၁၂၅။ အဖွဲ့ထဲဝင်လာတဲ့နှစ်ယောက်
ကိုယ်ပျောက်နေသည့် လင်းချင်း၏ ကိုယ်သည် ပိုပေါ့ပါးကာ လျင်မြန်သဖြင့် အဆောက်အဦးတစ်ခုပေါ်မှ တစ်ခုသို့ကူး၍ရသည်။ သူမသည် အခုဆိုလျှင် ၇မီတာ ၈မီတာလောက်ဝေးသည့် အောက်ကအဆောက်အဦးတစ်ခုပေါ်တွင် ရောက်နေပြီ ဖြစ်သည်။
သူမသည် ပျံသန်းနေရသလိုမျိုး အံ့သြစရာကောင်းသည့် ခံစားမှုကို ခံစားရသည်။ အနည်းငယ်ခုန်ကြည့်ပြီးသည့်အခါ သူမသည် ဒီခံစားချက်ကို တကယ်နှစ်သက်သွားသည်။ လင်းချင်းသည် ကျားသစ်တစ်ကောင်လိုမျိုး အမိုးများပေါ်တွင် ခုန်လို့နေသည်။ ဆယ်မိနစ်လောက်ကြာသည့်အခါ သူမသည် ဟောင်ဝူနှင့် ဆယ်မီတာလောက် အကွာသို့ အဝေးကို ရောက်လာမှ ကိုယ်ပြန်ဖော်လိုက်သည်။
အဖြူရောင်သဏ္ဍာန်တစ်ခုက သူမအနောက်သို့ လိုက်လာသော်လည်း လင်းချင်းလို ခုန်လာတာတော့ မဟုတ်ပေ။ ချူးလီလီသည် လေထဲမှာ ကျော့ရှင်းစွာ ရပ်နေတာဖြစ်သည်။ သူမသည် လေကိုဖြတ်သန်းကာ နေရာတစ်ခုမှတစ်ခု ချက်ချင်းပြောင်းလိုက်သည်။ သိပ်မကြာခင်တွင်ပဲ လင်းချင်း၏ဘေးသို့ ရောက်လာသည်။ အောက်တွင်တော့ သူမ၏အနောက်သို့ ဇွန်ဘီနှစ်ကောင်က လိုက်လာသည်။
လင်းချင်းရပ်နေသည်ကို မြင်သည့်အခါ ချူးလီလီသည် သူမ၏ဘေးတွင်ရပ်လိုက်ပြီး လင်းချင်းအား “ဂါး?” ‘လူသားနှစ်ယောက် ဘယ်မှာလဲ?’ လင်းချင်းက လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကို သူမ၏နယ်မြေထဲသို့ ထည့်လိုက်သည်ကို သူမမြင်လိုက်တာ ဖြစ်သည်။
လင်းချင်းသည် စာရေးပြလိုက်သည်။ ‘ပင်လယ်မြို့တော် အခြေစိုက်စခန်းကို လူသွားရှာမှာကို သူတို့ပါလိုက်လာမှာ’
“ဂါး?” ‘ပင်လယ်မြို့တော်ကိုပြန်မှာလား?’
ချူးလီလီသည် လင်းချင်းအား စိတ်ရှုပ်စွာ ကြည့်ရင်းတွေးနေမိသည်။ ‘ဒီကိုလူရှာဖို့လာတာ မဟုတ်ဘူးလား?’
လင်းချင်းက ခေါင်းငြိမ့်ကာ ရေးပြသည်။ ‘ငါရှာနေတဲ့သူတွေက အခုပင်လယ်စခန်းမြို့တော်မှာတဲ့’
အချို့အကြောင်းများကြောင့် သူမပြန်သွားဖို့ လိုအပ်သည်။ လင်းဖန်းတို့မိသားစုက အခုဘယ်မှာလဲဆိုသည်ကို သူမတွေးနေသည်။
“အ အာ. . .အား. . .” ‘ဟိုလူနှစ်ကောင်ကို မကြီးနဲ့ ခေါ်သွားမှာလား?’ ချူးလီလီသည် မှုန်တေတေဖြင့် မေးသည်။ သူမသည် လူသားများကို မကြိုက်သဖြင့် လူနှစ်ယောက် သူတို့အဖွဲ့ထဲကို ပါလာမည်ကို မလိုချင်ပေ။ သူမ၏မျက်နှာထားမှာ ‘ညီမလေး မကျေနပ်ဘူး! မကြီးနဲ့အတူတူဆော့လို့ ဘယ်ရတော့မှာလဲ!’
လင်းချင်းသည် ချူးလီလီ၏ ကလေးဆန်မှုကြောင့် အနည်းငယ်ဆွံ့အသွားသည်။ ချူးလီလီသည် စွမ်းအားကြီးသော်လည်း သူမ၏စိတ်ကတော့ ဆယ်ကျော်သက်လေးလိုသာ ဆက်ရှိနေဆဲပင်။ လင်းချင်းသည် ချူးလီလီက လူသားများမုန်းခြင်းကို နားလည်သောကြောင့် သူမကို ပြန်ချော့ဖို့ အချိန်နည်းနည်းလောက် ထပ်ယူရတော့မည်ဟု ခန့်မှန်းမိသည်။
သို့သော်လည်း ဒါသည် ချူးလီလီအနေဖြင့် လူသားများကို လက်ခံနိုင်မည့် အခွင့်အရေးဖြစ်သလို တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည်လည်း သူတို့သည် အခြားဇွန်ဘီများနှင့် မတူညီဘဲ ထူးခြားသည်ဆိုသည်ကို နားလည်နိုင်မှာ ဖြစ်သည်။ သူတို့သည် လူသားများကို ထိခိုက်အောင် မလုပ်သလို လူသားများက ထိခိုက်အောင် လုပ်ခြင်းကိုလည်း မနှစ်သက်ကြသူများပင်။
လင်းချင်းသည် ခနတွေးပြီးနောက် ရေးပြလိုက်သည်။
‘သူတို့ငါ့ကို ကူညီတယ်။ သတင်းတွေ အများကြီးပေးတယ်’
စာဖတ်ပြီးတာတောင် ချူးလီလီသည် စိတ်သိပ်မကြည်သေးပေ။ သူမသည် နှုတ်ခမ်းလေးဆူကာ မျက်နှာကိုလွှဲထားပြီး ဘာမှမပြောပေ။ လင်းချင်းကတော့ သူမသဘောတူလိုက်သည်ကို နားလည်သဖြင့် ပြုံးလိုက်သည်။
သူမသည် အောက်ကအဆောက်အဦးပေါ်သို့ ခုန်ချလိုက်ပြီးနောက် သူမနယ်မြေထဲသို့ ဝင်လိုက်ကာ လူနှစ်ယောက်ဘေးတွင် ပေါ်လာသည်။ ထို့နောက် သူတို့နှစ်ယောက်၏ ပုခုံးများကို ပုတ်လိုက်ကာ နယ်မြေထဲကနေ ခေါ်ထုတ်လာခဲ့သည်။ ထိုနှစ်ယောက်သည် ကြောင်အနေကြသည်။
“ဟမ်? ငါတို့ထွက်လာတာလား? ဒီနေရာက ဘယ်နေရာလဲ?” တူယွမ်ရှင်းသည် ဘေးကိုကြည့်ရင်း အရင်မေးသည်။
လင်းချင်းက ရေးပြသည်မှာ ‘ဒီနေရာက ဟောင်ဝူတို့နဲ့ ဆယ်မိုင်လောက် ဝေးနေပြီ။ ငါတို့အခု ပင်လယ်မြို့တော်ကို ကားမောင်းသွားရအောင်’
“ကားမောင်းမယ်? အာ နင့်နယ်မြေထဲမှာ ကားရှိသားပဲ” စာကိုဖတ်ပြီးသည့်အခါ တူယွမ်ရှင်းသည် လင်းချင်း၏နယ်မြေထဲက ကားကိုပြန်သတိရသွားသည်။
ဇွန်ဘီမောင်းသည့်ကား. . . “ဇွန်ဘီရော တကယ်ဟုတ်လို့လား? ဇွန်ဘီယောင်ဆောင်ထားတဲ့ လူသားမလား?” လင်းချင်းကိုကြည့်ကာ လင်းချင်းသည် မျက်နှာကအမာရွတ်ကလွဲ၍ အကုန်လုံးက လူသားနှင့်မခြားသလို သူခံစားရသဖြင့် ပြောသည်။ သို့သော်လည်း ဒီကမ္ဘာပျက်ကြီးတွင် မျက်နှာပျက်စီးသွားသည့် လူများစွာလည်း ရှိနေတာပင်။
လင်းချင်းသည် သူ့အားလျစ်လျူရှုလိုက်ကာ ပျောက်ကွယ်သွားသည်။ ပြန်ထွက်လာသည့်အခါတွင်တော့ ကားနှင့်ဆီများ ပါလာသည်။
ကားကိုဆီဖြည့်ပြီးသည့်အခါ လင်းချင်းသည် ကားမောင်းသူခုံတွင် ထိုင်လိုက်သည်။ ချူးလီလီက ချက်ချင်းပဲ သူမ၏ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။
တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် ဒီဇွန်ဘီမလေးကို ပထမဆုံးမြင်ဖူးတာတော့ မဟုတ်ပေ။ သူမ၏ မျက်လုံးထဲတွင်ထင်းစေသည့် အဖြူရောင်ဂါဝန်က သန့်ရှင်းနေသည်။ ဇွန်ဘီအစစ်ဖြစ်သည်ကိုတော့ ပြောစရာကို မလိုပေ။ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် အချင်းချင်းကြည့်လိုက်ကြသည်။ လုံချင်းယင်က ကားအမိုးပေါ်တွင် ထိုင်ဖို့လုပ်သည့်အခါ လင်းချင်းသည် စာကမ်းပေးသည်။
‘ကားအမိုးပေါ်မှာ ဇွန်ဘီတွေ လိုက်မှာမလို့။ ကားထဲမှာပဲ ထိုင်’
လုံချင်းယင်သည် ဆွံ့အသွားသည်။ ‘ဇွန်ဘီတွေ? ရှေ့ခုံမှာ ဇွန်ဘီနောက်တစ်ကောင် ထိုင်နေပြီးသားမလား?’ ဒီအတွေးဖြင့် သူမသည် ချူးလီလီကို ကြည့်လိုက်သည်။
ဘုန်း! ဘုန်း! ထိုအချိန်မှာပဲ ကားခေါင်မိုးပေါ်မှ အသံနှစ်ခုထွက်ပေါ်လာသည်။ လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် ကားအမိုးပေါ်တွင် တိတ်ဆိတ်စွာလှဲနေသည့် အဆင့်သုံး သို့မဟုတ် လေးလောက်ရှိသည့် ဇွန်ဘီနှစ်ကောင်က သူတို့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ မျက်လုံးများနက်နေကာ ပါးစပ်များပြဲနေသဖြင့် ဒီနှစ်ကောင်ကတော့ သာမန်ဇွန်ဘီများဖြစ်တာ သေချာသည်ကို သူတို့ခံစားမိသည်။ ဇွန်ဘီနှစ်ကောင်သည် ကားအမိုးပေါ်တွင် လေးဖက်ထိုင်လျှက်ရှိနေသည်မှာ ဘဲကင်နှစ်ကောင်လိုပင်။
“အား!” ချူးလီလီ၏ နားအူစေသည့် အော်သံသည် လင်းချင်းနှင့် လူနှစ်ယောက်ကို ဆိုးဆိုးဝါးဝါး ကြောင်အစေသည်။ လူသားနှစ်ယောက်မှာ နှလုံးရောဂါရမတက် ဖြစ်သွားသော်လည်း လင်းချင်းကတော့ အသားကျနေပြီဖြစ်သည်။
ချူးလီလီ၏ အသံကိုကားသည့်အခါ ဇွန်ဘီနှစ်ကောင်သည် ခေါင်းကို အရှည့်သို့သာ ဦးတည်လိုက်ပြီး လူသားများကို မကြည့်တော့ပေ။ သို့သော်လည်း မျက်လုံးထောင့်ကနေတော့ ခိုးကြည့်နေဆဲပင်။
လူသားနှစ်ယောက်သည် ကားထဲသို့ ချက်ချင်းဝင်ထိုင်လိုက်ကြသည်။ ကားထဲကို ရောက်မှ စိတ်ပူတာ လျော့သွားသော်လည်း ကားထဲဥ ဇွန်ဘီနှစ်ကောင်က လက်သည်းများထုတ်ကာ သူတို့အားထိုးမလား စိတ်ပူရပြန်သည်။
လင်းချင်းသည် သူတို့အတွေးများကို လျစ်လျူရှုကာ ပင်လယ်မြိုတော်ကို ဦးတည်၍ ကားမောင်းလာသည်။ လုံချင်းယင်ဆိုလျှင် သူမ၏မိသားစုက ဘယ်လမ်းကနေ သွားသလဲဆိုသည်ကို သိမှာဖြစ်သည်။ ထို့ကြောင့် လုံချင်းယင်ကို သူမနှင့် ခေါ်လာရခြင်းပင်။
. . .
တစ်ချိန်ထဲမှာပင် ပင်လယ်မြို့တော် အခြေစိုက်စခန်း၌ ဝူချန်းယွဲ့သည် သူ့သမီး၊ ရှောင်ယွင့်လုံနှင့် မုန့်ယွဲ့တို့ဖြင့် သူနေသည့်နေရာသို့ ရောက်နေပြီဖြစ်သည်။
အခြေစိုက်စခန်းခေါ်င်းဆောင်ဖြစ်သော်လည်း သူ့တိုက်ခန်းသည် အရမ်းသားနားမနေပေ။ သုံးထပ်တိုက်တစ်ခုတွင် ဖြစ်ပြီးတော့ သူ့တိုက်ခန်းတွင် ပရိဘောဂအနည်းငယ်သာရှိသည်။ သူ့တိုက်ခန်းသည် အခြားစခန်းခေါင်းဆောင် နှစ်ယောက်ထက်တော့ အများကြီးနှိမ့်ချလျှက် ရှိသည်။
အခြားစခန်းခေါင်းဆောင်များသည် စခန်း၏ အကောင်းဆုံးနှင့် အလုံခြုံဆုံးအိမ်များ ယူထားကြကာ သူတို့၏တစ်ထပ်လုံးသည် သန့်ရှင်းကာ သပ်ရပ်ဆုံးဖြစ်သည်။ သူတို့နှင့်မတူဘဲ သူကတော့ သာမန်အိမ်လေးတွင် သူ့သမီးနှင့် ရှောင်ယွင်လုံ၊ မုန့်ယွဲ့တို့ဖြင့် အတူနေတာ ဖြစ်သည်။
သူတို့သုံးယောက်သည် ကမ္ဘာပျက်ခေတ်စတည်းက အတူနေကြတာ ဖြစ်သည်။ အခုအချိန်တွင် သူတို့သည် အိမ်နီးချင်း သူငယ်ချင်းကောင်းများလို ဖြစ်နေကြသော်လည်း ဆက်ဆံရေးက အနည်းငယ် ရှုပ်ထွေးသည်။
ရှောင်ယွင့်လုံသည် မုန့်ယွဲ့ကို စိတ်ဝင်စားနေသော်လည်း မုန့်ယွဲ့က ဝူချန်းယွဲ့ကို သဘောကျသည်။ သို့သော်လည်း ဝူချန်းယွဲ့က သူ့သမီးကိုပဲ ဂရုစိုက်ကာ ဘယ်မိန်းမကိုမှ စိတ်မဝင်စားပေ။ မုန့်ယွဲ့ကိုလည်း သူ့ညီမလေးတစ်ယောက်လိုသာ မြင်နေခြင်း ဖြစ်သည်။