May Honey Logo May Honey
Previous Next

၃၆။ ပိုးကိုတိုက်

ရှဲ့တုန်း၏ အခြေအနေကို မြင်သည့်အခါ ဝူယွဲ့လင်းသည် စိတ်ရှုပ်သွားသည်။ သူမသည် မြေပြင်ပေါ်တွင် ကွေးကောက်ကာ တွန့်လိမ်နေသည့် လူကြီးကိုကြည့်ကာ လင်းချင်းအား ခေါင်းရှုပ်စွာဖြင့် မော့ကြည့်လိုက်သည်။ သူမ၏မျက်လုံးများသည် ဘာဖြစ်နေသလဲဆိုသည်လို နားလည်ချင်စိတ်ဖြင့် ဆာလောင်နေသည်။
လင်းချင်းသည် ရှဲ့တုန်းကို လက်ညိုးအရင်ထိုးပြပြီးနောက် သူမကိုယ်သူမ ပြန်ထိုးပြလိုက်သည်။ ထို့နောက် သူမ၏လက်သည်းများကိုထုတ်ကာ အခြားဇွန်ဘီများလို လုပ်ပြလိုက်သည်။
ဝူယွဲ့လင်းသည် လင်းချင်းပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်းနားလည်သည်။ သူမသည် နောက်ကိုဆုတ်သွားကာ လင်းချင်း၏အနောက်သို့ ပြေးပုန်းတော့သည်။ မျက်လုံးပေါ်ရုံလောက်သာ ခေါင်းလေးက ပြူထွက်ကြည့်နေသည်။

‘ဒီလူကြီးက ဇွန်ဘီဖြစ်သွားမှာလား? လူသားစားကောင်ဖြစ်လာမှာလား?’
ထိုအတွေးများဖြင့် ဝူယွဲ့လင်းလေးသည် ရုတ်တရပ် ကြောက်သွားသည်။

လင်းချင်းမှာတော့ ကလေးမလေး၏ ယုန်လိုမျက်လုံးလေးများကိုကြည့်ပြီး ဆွံ့အသွားသလို သဘောလည်းကျနေမိသည်။
“အား!!! အား!!!”

ထိုအချိန်တွင် ရှဲ့တုန်း၏ မျက်နှာသည် ပိန်လိမ်နေသည်။ သူ၏အော်ဟစ်နေသည့်အသံတွင် အလွန်အမင်းနာကျင်နေမှုကို ခံစား၍ရသည်။ ထိုအချိန်တွင် သူ့၏ပြောင်းလဲမှုအား ဘယ်သူကမှ မတားဆီးနိုင်ပေ။

“အား!!! ငါ. . .ငါ့ကို. . .သ. . .သတ်!”

သူ့၏အသိစိတ်နည်းနည်းလေးဖြင့် ဒီစကားလုံးများကို အော်ပြောလိုက်သည်။ ဒီစကားလုံးများသည် သုံးလုံးလောက်သာ ရှိသော်လည်း သူ့မှာမနည်းပြောလိုက်ရသည်။ သို့သော်လည်း သူသည် ပြီးဆုံးအောင်တော့ မပြောနိုင်ပေ။

သူ့ရှေ့က ဇွန်ဘီက သူပြောသည်ကို နားလည်နိုင်မလား သို့မဟုတ် ဝူယွဲ့လင်းလေးကပဲ ကြားနိုင်မလား သူမသိပေ။ အခုအချိန်တွင်တော့ ဒီနာကျင်မှုကို ရပ်တန့်ဖို့ရာ သူသေချင်တာပဲ သိလေသည်။
ဒီစကားနည်းနည်းလေးပြောပြီးသည့်အခါ သူ့မျက်နှာထားသည် ဆိုးဝါးသွားသည်။ သူ့ကိုယ်ကိုသူကွေးမထားနိုင်တော့ဘဲ ရုတ်တရပ် ကော့တက်လာသည်။ ထို့နောက်တွင်တော့ သူ့ခြေလက်များသည် လန်သွားကာ မြေပြင်တွင် လူးလိမ့်နေသည်။ ရူးသွပ်စွာ လှုပ်ယမ်းပြီးသည့်နောက် မြေပြင်ပေါ်ရှိ သူ့ကိုယ်ကြီးသည် မဖြစ်နိုင်သည့်သဏ္ဍာန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လင်းချင်းသည် ဝူယွဲ့လင်းအား သူမ၏အနာက်သို့ ကွယ်ထားကာ သူမကိုယ်တိုင်လည်း နောက်သို့ဆုတ်လိုက်သည်။ သူမ၏မျက်လုံးများကတော့ ဇွန်ဘီအဖြစ် ပြောင်းသွားသည့်သူကိုသာ စိုက်ကြည့်နေဆဲပင်။
ရှဲ့တုန်း၏မျက်နှာတွင် သွေးကြောများသည် ထောင်ထလာကာ ပါးစပ်ကြီးကိုလည်း အကျယ်ကြီးဟလာသည်။ သူ့သွားဖြူဖြူများက ငေါထွက်လာသဖြင့် အရမ်းကြောက်ဖို့ကောင်းလာသည်။ သို့သော်လည်း ဒီအခိုက်အတန့်တွင်တော့ သူ့မျက်လုံးထဲတွင် နောက်ဆုံးလူသားခံစားချက် ရှိနေသေးသည်။ သူက တောင်းဆိုနေသည်။
လင်းချင်းကိုကြည့်ရာ အသနားခံတောင်းပန်နေသလို ကြည့်နေသည်။ အခုအချိန်တွင် သူ့ရှေ့က ဒီဇွန်ဘီမက လူသားတွေကို အန္တရာယ်မပြုဘူးဟု ခံစားနေရသည်။ မဟုတ်လျှင် သူ့ကိုဇွန်ဘီခေါင်းဆောင်ဆီက ကယ်ထုတ်လာမှာလည်း မဟုတ်သလို ဝူယွဲ့လင်းလေးကလည်း ရှေ့ကိုထွက်လာကာ ကာကွယ်ပေးနေမှာ မဟုတ်ပေ။ သူ့၏နောက်ဆုံးအတွေးမှာ ဒီဇွန်ဘီမက သူ့အားသတ်ပေးစေရန်သာ ဖြစ်တော့သည်။
လင်းချင်းသည် ရှဲ့တုန်း၏ ဖောင်းကားလာသည့် မျက်လုံးကြီးကို ကြည့်နေသည်။ ထိုမျက်လုံးများသည် လည်နေပြီးနောက် မျက်သားများသည် မီးခိုးရောင်ပြောင်းသွားတော့သည်။
လင်းချင်းသည် ချက်ချင်းဆိုသလို သူမ၏လက်သည်းများကို ထုတ်လိုက်ကာ ဝူယွဲ့လင်းရှေ့ကနေ ထူးဆန်းသည့်ပုံပြောင်းနေသည့် ရှဲ့တုန်း၏ ဦးခေါင်းကိုဖောက်ထုတ်ရန် ပြေးသွားလိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် ထူးခြားစွာ ပြောင်းလဲသွားသည်။
ရှဲ့တုန်း၏မျက်လုံးများသည် မီးခိုးရောင်လုံးလုံးပြောင်းသွားပြီဖြစ်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။ ထိုနောက် ခေါင်းကိုချက်ချင်းမော့လာကာ လင်းချင်း၏လက်သည်းများကို ရှောင်လိုက်ပြီး ပင့်ကူတစ်ကောင်လို အလွန်မြန်သည့်နှုန်းဖြင့် ခြေနှင့်လက်တို့ကို ထောက်ကာ ရေကန်နားသို့ သွားသည်။ ထို့နောက် ကန်ထဲသို့ ခုန်ဆင်းသွားသည်။
“ဗုန်း!”

‘ငါ့ရေကန်ထဲကို တကယ်ကြီး ခုန်ဆင်းသွားတာ!’
လင်းချင်းက ကြောင်အသွားသည်။ သူမ၏လက်သည်းများကို ထုတ်ပြီး ရှဲ့တုန်းကို ထိုးဖို့လုပ်စဉ် မျက်စိတစ်မှိတ်တည်းမှာ သူမ၏တိုက်ခိုက်မှုကို ရှောင်ကာ ကန်ထဲသို့ ခုန်ချသွားခြင်း ဖြစ်သည်။ သူမအသိပြန်ဝင်သည်နှင့် ကန်ဘေးသို့ အမြန်ပြေးကာ ငုံ့ကြည့်လိုက်သည့်အခါ ပူစီပေါင်းများကိုသာ တွေ့ရဘူး ရှဲ့တုန်းသည် ပျောက်ခြင်းမလှ ပျောက်သွားလေသည်။

အမှန်တိုင်းပြောရလျှင် လင်းချင်းလည်း ရေကန်အလည်အထိ မသွားဘူးပေ။ သူမသည် ကန်စပ်တွင်သာ တစ်ချိန်လုံး ရေချိုးနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အချိန်ရလျှင်တော့ ရေဘယ်လောက်နက်သလဲ သိရအောင် သူမသွားကြည့်ဖို့ တွေးထားသည်။ သို့သော်လည်း အခုတော့ အခြားဇွန်ဘီဖြစ်စကောင်သည် သူမထက်အရင် သွားလေပြီ။
ထို့အပြင် ဇွန်ဘီရှဲ့တုန်းသည် ထူးဆန်းသဖြင့် သာမန်ဇွန်ဘီ မဟုတ်မှာက သေချာသည်။ သူ့အသွင်အပြင်နှင့် လှုပ်ရှားမှုများကိုကြည့်လျှင် အဆင့်တစ် သို့မဟုတ် အဆင့်နှစ် ဖြစ်နေလောက်သည်။ လင်းချင်းသည် ကန်ပေါင်တွင် ရပ်နေရင်း မျက်ခုံးများ တွန့်ကွေးနေသည်။
အခြေအနေက အခုဆိုလျှင် ပိုခက်သွားလေပြီ။ သူမ၏နယ်မြေထဲတွင် အဆင့်နိမ့်ဇွန်ဘီတစ်ကောင်ကို ထားလိုက်မိသလို ဖြစ်နေသည်။ နယ်မြေထဲတွင် ဘယ်သူမှ မရှိပါက ဘာပြဿနာမှ မရှိသော်လည်း အခုတော့ ကလေးအတွက် သူမထည့်တွက်ရမည်။ သို့သော်လည်း လင်းချင်းသည် ကန်ထဲဆင်းပြီးတော့ မရှာရဲသေးပေ။ သူမဆင်းရှာနေချိန်တွင် တစ်ဖက်ကနေ အပေါ်သို့ ပြန်တက်လာလျှင် ပိုဒုက္ခကြီးလိမ့်မည်။
လင်းချင်းသည် ဒီနယ်မြေက သူမ၏ထိန်းချုပ်မှုအောက်သို့ လုံးဝမရောက်သေးဘူးဟု ခံစားရသည်။ သူမသာ ကန်အောက်ခြေက အခြေအနေကို အာရုံရနိုင်လျှင်. . .အခုတော့ ကန်မျက်နှာပြင်ပေါ်လောက်သာ သူမ၏အာရုံက ဖြန့်ကျက်နိုင်သေးသည်။ ရေအောက်ကို မခံစားနိုင်သေးပေ။
အခုတော့ သူမလုပ်နိုင်တာဟူ၍ ကန်ထဲကနေ ရှဲ့တုန်းထွက်လာမည်ကို စောင့်ရုံသာ ရှိတော့သည်။ ဝူယွဲ့လင်းကို နယ်မြေအပြင်သို့ ထုတ်ထားလို့ မရပေ။ အပြင်ဘက်တွင် နေရာတိုင်းက ဇွန်ဘီရှိနေသောကြောင့် လုံခြုံသည့်နေရာဟူ၍ မရှိပေ။
ဝူယွဲ့လင်းမှာ ဇွန်ဘီပြောင်းသွားတဲ့သူက ရေကန်ထဲတွင် ဘယ်လိုဖြစ်နေမလဲကို စပ်စုစွာကြည့်နေသည်။

‘မြုပ်သွားတာလား? ဒါမှမဟုတ် ငါးတွေလို ရေကူးနေတာလား?’

သူမသည် ဝူယွဲ့လင်းဘက်သို့ လှည့်လာပြီး အသုံးအဆောင်ပစ္စည်းများထားသည့် နေရာတွင် သွားနေဖို့ အမှုအယာလုပ်ပြလိုက်သည်။ လင်းချင်း၏အမှုအယာကို မြင်သည့်အခါ ဒီနားတွင် နေမရကြောင်းကို ဝူယွဲ့လင်းလေးက နားလည်သွားသည်။ သူမကိုယ်တိုင်လည်း ဒီနားတွင် နေရမည်ကို ကြောက်နေတာဖြစ်သည်။

ထို့ကြောင့် လင်းချင်းသည် ကုတင်နှင့် ဆိုဖာတို့ရှိသည့်ဘက်ကို လက်ညိုးထိုးပြလိုက်သည်။ ကလေးမလေးသည် ချက်ချင်းလှည့်ကာ လျှောက်သွားသည်။ လျှောက်နေစဉ်တွင် သူမအနောက်မှ လင်းချင်းပါမပါကို ကြောက်ကြောက်ဖြင့် သေချာအောင် လှည့်ကြည့်သေးသည်။ လင်းချင်းမှာ ဝူယွဲ့လင်းအနောက်ကနေ လိုက်ပေးနေရတာ ဖြစ်သည်။ သူမမှာလည်း အနောက်က လိုက်ပေးနေရတာတောင် ရေကန်အခြေအနေကို တစ်ချက်ပြန်လှည့်ကြည့်ရသေးသည်။
ဇွန်ဘီရှဲ့တုန်းသည် ရေအောက်မှာ ကြာကြာနေလိမ့်မည်ဟု သူမထင်သည်။ သို့သော်လည်း ဝူယွဲ့လင်းလေး၏ အနောက်ကနေ လိုက်ပေးနေစဉ်တွင် သူမ၏နားများကို စွန့်ထားဆဲဖြစ်သည်။ ကန်ရေပြင်ပေါ်တွင် အသံကြားသည်နှင့် သူမချက်ချင်း ခေါင်းကိုလှည့်လိုက်သည်။
သူမထင်သလိုပင် တည်ငြိမ်နေသည့် ကန်ရေပြင်သည် တစ်စုံတစ်ခုထွက်လာသည်နှင့် လှုပ်ရှားလာသည်။ ထွက်လာသည့်တစ်စုံတစ်ခုသည် ရေထဲတွင် ကြာကြာငုပ်မနေနိုင်သည့် ရှဲ့တုန်းသာ ဖြစ်သည်။ ရေပူဖောင်းများ ပလုံစီလာပြီးနောက် မလှုပ်မရှားသဏ္ဍာန်တစ်ခုက ပေါလောပေါ်လာသည်။
လင်းချင်းမှာ လန့်သွားသည်။

‘ဘာဖြစ်တာလဲ?’

ဝူယွဲ့လင်းသည် လင်းချင်းက သူမ၏အနောက်သို့ လိုက်မလာသည်ကို သိသည်နှင့် သူမပါရပ်လိုက်သည်။ သူမ၏အာရုံသည်လည်း ကောင်းမွန်လှသည်ဖြစ်ရာ လင်းချင်းရပ်လိုက်သည်နှင့် သူမတန်းသိလေသည်။
လင်းချင်းကို လှည့်ကြည့်လိုက်သည့်အခါ ကန်မျက်နှာပြင်ကို စိုက်ကြည့်နေသည်ကို သူမတွေ့သည်။ ထိုအခါ သိချင်စိတ်ဖြင့် လင်းချင်းအနားသို့ ပြေးလာကာ လင်းချင်းအနောက်တွင် ပုန်းလျှက်လေးဖြင့် ခေါင်းလေးကိုသာ ပြူထွက်၍ ကြည့်လေသည်။ ထိုအခါ ရေပေါ်တွင် မြောနေသည့် မလှုပ်မရှားသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။
လင်းချင်းသည် ဘာဖြစ်နေသလဲ မသိသဖြင့် မျက်မှောင်ကျုံလိုက်သည်။

‘ဇွန်ဘီပြောင်းသွားတာတောင် ရှဲ့တုန်းက ကန်ထဲကနေ ခုန်ထွက်မလာဘူးလား?’

ထို့နောက်တွင်မှ သူမလည်း ကန်ထဲကို ပထမဆုံး ဆင်းတုန်းက အချိန်အကြာကြီး အိပ်ပျော်သွားသည်ကို သတိရလိုက်သည်။ ရှဲ့တုန်းလည်း သူမလို အခြေအနေဟုတ်မဟုတ်ကိုတော့ မသိပေ။
    	လင်းချင်းသည် ခနတွေးကြည့်နေသည်။ ရှဲ့တုန်းကလည်း ကန်ပေါ်တွင် မြောနေသောကြောင့် သူမသေချာအောင် သွားကြည့်ဖို့တော့ လိုအပ်လေပြီ။ သူမမလှုပ်နိုင်ဖြစ်နေသောကြောင့် ခြိမ်းခြောက်မှု တစ်ခုမဟုတ်ပေ။ ထို့ကြောင့် သူမသည် သူကိုထိပြီးနောက် နယ်မြေထဲမှ ထွက်လို၍ဖြစ်သည်။ 
Previous Chapter 36 of 198 Next