၅၁။ ကမ္ဘာပျက်ခေတ်က ဓားပြများ
“ဘန်း! ဘန်း! ဘန်း!”
ရှဲ့တုန်းက လှုပ်ရှားလိုက်သည့်အခါ အခြားဓားပြများသည် သူတို့၏သေနတ်များကို မြှောက်ကာ သူ့အားဆဲဆိုရင်းပစ်ကြတော့သည်။
“သေချင်နေလား? သေလိုက်တော့”
သို့သော်လည်း သူကကျည်ဆန်များကို ရှောင်ဖို့မကြိုးစားသည်ကို မြင်သည့်အခါ အကုန်ကြောင်အသွားကြသည်။ ထို့နောက် လူဝကြီးကို ခုန်ကျော်လိုက်ကာ လူဝကြီးနောက်တွင် ချက်ချင်းအကာအကွယ်ယူလိုက်သည်။ လူဝကြီးနောက်တွင်နေရင်း သူ့ကိုပစ်သမျှ ကျည်ဆန်တိုင်းကို လျစ်လျူရှုကာ လက်သည်းများကို ထုတ်လိုက်ပြီးနောက် လူဝကြီး၏ ကျောကိုနှိုက်လိုက်သည်။ နောက်တစ်စက္ကန့်အတွင်းတွင် ခုန်နေသည့် နှလုံးတစ်ခုက သူ့လက်ထဲတွင် ပါလာသည်။
လူဝကြီး၏မျက်လုံးသည် ပြူးကျယ်နေကာ ပါးစပ်လည်း အဟောင်းသားဖြစ်နေသည်။ သို့သော်လည်း သူ့အော်သံသည် လည်ချောင်းထဲတွင် ပျောက်သွားကာ မြေပြင်ပေါ်သို့ ဘုန်းခနဲပြုတ်ကျသွားတော့သည်။ ထိုအချိန်တွင် ရှဲ့တုန်းသည် သူ့လက်ထဲက ခုန်နေသည့် နှလုံးကိုကြည့်သာနေကာ ကျန်သည့်ဓားပြများကို ဂရုကိုမစိုက်ပေ။
ဆာလောင်နေသည့် ဓားပြများသည် ရှဲ့တုန်းသည် သူတို့ထက် ပိုဆာလောင်နေကြောင်းကို မသိကြပေ။ သူသည် ဇွန်ဘီအဖြစ်နိုးလာပြီးနောက် အစာမစားရသေးသည်မှာ ရက်အတော်ကြာလေပြီ။ သူသည် အဆင့်နိမ့်ဇွန်ဘီလောက်ပဲရှိသေးသဖြင့် သူ့၏အဆာခံနိုင်မှုသည် တစ်ရက်လောက်သာရှိသည်။ လင်းချင်း၏ ကန်ရေမှအာနိသင်ကြောင့်သာ မဟုတ်လျှင် သူ့စိတ်သည် လွတ်ထွက်သွားကာ ရူးသွပ်နေသည့် ဇွန်ဘီဖြစ်နေလောက်ပြီ။ ဒီလိုသာဖြစ်သွားပါက သူသည်တွေ့သမျှ လူသားတိုင်းကို လူကောင်း လူဆိုးမခွဲနိုင်တော့ဘဲ ကိုက်နေတော့မှာ ဖြစ်သည်။
ရှဲ့တုန်းသည် နှလုံးကိုကိုင်ထားကာ ထိုဆွဲဆောင်မှုရှိသည့်အနံ့ကို ရှုနေရင်း သူ့ကိုယ်သူမနည်းထိန်းနေရသည်။ ဒီလူဝကြီးသည် မကောင်းသည့်သူဖြစ်သော်လည်း လူသားဖြစ်သည်။ ရှဲ့တုန်းသည် အခုဒီနှလုံးကို စားလိုက်ပါက လူသားစားသတ္တဝါဖြစ်သွားမည်မလား? သို့သော်လည်း အခုသူတကယ်ဗိုက်ဆာနေပြီဖြစ်ပြီး ဗိုက်ဟောင်းလောင်းဖြင့် နေရခြင်းက တကယ်အဆင်မပြေပေ။
သူ့ရင်ထဲမှ အသံတစ်ခုကလည်း သူသည် လူသားမဟုတ်တော့ဘဲ ဇွန်ဘီဖြစ်နေသောကြောင့် လူသားစားခြင်းက ဇွန်ဘီများ၏ ပုံမှန်ဖြစ်ကြောင်းနှင့် လူသားတစ်ယောက်လို တွေးမနေသင့်တော့ကြောင်းကို ပြောနေသည်။ ထိုအသံကိုကြားသည့်အခါ ရှဲ့တုန်းသည် နှလုံးကို အံကြိတ်ရင်းကြည့်လိုက်သည်။
ဓားပြခြောက်ယောက်သည် လူသားနှလုံးကို လက်ထဲတွင်ကိုင်ရင်း သူတို့ကို အရေးတောင်မလုပ်သည့် ခပ်ကြောင်ကြောင် ရှဲ့တုန်းကိုကြည့်ကာ သူ့ကိုယ်ထဲသို့ဝင်သွားသည့် ကျည်ဆန်တွေက သူ့အားဘယ်လိုမှ မဖြစ်စေဘူးလားဟု တွေးမိနေပြီ။
“ဒါ. . .ဒါ. . .ဒါကဘာလဲ? ဘာဖြစ်လို့ ဒီလူက သူများနှလုံးကို လက်ဗလာနဲ့ ထုတ်နိုင်နေရတာလဲ? ကျည်ဆန်တွေကရော သူ့ကိုမတိုးဘူးလား? ဘာဖြစ်လို့ သူနှလုံးကို ကြည့်နေတဲ့ပုံက အရမ်းဆာနေသလို ဖြစ်နေရတာလဲ?”
‘ဘာတွေဖြစ်နေတာလဲ’
သူတို့အတွက် ရှဲ့တုန်းသည် ကားမောင်းလာသည့် သာမန်လူတစ်ယောက်လိုပင်။ ထို့ကြောင့် လူသားဟု ထင်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း သူလုပ်နေခြင်းတို့က လူသားတစ်ယောက်ထက် ပိုနေပြီ။
ထိုအခိုက်အတန့်တွင် သူတို့သည် ဒီလူက နှလုံးကို ပါးစပ်ထဲထည့်ကာ စားနေသည်ကို မြင်လိုက်ရသည်။ သွေးတို့က ပါးစပ်ကနေ စီးကျနေသဖြင့် ပါးစပ်တစ်ခုလုံးသည် သွေးများဖြင့် နီရဲလေပြီ။ ရှဲ့တုန်း၏မျက်လုံးထဲမှ ကျေနပ်မှုကို တွေးသည့်အခါ ဓားပြများ၏ ဦးနှောက်တို့သည် ခနအလုပ်မလုပ်တော့သည့်အလား သူတို့အံ့သြကာ ကြောင်အကုန်ကြသည်။
သူတို့သည်လည်း လူသားစားကြသော်လည်း မစားခင် သေချာချက်ပြုတ်ထားခြင်း ဖြစ်သည်။ လူသားကို အစိမ်းစားခြင်းသည် ဒီလိုရက်စက်သည့် ဓားပြများပင် မလုပ်နိုင်ကြပေ။ ထို့ကြောင့် ရှဲ့တုန်းသည် လူသားအစိမ်းစားနေခြင်းကို မြင်သည့်အခါ ဓားပြများသည် ကြောက်လန့်သွားကြသည်။
‘ဒီလူ ငါတို့ထက်တောင် ပိုကြမ်းနေသေးတယ်’
ဓားပြခေါင်းဆောင်ဖြစ်ဟန်တူသည့်သူသည် ဘာဖြစ်နေသလဲကို နားလည်သွားပုံရသည်။ သူသည်တည်ငြိမ်စွာဖြင့် ရှဲ့တုန်းကို သေချာကြည့်တော့သည်။ သေနတ်ပစ်ခံရသည့်နေရာများမှ ထွက်နေသည့်သွေးများသည် နီရဲနေရမည့်အစား ခရမ်းရောင်ပုပ်ပုပ်များ ဖြစ်နေသည်။
ရှဲ့တုန်းလူသားစားသည်ကို မြင်စဉ်က သူတို့လိုလူဟု ထင်မိသော်လည်း သေချာကြည့်သည့်အခါ ရှဲ့တုန်းသည် ပုံမှန်မဟုတ်သည်ကို သူတွေ့သွားသည်။ ရှဲ့တုန်းသည် လူဝကြီး၏ကျောမှနေ နှလုံးကိုဆွဲထုတ်စဉ်က သူ့လှုပ်ရှားမှုသည် သေသပ်ကာ အလိုအလျောက်ဆန်လွန်းသည်။ ကျည်ဆန်များကို လျစ်လျူရှုထားခြင်းနှင့် သွေးမနီက ခရမ်းပုပ်ရောင်ဖြစ်နေပြီး သွေးတို့မှာ အရင်ထဲကလိုဖြစ်နေကာ ဆက်မထွက်ခြင်းတို့ကို သတိထားမိသည်။
ရုတ်တရပ် အတွေးတစ်ခုပေါ်လာကာ ဓားပြခေါင်းဆောင်၏မျက်နှာသည် ဖြူလျော်သွားသည်။ သူသည် အနောက်ကိုချက်ချင်းဆုတ်ရင်း အော်သည်။
“နောက်ဆုတ်ကြ! ဒါကအဆင့်မြင့်ဇွန်ဘီပဲ!”
သူသည် နောက်သို့ဆုတ်ရင်း ရှဲတုန်း၏ခေါင်းကို ပစ်လိုက်သည်။ သူ့စကားကိုကြည့်သည့်အခါ အခြားသူများသည် လန့်သွားကာ အနောက်သို့ အမြန်ဆုတ်ကြသည်။
ရှဲ့တုန်းကတော့ အကြီးကြီးကိုက်ထားသည်ကို အမြန်မြိုချလိုက်ကာ နှလုံး၏ကျန်သည့်အပိုင်းတောင် ပြုတ်ကျသွားသည်။ ရှဲ့တုန်းသည် အစာစားနေသဖြင့် သူ့လှုပ်ရှားမှုများက နှေးနေသော်လည်း ကျည်ဆန်ကို သတိမထားမိသည့်လောက်အထိတော့ မဟုတ်ပေ။ အကယ်၍ ထိုကျည်ဆန်သာ သူ့ခေါင်းကိုထိသွားလျှင် မကောင်းတော့ပေ။
သို့သော်လည်း သူ့အားကျည်ဆန်ထိတော့မည့် အခိုက်အတန့်တွင် သူ့အရှေ့မှ ဒိုင်းသဖွယ် သဏ္ဍာန်တစ်ခုက ပေါ်လာသည်။ ထိုသဏ္ဍာန်သည် လက်ကိုမြှောက်ကာလှုပ်လိုက်ရုံဖြင့် တိုးဝင်လာသည့် ကျည်ဆန်များသည် သူ့လက်ဖြင့်ပုတ်ထုတ်ခံလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ကျသွားသည်။
“ဒီဇွန်ဘီက ဘယ်ကနေ ရောက်လာတာလဲ?”
ဓားပြများသည် မစဉ်းစားတက်ပေ။
လင်းချင်းသည် ကျည်ဆန်များကို လက်ဖြင့်ပုတ်ထုတ်ပြီးနောက် ဓားပြများကို အထင်သေးစွာကြည့်လိုက်သည်။ ထို့နောက် ရှဲ့တုန်းအား ခြေထောက်ဖြင့် ပိတ်ကန်လိုက်တော့သည်။ လတ်ဆက်သည့်နှလုံးကို စားရသဖြင့် ကျေနပ်နေသည့် ရှဲ့တုန်းသည် အကန်ခံလိုက်ရသည့်အခါ လင်းချင်းအား စိတ်ရှုပ်စွာ ကြည့်လာသည်.
“ဂါး!”
လင်းချင်းသည် အံကြိတ်ထားရင်း အော်လိုက်သည်။ သူမပြောသည်မှာ
‘အစားပဲ ငမ်းမနေနဲ့! ကျည်ဆန်တွေ နင့်ခေါင်းထဲကို ရောက်စေချင်နေလား?’
သူမ၏အော်သံကိုကြားမှ ရှဲ့တုန်းသည် သူဘာကိုစားမိနေမှန်းကို သတိပြန်ရသွားသည်။ သူ့မျက်နှာသည် ဖြူဖပ်သွားကာ ခါးကိုကုန်း၍ လည်ချောင်းထဲသို့ လက်ထည့်ကာ စားထားသည်ကို ပြန်အန်ဖို့ လုပ်တော့သည်။
လင်းချင်းသည် သူမစကားမပြောနိုင်သော်လည်း ရှဲ့တုန်းဒီလိုလုပ်နေသည်ကို မြင်သည့်အခါ ပြောစရာစကား ပျောက်ရှသွားသည်။
‘စားပြီးနေပြီပဲ။ ဘာဖြစ်လို့ အခုမှပြန်အန်ထုတ်ဖို့ လုပ်နေပြန်တာတုန်း?’
သို့သော်လည်း ဓားပြများက သူမအား စတိုက်ခိုက်လာပြီဖြစ်သဖြင့် ရှဲ့တုန်းကို ကြည့်မနေနိုင်တော့ပေ။ ခြောက်ယောက်အဖွဲ့သည် သူမအား ရူးသွပ်စွာ သေနတ်ဖြင့် ပစ်ကြတော့သည်။ သေနတ်သံများ၏အနောက်တွင် ကျည်ဆန်များက လွင့်ပျံလာသဖြင့် လင်းချင်းသည် ဂိမ်းဆော့နေရသလို ခံစားလိုက်ရသည်။ သူမသည် ကျည်ဆန်များကို ဆက်တိုက်ပေါ့ပါးသွက်လက်စွာ ရှောင်လိုက်ပြီးနောက် သူမနှင့်အနီးဆုံး ဓားပြဆီသို့ ပြေးလိုက်သည်။
ဒီဓားပြသည် လှုပ်ရှားမှုအနှေးဆုံးဖြစ်သည်။ လင်းချင်းက သူ့အနောက်သို့ ရောက်လာသည့်အခါ သူသည် လမ်းမပေါ်သို့ ပြန်ပြေးရန်လုပ်သည်။ လင်းချင်းသည် ထိုလူအား ထိစရာတောင်မလိုဘဲ သူမ၏လက်သည်းများဖြင့် ကုတ်လိုက်သည်။ ထိုလူ၏ခေါင်းသည် ပြတ်ထွက်သွားကာ လမ်းမဘေးသို့ သွေးများနှင့်အတူ ပြုတ်ကျသွားသည်။
လင်းချင်းသည် လက်သည်းဖြင့် တိုက်ခိုက်ခြင်းကို မရပ်ပဲ သူမအားပစ်လိုက်သည့် မီးလုံးများကို နောက်သို့လှန်ချကာ ရှောင်သည်။ သို့သော်လည်း မီးလုံးများပြီးနောက် ရေခဲချွန်များကလည်း သူမဆီသို့ ရောက်လာပြန်သည်။
မီးလုံးပစ်သည့် သာဘာဝလွန်စွမ်းအားရှင်ဓားပြသည် အဆင့်သုံးသာဖြစ်သည်။ သို့သော်လည်း ရေခဲချွန်များဖြင့် သူမအားပစ်နေသည့်သူကတော့ အဆင့်လေးဖြစ်သည်။ အခြားသူများကို နောက်ဆုတ်ရန် ပြောသည့်သူမှာလည်း သူပင်ဖြစ်သည်။
ဓားပြနှစ်ယောက်သည် ချက်ချင်းလှုပ်ရှားကာ သူတို့၏တိုက်ခိုက်မှုများက ပြင်းထန်ကာ မြန်ဆန်သော်လည်း လင်းချင်းလောက်တော့ မမြန်ပေ။ မီးလုံးကို သူမရှောင်လိုက်သည့်အခါ ရေခဲချွန်က သူမဆီသို့ တည့်တည့်ကြီး တိုးဝင်လာသည်။ သို့သော်လည်း သူမသည် လေထဲတွင် ရုတ်တရပ် ပျောက်ကွယ်လို့သွားသည်။ သူမပြန်ပေါ်လာသည့်အခါတွင်တော့ သူမသည် မီးလုံးပစ်သည့် ဓားပြ၏ဘေးသို့ ရောက်ရှိနေနှင့်ပြီ။