၁၈၄။ ဇွန်ဘီဘုရင်ကို ရှာခြင်း
လင်းချင်းသည် ပေါ့ပါးစွာရွေ့လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။
လုတုယောင်သည် ဘေးကိုရှောင်လိုက်စဉ် လင်းချင်းကို သတိအပြည့်ဖြင့် ကြည့်လိုက်သော်လည်း ထူးဆန်းသည့် ကတုံးကို အစတောင်ရှာမရအောင် မတွေ့တော့ပေ။ သူတို့သည် ဒီတစ်ကြိမ်တော့ တကယ်ဒုက္ခရောက်ပြီကို သိလိုက်သည်။ ရန်သူသည် ဘာစကားတစ်ခွန်းမှ မပြောဘဲ တိုက်ခိုက်သည်။ သူ့လူများကို သူပြန်ကြည့်သည့်အခါ လုံးဝမလှုပ်ရှားတော့သဖြင့် သူဆိုးဝါးသည့် ခံစားချက်ကို ရလိုက်သည်။ လင်းချင်း၏ မျက်နှာကို မမြင်လိုက်သလို မှောင်နေသဖြင့် နေကာမျက်မှန်နှင့် ကတုံးဆိုသည်ကလွဲလျှင် သူဘာကိုမှ မသိလိုက်ပေ။ ထို့ကြောင့် ပုံမှန်အရပ်ရှိသည့် ယောက်ျားတစ်ယောက်ဟုသာ ထင်လိုက်သည်။
ထိုအချိန်တွင် ဘာမှမသိသည့် လုတုယောင်နောက်တွင် လင်းချင်းက ရပ်နေပြီ။ သူမ၏ ကိုယ်ပျောက်လက်များဖြင့် သူ့ခေါင်းကို နောက်ကနေရွယ်လာကာ သူနှင့်မီတာတစ်ဝက်လောက်ပဲ ဝေးချိန်ရောက်မှ ကိုယ်ပြန်ဖော်လိုက်သည်။ ပြန်ပေါ်လာသည်နှင့် လင်းချင်း၏ လက်သည်းများသည် လုတုယောင်၏ ခေါင်းကိုထိုးဖောက်လိုက်သည်။
လုတုယောင်သည် သူ့နောက်ကျောက အေးသွားပြီးနောက် ခေါင်းကိုနောက်ကနေ ထိုးခံလိုက်ရသည်။ သူမျက်လုံးများသည် ပြူးကျယ်နေကာ ဘာဖြစ်မှန်းသိပုံမရပေ။
လင်းချင်းသည် သူမ၏လက်ကိုပြန်ထုတ်လိုက်သည့်အခါ သူမ၏လက်ထဲတွင် ခပ်ဖျော့ဖျော့လေး တောက်ပနေသည့် အမြူတေတစ်ခုကပါလာသည်။
ဒုန်း!
လင်းချင်းလက်ထုတ်လိုက်သည့်အခါ လုတုယောင်၏ကိုယ်ကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ လင်းချင်းသည် ခေါင်းမော့ကာ အခြားသူများသည်လည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်နေသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏လက်ကိုဝေ့ယမ်းလိုက်သည့်အခါ မြူခိုးနက်များသည် သူမ၏လက်ထဲသို့ ပြန်ရစ်ခွေကာ ရောက်လာကြသည်။
ထို့နောက် လင်းချင်းသည် မြေပြင်ပေါ်တွင် လဲနေသည့် လုတုယောင်ကို လက်ညိုးထိုးလိုက်သည်။ သူမ၏လက်ညိုးညွှန်ရာအတိုင်း မြူခိုးနက်များသည် လုတုယောင်၏ကိုယ်ကို မြိုချနေသလို ရစ်ပတ်သွားသည်။
ဘယ်သူကမှ ဒီလူများသည် ဘယ်လိုသေသွားသလဲ သိမှာမဟုတ်ပေ။ မနေ့က ရှဲ့တုန်းအား ကန်ကျောက်နေသူများသည် ဒီနေ့တော့ လုံးဝကို ပျောက်ကွယ်သွားရပြီ။ အစက ရှဲ့တုန်းသည် လင်းချင်းအား ဒီလူများကို မသတ်ရန်ပြောသဖြင့် လွတ်ပေးလိုက်သော်လည်း ဒီလူများက တစ်ရက်တွင်းမှာ သေဖို့ပြန်လာသည်။ ကံဆိုးသည့်လူတစ်သိုက်သာ ဖြစ်ပေသည်။
မြူခိုးများကို ပြန်စုပြီးနောက် လင်းချင်းသည် နယ်မြေထဲက ကန်ထဲကို အမြူတေပစ်ချလိုက်သည်။ ထို့နောက်မှ ဟိုတယ်ကို လမ်းလျှောက်ပြန်လာခဲ့သည်။
ဟိုတယ်သို့ပြန်ရောက်သည့်အခါ ကြွက်တစ်ကောင်ကို လက်ကနေ ကိုင်လျှက် လှောင်ချိုင့်ထဲက လိပ်များကို သွားစနေသည့်သူကို သူမတွေ့သည်။ လင်းချင်းသည် လှောင်ချိုင့်နားသို့သွားကာ လိပ်များကိုကြည့်ရင်း “မနေ့ကလူတွေ သတ်ခဲ့ပြီ”
ရှဲ့တုန်းသည် ကြွက်ကို လှောင်ချိုင့်ထဲသို့ပစ်ထည့်ပြီးနောက် ထိုင်နေရာကနေထကာ သူမကို ခေါင်းငြိမ့်ပြသည်။ ဟိုတယ်ကနေ သူမထွက်သွားသည်ကို သူအာရုံခံမိသော်လည်း လိုက်မသွားဘဲ ဒီနေရာကနေသာ သူမကို စောင့်နေတာဖြစ်သည်။ လင်းချင်းဆီသို့ ထိုလူများက ဒုတိယကြိမ်ရောက် ကိုယ်တောင်ရောက်လာသဖြင့် သူမက သတ်ပစ်လိုက်သည်မှာ သင့်တော်လှသည်။
လင်းချင်းသည် ဟိုတယ်သို့လျှောက်သွားပြီးနောက် ပြတင်းပေါက်ပေါင်များကနေ အပေါ်သို့တက်လိုက်သည်။ သူမသည် ဇွန်ဘီဖြစ်လာပြီးနောက် ခုန်ပျံသွားလာနေရခြင်းကို ပို၍သဘောကျနေမိသည်။
ရှဲ့တုန်းကတော့ လင်းချင်းက သူမ၏အခန်းကို ခုန်တက်သွားသည်ကို တစ်ချက်ကြည့်ပြီးနောက် ဟိုတယ်ထဲသို့ဝင်ကာ လှေကားကနေသာ တက်လာသည်။
အခြားသူတစ်ချို့က ထွက်သွားသဖြင့် ဝေ့ကျင်းချန်နှင့် ရှောင်ဝမ်ရှင်းတို့သည် လင်းဖန်၏ တံခါးကို စောင့်ကြပ်ပေးနေသည်။
နောက်နေ့မနက်တွင် လင်းချင်းသည် စောစောစီးစီးမှာပဲ ရှဲ့တုန်းကို ခေါ်ကာထွက်လာခဲ့သည်။ ချူးလီလီနှင့် ကျွင်းကျွင်းတို့ကိုတော့ ဟိုတယ်တွင် ထားခဲ့သည်။ ကျွင်းကျွင်းနှင့်တုံတုံကို အမျိုးသမီးလင်းနှင့် လင်းဝမ်ဝမ်တို့ဖြင့် အတူအချိန်ဖြုန်းစေချင်တာ ဖြစ်သလို ချူးလီလီကိုတော့ ဒီဟိုတယ်ကလူများကို စောင့်ရှောက်စေဖို့ ဖြစ်သည်။ တစ်ခုခုဖြစ်လာလျှင် ချူးလီလီက ကူညီပေးနိုင်သည်။ ချူးလီလီသည် ဒီလူသားအဖွဲ့ကို ကူညီချင်ပုံမရသော်လည်း အနည်းဆုံးတော့ လင်းချင်း၏မျက်နှာဖြင့် လုံခြုံအောင် ထားပေးလိမ့်မည်။
လင်းချင်းနှင့် ရှဲ့တုန်းတို့က ဟိုတယ်ကနေ ထွက်လာသည့်အခါ ပင်လယ်မြို့တော်စခန်းမှလည်း ယာဉ်တန်းကြီးတစ်ခုက ထွက်လာသည်။ ထိုယာဉ်တန်းကြီး၏ အလည်တွင် ရှောင်လီချန်းက ကားမောင်းနေကာ သူ့ကားထဲတွင် မုန့်ယွဲ့၊ ရှောင်ယွင့်လုံ၊ ဝူချန်းယွဲ့နှင့် ဝူယွဲ့လင်းလေးတို့ပါသည်။ ဝူယွဲ့လင်းလေးသည် နောက်ခုံမှာ ရှောင်ယွင်လုံနှင့် ဝူချန်းယွဲ့တို့ကြားမှာ ထိုင်နေသည်။
ရှောင်ယွင့်လုံသည် ဝူယွဲ့လင်းလေးဖြင့် ကစားနေရင်း ဝူချန်းယွဲ့အား “ဟန်ကျိုးမှာ ငါတို့ဒီတစ်ခေါက် အဆင့်၆ဇွန်ဘီနဲ့ တွေ့လောက်မလား? ဇွန်ဘီမြို့တော်မှာ ဇွန်ဘီတွေက သန်းနဲ့ချီအောင်ရှိတာ။ အဆင့်ငါးဇွန်ဘီက သေချာပေါက်များမှာဆိုပင်မယ့် ဇွန်ဘီဘုရင် ဒါမှမဟုတ် ဇွန်ဘီဘုရင်မရှိလောက်မလား”
ဝူချန်းယွဲ့သည် ပြုံးလိုက်ကာ “မင်းသတင်းအချက်က အခုဘယ်လိုဖြစ်နေတာလဲ? ကျိုးရှီဟွေ့ဆီကနေ ဒီမြို့မှာ ဇွန်ဘီဘုရင်ရှိတယ်လို့ မင်းမကြားခဲ့ဘူးလား?”
“ဟင်? တကယ်လား?” ရှောင်ယွင့်လုံသည် သူ့အားတအံ့တသြဖြင့်ကြည့်ကာ “ဘာဖြစ်လို့ ငါမသိတာလဲ? သူကမင်းကို ပြောပြတာလား?”
ဝူချန်းယွဲ့သည် သူ့အားအဓိပ္ပါယ်ပါသည့်အပြုံးတစ်ခုဖြင့်ကြည့်ကာ ငြိမ်နေသည်။ သူ့အကြည့်ကြောင့် ရှောင်ယွင့်လုံသည် မျက်တောင်ခပ်သွားကာ မေးသည်။ “မင်းသွားမှာမဟုတ်ဘူးမလား?”
“နင်မသိဘူးလား?” ရှေ့ခုံက မုန့်ယွဲ့သည် လှည့်ပြောသည်။ “ဒီတစ်ခေါက် ဇွန်ဘီဘုရင်ကို အဓိကသွားရှာတာ။ ခေါင်းဆောင်ကျိုးဆီကနေ ဒီသတင်းကိုရဖို့ ကြေးကြီးကြီးပေးခဲ့ရတာ”
ရှောင်ယွင့်လုံသည် မုန့်ယွဲ့ကိုကြည့်ပြီးနောက် ဝူချန်းယွဲ့ကို ကြညည့်သည်။ ထို့နောက် ဝူယွဲ့လင်းကို လက်ညိုးထိုးပြကာ မကျေနပ်စွာဖြင့် “ဇွန်ဘီဘုရင်ကို သွားရှာမယ်ဆိုရင်လည်း ဘာဖြစ်လို့ လင်းလင်းကို ခေါ်လာတာလဲ? ကလေးတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ?”
သူတို့သည် ရိက္ခာသွားဖို့ ထွက်လာခဲ့တာဟု ထင်ခဲ့တာဖြစ်သည်။ ထို့ကြောင့် ဝူယွဲ့လင်းသည်လည်း သူမ၏အဖေနှင့်အတူရှိလျှင် လုံခြုံလိမ့်မည်။ သို့သော်လည်း ဇွန်ဘီဘုရင်ကို သွားသတ်တာဖြစ်သောကြောင့် ဒါက ပို၍အများကြီးကို အန္တရာယ်ရှိသည်။
ဇွန်ဘီဘုရင်နှင့် ဘုရင်မများသည် ဒဏ္ဍာရီလာကောင်များလိုပင်။ ရှောင်ယွင့်လုံသည်လည်း တစ်ကောင်မှ မမြင်ဖူးပေ။ သူတို့ပေါ်လာသည့်အခါ သတ်ဖို့မပြောနှင့်။ မြင်ဖူးသူအများစုက သေသွားကြတာပဲဖြစ်သည်။ ဝူချန်းယွဲ့လို အဆင့်၇စွမ်းအားရှင်သည် သတ်နိုင်သော်လည်း လွယ်တာတော့ မဟုတ်ပေ။
မုန့်ယွဲ့က ထပ်ပြောသည်။ “ဒီဇွန်ဘီဘုရင်က မိုးကြိုးအစွမ်းရှိတယ်လို့ ကြားတယ်” ပြောပြီးနောက် သူမသည် ဝူချန်းယွဲ့ကို ကြည့်လိုက်သည်။
“မိုးကြိုးစွမ်းလား?” ရှောင်ယွင့်လုံသည်လည်း ဝူချန်းယွဲ့ကို ကြည့်မိသည်။ စခန်းကနေ အလျင်စလိုဖြင့် အမြန်ထွက်လာသည့်အကြောင်းကို သူသိသွားလေပြီ။
“ဒါပင်မယ့်. . .ဒါဆိုလည်း ငါတို့ထင်တာကထက် ပိုအန္တရာယ်များနေနိုင်တယ်! မဖြစ်ဘူး။ ငါတို့လင်းလင်းကို ပြန်ပို့မယ်! သမီးလေးအသက်ကို စွန့်စားရတာမျိုး မလုပ်နိုင်ဘူး!” ရှောင်ယွင့်လုံသည် ပြောပြောဆိုဆိုဖြင့် ကားရပ်ခိုင်းဖို့လုပ်တော့သည်။
ဝူချန်းယွဲ့က သူ့ကို လက်တစ်ဖက်ဖြင့် ပြန်ဆွဲချ၍ အမြန်တားကာ “ခနလေး ငါပြောတာကို အရင်နားထောင်။ ငါတစ်ယောက်တည်း ဇွန်ဘီဘုရင်ကို သွားရှာမှာ။ မင်းတို့နှစ်ယောက်က လင်းလင်းကို စောင့်ရှောက်ပေးထား။ မင်းတို့ရှိနေသ၍ ဘာဖြစ်နိုင်မှာမလို့လဲ?”
ထိုအခါ ရှောင်ယွင့်လုံသည် ခနတွေးလိုက်ပြီးနောက် သူ့အားမယုံနိုင်စွာဖြင့် “ဘာ! မင်းကတစ်ယောက်တည်းသွားမှာ! ဒါကရူးလောက်အောင် အန္တရာယ်များတာကွ!”
ဝူချန်းယွဲ့သည် ပြုံးသာပြကာ ဘာမှပြန်မပြောပေ။
“မဟုတ်ရင်ရော?” မုန့်ယွဲ့က အေးစက်စွာပြောသည်။ “နင်လိုက်သွားမလို့လား? နင်က ဘယ်လိုကူညီနိုင်မှာမလို့လဲ? ပိုခက်အောင်လုပ်ပြီးတော့လား?”
ရှောင်ယွင့်လုံသည် ပြောစရာစကားမရှိတော့ပေ။