၄၈။ နံတာမကြိုက်သည့် ဇွန်ဘီ
လင်းချင်းကတော့ ဝူယွဲ့လင်းကို ထားခဲ့ကာ အပြင်မထွက်ခင် သူမ၏နယ်မြေထဲတွင် ကလေးမလေးနှင့် ရှဲ့တုန်းတို့ဖြင့် နှစ်ရက်လောက် နေလိုက်သေးသည်။
ကလေးမလေးသည် နယ်မြေထဲတွင် နေသားကျလာပြီဖြစ်ရာ အခုဆိုသိပ်မကြောက်တော့ပေ။ သူမသည် စကားမပြောသေးသော်လည်း အခုဆိုရင် ယုန်ကိုလိုက်ဖမ်းကာ ဆော့ကစားနေတက်ပြီ။ လင်းချင်း၏ နယ်မြေကြောင့်လား ကန်ရေကြောင့်လားမသိ။ ဝူယွဲ့လင်းသည် ဗိုက်သိပ်မဆာပေ။ ဗိုက်ဆာလျှင်တောင်မှ သူမကိုယ်က ဘာမှမဖြစ်ပေ။
လင်းချင်းကတော့ နယ်မြေမှာ ကြာကြာနေလေ ဗိုက်ပိုဆာလေသာ။ ဝူယွဲ့လင်း၏အနံ့က သူမအား အရမ်းရုပ်မပျက်စေသော်လည်း ရှဲ့တုန်းကတော့ သူမလိုမဟုတ်ကာ ထိန်းနိုင်သေးပုံမရပေ။ ဝူယွဲ့လင်း၏အနံ့ကိုရသည်နှင့် သူမအနားသို့ တိုးတိုးပြီးရောက်သွားနေသဖြင့် သူ့မှာသိက္ခာတဖြည်းဖြည်း ကျလာပြီ ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် ရှဲ့တုန်းအား မလိုအပ်ဘဲ နယ်မြေလေးထဲမှ ထွက်မလာစေပေ။ မဟုတ်လျှင် သူသည် ငါးနှစ်အရွယ်ကလေးမလေးအား လိုက်ငမ်းနေသည့် နှာဘူးကြီးလို တကယ်တူနေသောကြောင့်ပင်။
ဝူယွဲ့လင်း၏အဖေက သူ့မင်းသမီးလေးကိုခေါ်ထားလျှင် သူမကို ထိခိုက်အောင် လုပ်နိုင်ကြောင်း လင်းချင်းအားပြောသည်။ အပြန်အလှန်အနေဖြင့် လင်းချင်းမှာ
‘ဝူချန်းယွဲ့လား? ငါ့ကိုအစွမ်းရှိရင် လိုက်ရှာစမ်းပါ။ ငါ့မှာနယ်မြေရှိလို့ ဘယ်သူ့ကို ကြောက်နေရမှာလဲ? ဒီလူက ဘယ်လောက်အစွမ်းကြီးကြီး ငါ့နယ်မြေထဲကို ဝင်လို့မှမရတာ’
ရှဲ့တုန်းမှာ ကလေးမလေးကို ဘာဖြစ်လို့ ခေါ်ထားသလဲ တကယ်သိချင်သော်လည်း သူမကိုမေးတိုင်း သူမသည် သွားဖြဲပြလိမ့်မည်။ ဒီလိုလုပ်လေလေ သူပိုသိချင်လေလေ ဖြစ်သော်လည်း ထပ်တော့မမေးရဲပေ။
သူမနယ်မြေထဲတွင်နှစ်ရက်လောက် နေပြီးသည့်အခါ အဆင့်ငါးဇွန်ဘီက ထပ်မပေါ်လာတာ သေချာမှ လင်းချင်းသည် ရှဲ့တုန်းနှင့်အတူ အပြင်သို့ ထွက်လာသည်။ ထိုအခန်းသည် ဆိုးဝါးစွာ ပုပ်သိုးနေသည့် အနံ့များဖြင့်ဖြစ်သည်။ ခေါင်းဖောက်ကာစားခံရသည့် အလောင်းတို့သည် ဇွန်ဘီဖြစ်မလာနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ငါးဆယ်ရာခိုင်နှုန်းလောက် ဦးနှောက်ရှိနေမှ ဇွန်ဘီဖြစ်လာနိုင်တာ ဖြစ်သည်။ ဇွန်ဘီမဖြစ်သည့် အလောင်းများသည် နေ့တွင်အရမ်းပူသဖြင့် ပိုပုပ်ဖို့လွယ်လေသည်။ ညတွင်အရမ်းအေးသော ရာသီဉတုက ပုပ်နှုန်းကို မတားနိုင်ပေ။
လင်းချင်း၏ နှာခေါင်းသည် ခွေးတစ်ကောင်လို အနံ့ခံကောင်းလှသည်ဖြစ်ရာ အခန်းထဲတွင် သူမပေါ်လာသည်နှင့် ဒီအပုပ်နံ့များကြောင့် မေ့လဲလုနီးပါး ဖြစ်သွားသည်။
လုထန်ယခေါင်းသည် သေသွားစဉ်က ဘယ်လိုလုပ် အကောင်းအတိုင်း ကျန်နေသလဲ သူမမသိတော့ပေ။ ခေါင်းသာဖောက်စားခံလိုက်ရပါက လင်းချင်း၏ ဝိညာဉ်သည် ဒီကိုယ်ထဲသို့ ဝင်လာနိုင်စရာ အကြောင်းမရှိဘူးမလား?
လင်းချင်းမသိသည်က သူမ၏ဝိညာဉ်ဝင်လာခြင်းကြောင့်သာ လုထန်ယု၏ ခေါင်းသည် ဖောက်မစားခံလိုက်ရခြင်းပင်။ သူမ၏ဝိညာဉ်သည် လုထန်ယု၏လေါင်းထဲတွင်နေကာ စွမ်းအားအရင်းအမြစ်လို စောင့်ရှောက်နေသောကြောင့် လုထန်ယု၏ အလောင်းသည် မျက်နှာသာ ကိုက်စားခံရသော်လည်း ဦးနှောက်ကို မထိရဲပေ။ ထို့ကြောင့် လင်းချင်းသည် နိုးလာသည်နှင့် အဆင့်မြင့်ဇွန်ဘီ ချက်ချင်းဖြစ်နေခြင်းသာ။
သို့သော်လည်း ဒါကိုလင်းချင်းရော ဘယ်သူမှ မသိကြပေ။ အကယ်၍ တစ်စုံတစ်ယောက်က နောက်ပိုင်းတွင် သိသွားရင်တောင် လုံးဝကို သူတို့စိတ်ရှုပ်မှာပင်။ ဒါကို ဘယ်လိုရှင်းပြရမလဲ သူတို့မသိကြပေ။
အခန်းထဲက အပုပ်နံ့များကြောင့် လင်းချင်းသည် နှာခေါင်းကိုပိတ်ကာ ပြတင်းပေါက်မှ ချက်ချင်းခုန်ထွက်လာရတော့သည်။ ရှဲ့တုန်းကတော့ သူမလောက် မဆိုးပေ။ သူသည် လူသားအနံ့ကိုသာရပြီး အခြားအနံ့များကို လုံးဝမရပေ။
သူသည် ကားပေါ်တွင်ထိုင်နေသည့် လင်းချင်းကို ကြည့်ကာ သူရယ်ချင်သွားသည်။ ကြည့်ရသည်မှာ အနံ့ခံကောင်းခြင်းက အမြဲတမ်းကောင်းနေသည့်အရာတော့ မဟုတ်လောက်ပေ။
‘ဒါပင်မယ့်လည်း ဘယ်လိုဇွန်ဘီလဲ? အလောင်းပုပ်နံ့တွေကို တကယ်ကြောက်နေပုံရတယ်။ ဘယ်ဇွန်ဘီက အနံ့ကို ကြောက်လို့လဲ?’
ရှဲ့တုန်းက တွေးနေမိသည်။
မြေပုံရှိနေသည့်အခါ လင်းချင်းသည် မြို့ကိုသွားဖို့ မလိုတော့ပေ။ ထို့ကြောင့် သူတို့နှစ်ယောက်သည် တောင်ဘက်သို့ ဦးတည်ကာ သွားကြသည်။
သူတို့ထွက်သွားပြီးနောက် နှစ်နာရီလောက်ကြာသည့်အခါ သူတို့ရှိခဲ့သည့် ထိုအဆောက်အအုံသို့ စစ်ကားများ ရောက်လာသည်။ အနီးနားမှ ဇွန်ဘီများကို အာရုံမထားဘဲ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်သည် အဆောက်အအုံထဲသို့ ဝင်သွားကြသည်။ ဇွန်ဘီများသည် သူတို့အနားသို့ မကပ်ရဲကြပေ။ ကပ်လိုက်သည်နှင့် သူတို့သည် မိုးကြိုးပစ်ခံလိုက်ရသည်။
စစ်ဝတ်စုံကို ဝတ်ထားသည့်သူသည် ဘာအမှုအယာမှမရှိကာ သူ့ဘေးကမိန်းမအား
“တကယ်သူတို့က ဒီမှာလား?”
သူစကားပြောနေရင်းဖြင့် လက်ကိုလှုပ်လိုက်သည့်အခါ ကောင်းကင်မှ မိုးကြိုးများသည် ဆင်းသက်လာကာ သူတို့အနားရှိဇွန်ဘီများကို ပစ်ချသွားသည်။ သူသည် ဇွန်ဘီများကို တစ်ချက်လေးတောင် ကြည့်မနေပေ။ မိုးကြိုးပစ်ချသံများပြီးသည့်နောက်တွင် ဇွန်ဘီများသည် လဲကျပြီးငြိမ်ကျသွားကာ သူတို့ကိုယ်မှ မီးခိုးများ ထွက်လာသည်။
မုန့်ယွဲ့သည် သူမသေချာအာရုံခံနိုင်ရန် မျက်လုံးကို မှိတ်လိုက်သည်။ ထို့နောက် သူမသည် မသေချာစွာဖြင့်
“အနံ့က ဖျော့နေတယ်။ ညီမလည်း မသေချာဘူး။ ဒါပင်မယ့် ဒီတိုင်းလျှောက်ရှာနေတာထက်စာရင် သဲလွန်စတစ်ခုခုတော့ ရမှာပါ”
သူမသည် ပြောနေရင်းဖြင့် လှေကားပေါ်သို့ တက်လိုက်သည်။
သူတို့သည် အလွှာတိုင်းကို ရှာသော်လည်း အလောင်းများဖြင့် အခန်းကို မတွေ့ခင်အထိ ဘာမှရှာမတွေ့ပေ။ သူတို့သည် နှာခေါင်းကိုပိတ်ကာ ရှာကြသည်။ ဒီနေရာတွင် မုန့်ယွဲ့သည် ဝူယွဲ့လင်းကို ခံစားလို့ရသည်။ သူတို့နှစ်ယောက်သည် ဇွန်ဘီကိုက်ခံရသည့် အလောင်းလေးခုကို တွေ့လိုက်သည်။
“ဒီလူတွေ. . .ရင်းနှီးသလိုပဲ။ ညီမတို့နဲ့ အရင်က တွေ့ဖူးတာလား?”
မုန့်ယွဲ့သည် နှာခေါင်းကိုပိတ်ကာ အလောင်းများကို ကြည့်ရင်းပြောသည်။
ဝူချန်းယွဲ့သည် အလောင်းများ၏ မျက်နှာများကို သေချာကြည့်ပြီးနောက် ခေါင်းကိုခါကာ
“သူတို့သေတာ ရက်အတော်ကြာပြီ။ ငါ့အာရုံကလည်း မင်းလောက်မကောင်းတော့ ငါသူတို့ကို မမှတ်မိဘူး”
မုန့်ယွဲ့သည် အလောင်းများကို ကြည့်သော်လည်း မမှတ်မိပေ။ ထို့နောက်တွင်တော့ လေကောင်းလေသန့်ရှုရန် အခန်းအပြင်သို့ ထွက်လာသည်။ ဝူချန်းယွဲ့သည် သူမနောက်သို့လိုက်ကာ မေးသည်။
“လင်းလင်းကို ဒီအခန်းထဲမှာ အာရုံခံမိတာ သေချာလို့လား? မှားနေတာ မဖြစ်နိုင်ဘူးလား?”
မုန့်ယွဲ့သည် သူ့အားစိတ်မကြည်စွာဖြင့်ကြည့်ကာ
“မယုံရင်လည်း ညီမနောက်ကို ဘာဖြစ်လို့ လိုက်လာသေးလဲ? ကိုယ့်ဟာကိုယ်သွားရှာ”
ဝူချန်းယွဲ့သည် သူမအား ခပ်ဖွဖွပြုံးပြလိုက်သည်။ ထိုအပြုံးသည် သူ့၏ချောမောသည့် မျက်နှာထက်တွင် ကြည်လင်သည့် စမ်းချောင်းရေကို ထိလိုက်ရသလိုမျိုး လူတွေကို နွေးထွေးကာ နူးညံ့မှုကို ပေးနေသည်။
“မဟုတ်ပါဘူး။ မယုံတာတော့ မဟုတ်ဘူး။ မှားသွားမှာကို စိတ်ပူရုံတင်ပါ။ လင်းလင်းကို ငါ့လိုပဲ စိတ်ပူနေတယ်ဆိုတာ ငါသိပါတယ်”
မုန့်ယွဲ့သည် ဒီအပြုံးကြောင့် အံ့သြသွားသည်။ ဒီလိုချောမောသည့်သူ၏ အပြုံးကို ရရှိလိုက်သည့်အခါ သူမသည် တည်ငြိမ်မနေနိုင်တော့ဘဲ နှာမှုတ်လိုက်ကာ
“ဟွန့်. . .သံသယဝင်နေတာတော့ ဟုတ်တယ်လေ။ ညီမက မှားဖူးလို့လား? ဘာဖြစ်လို့ ဒါကိုမေ့နေတာလဲ? လင်းလင်းကိုစိတ်ပူလွန်းလို့ သေချာမတွေးနိုင်တာတော့ သိပင်မယ့် ညီမလည်း စိတ်ပူနေတာပဲလေ။ ရည်ရွယ်ချက်မရှိဘဲ ရှာဖို့ခေါ်လာပါ့မလားလို့?”
စကားပြောနေရင်းဖြင့် သူမသည် မျက်နှာကိုလှည့်လိုက်ကာ လှေကားမှ ဆင်းလာသည်။
ဝူချန်းယွဲ့သည် မမှတ်မိနိုင်တော့သည့် အခန်းထဲမှ အလောင်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမအနောက်မှနေ ပြန်ဆင်းလာသည်။ “လင်းလင်းက ဒီမှာရှိတယ်လို့ မင်းထင်ရင် ဇွန်ဘီမက သူ့ကိုဒီကို ခေါ်လာတယ်ဆိုတဲ့ သဘောပဲမလား? ဒါပင်မယ့် ဒီလူတွေကို ဘယ်သူစားလိုက်တာလဲ? ဇွန်ဘီမက စားလိုက်တာလား? ဒါဆိုရင် ဘာဖြစ်လို့ လင်းလင်းကို မစားတာလဲ?”
မုန့်ယွဲ့သည် ခေါင်းကိုခါကာပြောသည်။
“ဒီအခန်းထဲကအနံ့က အရမ်းပြင်းနေပင်မယ့် တခြားဇွန်ဘီတွေလည်း ဒီမှာရှိခဲ့တယ်လို့ ညီမအာရုံရတယ်။ ယွင့်လုံက ဒီဇွန်ဘီမက ရန်မလိုဘူးလို့ ပြောတယ်မလား? ဒါလူသားမစားရသေးလို့ပဲ။ ညီမလည်း အဲ့ဒီအချက်ကိုတော့ သဘောတူတယ်။ အဲ့ဒါကြောင့် အရမ်းလျှောက်မတွေးနေနဲ့။ လင်းလင်းက အဆင်ပြေပါတယ်”