အန်ပြီးသည့်အခါ သူတကယ်ပဲ အနည်းငယ် သက်သာသွားသည်။

သူပြောပြီးသည့်အခါ သူ့ဘေးတွင် သတိအပြည့်ဖြင့် ရပ်နေသည့် လင်းဟောင်က အမူအယာပြောင်းသွားကာ   “သူတို့ရောက်လာပြီ!”   သူသည် ရက်စက်စွာဖြင့်   “ငါတို့ဒီမှာ နေမရတော့ဘူး! အခုသွားရအောင်!”

သူပြောပြီးသည့်အခါ ကျန်သည့်သူများကလည်း စိုးရိမ်လာကြသည်။ သူသည် လင်းဖန်ကို ကျောပိုးရန် ထိုင်ချပေးလိုက်ကာ လင်းဝမ်ဝမ်နှင့် ချန်းဝမ်ယွဲ့တို့က ကူညီ၍ တင်ပေးကြသည်။ အမျိုးသမီးလင်းသည် လင်းရှောင်လုကို ပွေ့ချီလိုက်ကာ ကျန်သည့်သူများနောက်မှ လိုက်သည်။ 

ရှေ့ဆုံးတွင်တော့ သူတို့တပ်သားငါးယောက်သည် သူတို့မိသားစုကို ကာကွယ်ဖို့ ထွက်သွားသည်။ သာမန်ဇွန်ဘီများကို ရှင်းပြီးသည့်အခါ လင်းဟောင်နှင့် အခြားသူများကို ထွက်လာဖို့ အချက်ပြလိုက်သည်။ ထိုနောက် သူတို့သည် အမြန်ထွက်ကြသည်။ သို့သော်လည်း သူတို့အဝေးသို့ မရောက်ခင်တွင် စစ်ကားအကြီးတစ်စီးသည် သူတို့လမ်းကို ပိတ်လိုက်သည်။

ကားထဲရှိလက်နက်များက သူတို့ကို ချိန်ထားသဖြင့် မလှုပ်ရဲကြတော့ပေ။ ဒီကားကို မြင်သည့်အခါ သူတို့သည် စိတ်ဆင်းရဲမသွားကြဘဲ ဒေါသနှင့် အမုန်းများသာ တိုးလာသည်။ သတ်ချင်ဖြတ်ချင်စိတ်များသည် သူတို့ကိုယ်ထဲမှ ပြင်းပြစွာ ထွက်လာသည်။ သူတို့သည် ကားကိုကြည့်နေကာ ဗုံးဖြင့်ဖောက်ပစ်ချင်နေကြသည်။

ကားခေါင်မိုးပေါ်တွင် လူတစ်ယောက်ထွက်သည်။ ထိုလူသည် လက်များကို ကျောနောက်သို့ပစ်ထားကာ မတ်မတ်ရပ်နေသည်။ သူသည် သံချပ်ကာစစ်ဝတ်စုံကို ဝတ်ထားကာ အဖြူရောင်လက်အိတ်များဖြင့် ဖြစ်သည်။ ဓားတစ်ချောင်းက သူ့လည်သာခါးပတ်တွင် ချိတ်ထားသည်။ သူတွင်ကြည့်ကောင်းသည့် အချိုးအစားရှိကာ အရပ်ခြောက်ပေကျော်ရှည်သဖြင့် ရှည်လျားကာ သွယ်လျသည့် ခြေတံရှည်များရှိသည်။ သူ့၏ရှည်လျားကာ ကျဉ်းမြောင်းသည့် မျက်လုံးများသည် ပြတ်သားပြီး မျက်လုံးထူထူ၊ နှာခေါင်းဖြောင့်ဖြောင့်နှင့် နှုတ်ခမ်းပါးပါးရှိသည်။ သူသည် အသက်သုံးဆယ်ကျော်ရှိကာ ကြည့်ကောင်းသည့်သူဖြစ်သည်။

သူသည် မေးကိုပင့်ထားကာ မျက်လုံးများကို ကျဉ်းမြောင်းစေပြီး အပြုံဖျော့ဖျော့တစ်ခုဖြင့် လင်းဟောင်တို့မိသားစု၏ သနားစရာအခြေအနေကို ကြည့်နေသည်။ သူသည် လင်းဖန်းကို အပြုံးတစ်ခုဖြင့်   “လင်းဖန် မင်းကိုကြည့်ရတာ မကောင်းဘူးပဲ။ မင်းဘယ်လောက်ရှင်နိုင်မလဲ ငါသိချင်တယ်။ မင်းအသက်ကိုကယ်နိုင်မယ့် ဆေးတွေတော့ငါ့မှာပါလာတယ်”

လင်းဖန်သည် သူ့ညီ၏ကျောပေါတွင်ရှိနေကာ ခေါင်းကသူ့အကိုပုခုံးပေါ်တွင် ရှိနေသဖြင့် ဒီလူ၏မျက်ခွက်ကို မမြင်ရသော်လည်း နှာခေါင်းရှုံ့လိုက်သည်။   “မလိုဘူး။ လူလိမ်ဆီက ကြင်နာမှုကို ငါတို့လက်မခံနိုင်ဘူး။ ပြောဖို့မလိုအောင်ကို ငါတို့ကို ဒီလိုလုပ်ထားတဲ့သူဆီကဆိုရင် ပိုဆိုးတယ်!”

လင်းဖန်ပြောပြီးသည့်အခါ လင်းဟောင်သည် ဒီလူအား အေးစက်စွာကြည့်ကာ   “ယန်ကျင်းဟွာ! အရင်နှစ်တွေတုန်းက မင်းကိုငါတို့ ဘယ်လောက်ကောင်းကောင်း ဆက်ဆံပေးခဲ့လဲဆိုတာကို မင်းသေချာသိသင့်တယ်။ ဝဠ်ဆိုတာက လည်မှာပဲကွ!”

ကားပေါ်က ယန်ကျင်းဟွာသည် ပြုံးကာဖြင့်   “ဟုတ်တယ်! ငါအခုမင်းတို့ကို ဘယ်လောက်ကျေးဇူးသိတက်လဲဆိုတာကို ကြည့်လေ။ အဲ့ဒါကြောင့် မင်းတို့ကို မသတ်တာပေါ့။ မဟုတ်ရင် ဒီအချိန်အထိ မင်းတို့အကုန်ရှင်နိုင်မယ်ထင်လို့လား?”

သူပြောနေတုန်းတွင် အခြားကားများသည်လည်း ဒီနေရာသို့ရောက်လာကာ လင်းဖန်တို့အား ထွက်ပြေးရမည့်လမ်းမကျန်အောင်ကို ပိတ်လိုက်သည်။ ထိုကားများသည် အနားသို့ကပ်လာသည် ဇွန်ဘီများကို ပစ်လိုက်သည့်အသံများကို ကြားရသည်။ မကြာခင်တွင်ပဲ လင်းဖန်တို့နေရာသည် ဇွန်ဘီကင်းရှင်းရာ ဖြစ်သွားသည်။

“ယန်ကျင်းဟွာ! လူလိမ်ကောင်! နင်အကြာကြီးရှင်မှာ မဟုတ်ဘူး! လုံယုပိုင်က နင့်ကိုငါတို့စခန်းပေးမယ်များ ထင်နေလား? အသိပြန်ဝင်စမ်းပါ! အနှေးနဲ့အမြန် နင်လုပ်တာတွေကို နင်ပြန်ခံရတော့မယ်!”
လင်းဝမ်ဝမ်၏ တည်ငြိမ်နေမှုတို့သည် ပျောက်ရှလို့သွားကာ ယန်ကျင်းဟွာကိုကြည့်ကာ ဒေါသတကြီးဖြင့် အော်ဟစ်သည်။

ယန်ကျင်းဟွာသည် လင်းဝမ်ဝမ်ကို ကြည့်ကာ နူးညံ့သည့်အပြုံးဖြင့်   “ဝမ်ဝမ် ကလေးမဆန်စမ်းပါနဲ့။ ငါ့နဲ့ပြန်လိုက်ခဲ့။ အခုကစပြီးတော့ ငါကဟေးဒီးစခန်းခေါင်းဆောင်ပဲ။ ငါ့မိန်းမလုပ်ပြီး စခန်းတစ်ဝက်ကို ယူမယ်မလား? ဘာဖြစ်လို့ ငါပြောတဲ့အတိုင်း မလုပ်ရမှာလဲ?”

သူသည် ကောင်းမွန်စွာ ပြုံးနေသော်လည်း သူ့လေသံကတော့ မလိမ်မာသည့် အိမ်မွေးတိရိစ္ဆာန်ကို ချော့မော့ကာ ပြန်ခေါ်နေသလိုပင်။ သူ့စကားကို ကြားရသည့် လင်းဝမ်ဝမ်သည် ကြက်သီးထလွန်း၍ ဆံပင်များတောင် ထတော့မတက် ဖြစ်သွားသည်။

သူမသည် အကျယ်ကြီး အော်လေသည်။
“အား!!! ယန်ကျင်းဟွာ! နင်ကများ ငါ့ကိုဒီလိုပြောရဲတယ်! ငါပြောမယ်။ နင့်လိုရွံ့ဖို့ကောင်းတဲ့ကောင်နဲ့ ရှိနေရမှာထက်စာရင် ငါသေလိုက်မယ်!”

ဒီတစ်ခါတော့ ယန်ကျင်းဟွာသည် ဘာမှပြန်မပြောပေ။ သူသည် ပြုံးမနေတော့ဘဲ သူ့မျက်လုံးထဲတွင် အဓိပ္ပာယ်အပြည့်ဖြင့် လင်းဝမ်ဝမ်ကို ကြည့်သာနေလိုက်သည်။

လင်းဝမ်ဝမ်သည် အကြည့်ကြောင့် ယန်ကျင်းဟွာကို ရက်စက်သည့် ဝံပုလွေမတစ်ကောင်အတိုင်း ဒေါသတကြီးဖြင့် ကြည့်နေသည်။ သူမ၏ မျက်လုံးများသည် ပြူးနေကာ အံကြိတ်ထားသည်။

ထိုအချိန်တွင် လင်းချင်းသည် လင်းဖန်တို့အနားက သုံးထပ်တိုက်တွင် ရပ်နေသည်။ သူမသည် ယန်းကျင်းဟွာကိုကြည့်ရင်း သူမ၏စိတ်ထဲတွင် တစ်ခုခုပေါ်လာသလိုဖြစ်လာသဖြင့် ခေါင်းကိုက်လာသည်။ 

ယန်ကျင်း၏ ချောမောသည့် မျက်နှာကို ကြည့်ပြီးနောက် သူမ၏မိသားစုကို ပြန်ကြည့်လိုက်သည်။
‘ဟုတ်တယ်! အမေ၊ အကိုကြီးနဲ့ ညီမလေး ပြီးတော့ တူမလေးရောပဲ။ ဒါကငါ့မိသားစုအစစ်ပဲ! ဒါပင်မယ့်. . .ဒါပင်မယ့်. . . ဘာဖြစ်လို့ အကုန်လုံးက အရင်ကနဲ့ သိပ်မတူတော့သလို ငါခံစားနေရတာလဲ?’

မကြာခင်တွင်ပဲ သူမသိသွားသည်။ သူမ၏မိသားစုသည် ကမ္ဘာပျက်ကပ်ကို ငါးနှစ်ကျော် ဖြတ်သန်းခဲ့ရပြီဖြစ်သည်။ သူမ၏မှတ်ညဏ်ထဲမှ တူမလေးသည် ၂နှစ်အရွယ်သာရှိသေးသော်လည်း အခုကတော့ ကလေးမတောင် ဖြစ်နေပြီ။    ‘အချိန်! အချိန်က သူတို့ကို ပြောင်းလဲလိုက်တာပဲ!’

လင်းချင်းသည် မိသားစုများကို တွေ့သဖြင့် ပျော်လွန်း၍ အောက်ကိုဆင်းကာ မျက်နှာကိုထုတ်ပြချင်သွားသည်။ သို့သော်လည်း သူမသည် စိတ်မနည်းထိန်းကာ ထိုအဆောက်အဦးတွင် တည်ငြိမ်အောင်ထိန်းရင်း ဆက်ကြည့်နေလိုက်သည်။

သူမသာ ဇွန်ဘီရုပ်ဖြင့် ပေါ်သွားပါက သူတို့သည် သူမကိုကြောက်သွားကာ ပြန်တိုက်ခိုက်လာနိုင်သေးသည်။ သူမ၏မိသားစုများသည် ငရဲမီး၏ မိသားစုများ ဖြစ်နေလေရာ သူမကိုယ်တိုင်နှင့် ငရဲမီးသည် တစ်ယောက်တည်းသာ ဖြစ်လိမ့်မည်။

‘ဒါပင်မယ့် ငါကဘယ်လိုလုပ် ဇွန်ဘီဖြစ်နေတာလဲ? ဒီငါးနှစ်အတွင်းက မှတ်ညဏ်တွေ ဘာမှမရှိတော့ဘူးလား? အကုန်မေ့သွားတာလား? ဘယ်လိုလုပ်ပြီးတော့ အကုန်လုံးကို မေ့သွားနိုင်ရတာလဲ? ဘာတွေဖြစ်နေတာလဲ?’  
Previous Chapter 131 of 198 Next