နောက်နေ့တွင် လီကျန်းတို့နေသည့်နေရာသို့ မနက်စောစောတွင် တံခါးလာခေါက်သည်။
“ဘယ်သူက အစောကြီးလာတာလဲ?” လင်းယုသည် အခြားသူများကိုကြည့်ကာ မေးသည်။ သူသည်ပြောနေရင်းဖြင့် တံခါးသွားဖွင့်ဖို့ လုပ်သည်။
“ပင်လယ်အခြေစိုက်စခန်းကလူတွေပဲ နေမှာပေါ့” လီကျန်းက ပြောသည်။
လင်းယုသည် တံခါးဖွင့်သည့်အခါ ယူနီဖောင်းဖြင့် လူနှစ်ယောက်ကို တွေ့သည်။ သူတို့သည် ရှောင်ယွင့်လုံ၏ လက်အောက်မှ နှစ်ယောက်ဖြစ်သည်။
“ကပ္ပတိန်ဟောင်? ဒီကိုဘာဖြစ်လို့လဲ? မနက်အစောကြီးရှိသေးတယ်” လင်းယုသည် ရှောင်ယွင့်လုံ၏လူထဲမှ ဟောင်မင်းဆိုသည့်သူကို မေးလိုက်သည်။
ဟောင်မင်းနှင့် အခြားတစ်ယောက်သည် အပြင်မှာရပ်နေကာ အိတ်အချို့ကိုင်လာသည်။ လင်းယုအားသူကပြုံးပြကာ အိတ်ကိုပေးလိုက်ရင်း “ငါတို့စကားပြောစရာရှိလို့။ မင်းတို့မနက်စားမစားရသေးဘူးထင်လို့။ ကန်တင်းကနေ ငါယူလာတယ်။ နွေးတုန်းလေးစားလိုက်ကြ”
လင်းယုသည် ပြုံးကာ တံခါးဖွင့်ပေးလိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။ “ကျေးဇူးပါဗျာ။ ခင်ဗျားတို့က တကယ်ကောင်းတာပဲ”
ဟောင်မင်းသည် အထဲသို့ဝင်လာကာ သူ့လူကို အပြင်မှာ စောင့်နေစေသည်။ သူဝင်လာသည်နှင့် လင်းယုသည် တံခါးပြန်ပိတ်လိုက်သည်။
လီကျန်းသည် ဟောင်မင်းထိုင်ဖို့ ခုံပြင်ပေးကာ စပ်စုစွာဖြင့် မေးသည်။ “ဒီလောက်အစောကြီး ဘာကိစ္စရှိလို့လဲ?”
ဟောင်မင်းသည် ထိုင်လိုက်ကာ “အရင်စားလိုက်ကြပါဦး။ စားပြီးမှပဲ ပြောတာပေါ့။ ဒီမှာနေရတာ အဆင်ပြေရဲ့လား? ခင်ဗျားတို့ငါးယောက်အတွက် နေရာကသေးတော့ ပိုကျယ်တဲ့နေရာရှာပေးရမလား?” လီကျန်း၏မေးခွန်းကိုမဖြေဘဲ အခြားအကြောင်းပြောလိုက်သည်?
လင်းယုနှင့် လီကျန်းတို့သည် အချင်းချင်းကြည့်လိုက်သည်။ ဟောင်မင်းက ဘာပြောချင်သလဲ သူတို့မသိပေ။ ဟောင်မင်းက သူတို့စားဖို့ကိုသာ အတင်းခေါင်းမာနေသဖြင့် သူပြောသလို လုပ်လိုက်ကြသည်။
မနက်စာအိတ်ဖွင့်လိုက်သည့်အခါ ပေါက်စီများကိုတွေ့ရသည်။ လီကျန်းသည် ပေါက်စီကို တစ်ကိုက်ကိုက်ရင်း ဟောင်မင်းအား ရယ်ရင်းဖြင့် “မလိုပါဘူး။ ဒီနေရာက ကောင်းပါတယ် ငါတို့အတွက် ကောင်းလွန်းတယ်။ လင်းယုက ကြမ်းပြင်ပေါ်မှာ အခင်းခင်းအိပ်တယ်။ အဆိုးဆုံးဆိုလို့ ငါတို့ရေချိုးခန်းကို ညပိုင်းသွားရင် သူ့ကိုတက်နင်းမိရုံလောက်ပါပဲ”
“ဟား ဟား” ဟောင်မင်းသည် ရယ်ကာ “တမင်နင်းချတာတော့ မဟုတ်ဘူးမလား?”
“သူတို့မလုပ်ရဲပါဘူးဗျာ” လင်းယုသည် ပေါက်စီကို ဝါးနေရင်းဖြင့် “သူတို့ကို ဉကွဲအောင် ကန်ပစ်လိုက်မှာ!” စကားပြောနေရင်း သူတကယ်လည်း သူ့ကိုတက်နင်းသည့်သူများ၏ ဂွကြားကို သူပြန်ကန်လိုက်မိသည်ကို သတိရသွားသည်။
“အဟမ်း!” ဖန်ယုမင်းသည် ပြုံးကာဖြင့် “အကိုလင်းယု ဒါဆိုရင် ကျွန်တော်တို့ တက်နင်းမိတိုင်း အကိုကဒါကို တွေးနေခဲ့တာပေါ့”
လင်းယုသည် မျက်လုံးလှန်လိုက်ကာ ပေါက်စီကိုစားလိုက်သည်။ ပေါက်စီက သေးသောကြောင့် နှစ်ချက်လောက် ကိုက်ရုံနှင့် ကုန်သွားသည်။
“ရပါတယ်ဗျာ” ဟောင်မင်းအား သူပြောသည်။ “ကျွန်တော်တို့က အများကြီးလိုတဲ့သူတွေ မဟုတ်ကြပါဘူး။ ဒီမှာလည်း အကြာကြီးနေမှာမှ မဟုတ်တာ။ ခေါင်းဆောင်လာပြီဆိုတာနဲ့ ကျွန်တော်တို့လည်း ပြောင်းရတော့မှာပဲ”
ကျန်သည့်သူများကလည်း ခေါင်းငြိမ့်သည်။ သူတို့သည် မနက်စာစားပြီး၍ ရေသောက်မှသာ ဟောင်မင်းသည် စပြောသည်။ သူသည် ပြုံးနေခြင်းကို ရပ်လိုက်ကာ တည်ကြည်စွာဖြင့် “ဒီနေ့လာရတာက မင်းတို့စခန်းအကြောင်း ပြောပြချင်လို့ပဲ။ မြေနဂါးစခန်းကလူတွေက မင်းတို့စခန်းကို ချောင်းနေတာ ကြာပြီဆိုတာ သိကြတယ်မလား။ ဒီတစ်ခေါက်တော့ တကယ်လှုပ်ရှားသွားကြရင် ပူးပေါင်းဖို့အတွက် မင်းတို့ခေါင်းဆောင်ငရဲမီးက မင်းတို့ကို ဒီကိုလွှတ်လိုက်တာမလား။ ဒါပင်မယ့် လက်ထောင်ခေါင်းဆောင်က မနေ့က သတင်းရတယ်။ မင်းတို့ထွက်လာပြီး ၂ရက်လောက်ကြာတော့ မင်းတို့စခန်းက ပျက်သွားပြီတဲ့”
လီကျန်းနှင့် သူ့လူများသည် မယုံနိုင်သည့်မျက်နှာထားများဖြင့် ဟောင်မင်းကို ကြည့်ကြသည်။ ဖန်ယုမင်းက မျက်လုံးကျွတ်ကြမတက်ပြူးနေကာ ကြောက်လန့်စိုးရိမ်စွာဖြင့် “မဖြစ်နိုင်ဘူး! မြေနဂါးစခန်းက ငါးလလောက်မှ စတိုက်မယ်လို့ ပြောထားတာမလား? ငါတို့ထွက်လာတာနဲ့ ဘယ်လိုလုပ်တိုက်နိုင်မှာလဲ? ပြီးတော့လည်း ငါတို့စခန်းက ဒီလောက်အလွယ်လေး မပျက်နိုင်ပါဘူး။ ငါတို့ခေါင်းဆောင်က အရမ်းသန်မာတာ!”
မြေနဂါးစခန်းသည် အခြားစခန်းများနှင့် ပူးပေါင်းကာ သူတို့ကိုတိုက်ခိုက်ဖို့ လုပ်နေသည်ကို သူတို့သိကြသည်။ သူတို့ခေါင်းဆောင်ကိုယ်တိုင်လည်း ဟေးဒီးစခန်းက ဆက်ရှိနိုင်တော့မည် မထင်သောကြောင့် သူတို့အား ပင်လယ်အခြေစိုက်စခန်းသို့ အကူအညီလွှတ်တောင်းခြင်း ဖြစ်သည်။ သူတို့ခေါင်းဆောင်သည် ဇီခရိုင်မှာ စခန်းသစ်ထောင်ဖို့တွေးနေကာ ပင်လယ်အခြေစိုက်စခန်းတွင် အမျိုးသမီးနှင့် ကလေးအချို့ကို ခနခိုလှုံ့ခွင့်ပြုစေလိုခြင်း ဖြစ်သည်။
ဒီလူများသည် နေရာကောင်းမလိုပေ။ သူတို့သည် အမိုးအောက်နေရလျှင်ရပြီ။ သူတို့ကို ကာကွယ်ပေးမည့်နံရံများရှိနေလျှင် အဆင်ပြေသည်။ ကမ္ဘာပျက်ခေတ်တွင် စခန်းများတွင် မီတာနှစ်ဆယ်လောက်မြင့်သည့် နံရံများရှိကာ ဇွန်ဘီရန်မှ ကာကွယ်ပေးထားသည်။
ထို့ကြောင့် ငရဲမီးခေါင်းဆောင်သည် ဟေးဒီးစခန်းမှလူများကို ပင်လယ်မြို့တော်သို့ အရင်ပြောင်းစေချင်တာ ဖြစ်ပြီး အားကောင်းသူများကို ပင်လယ်မြို့တော်နားတွင် အခြေစိုက်စခန်းတစ်ခု ယာယီဆောက်ထားစေချင်သည်။ ထို့ကြောင့် စခန်းသစ်အတွက် ဇီခရိုင်သို့ သူတို့လာရခြင်းဖြစ်သည်။
ထို့ကြောင့် ငရဲမီးခေါင်းဆောင်သည် သူ့လူများကို ပင်လယ်မြို့တော်စခန်းမှ ခေါင်းဆောင်များဖြင့် အရင်ဆွေးနွေးဖို့ လွှတ်လိုက်ခြင်းပင်။ ထိုအချိန်က လီကျန်းတို့အား ဝူချန်းယွဲ့ဆီမှ အတည်ပြုချက်ယူရန် လွှတ်လိုက်ခြင်းဖြစ်သည်။ ဟေးဒီးစခန်းကလူများ ရောက်လာသည်နှင့် ဆောက်လုပ်ရေးစတော့မည်ဖြစ်ကာ ပင်လယ်မြို့တော်ကလည်း ကူညီပေးမှာ ဖြစ်သည်။ ဟေးဒီးစခန်းက ပင်လယ်မြို့တောက်ကို သေချာပေါက်ကို နောက်ပိုင်းတွင် ပြန်ထောက်ပံ့ပေးမည် ဖြစ်သည်။
သူတို့ရထားသည့်သတင်းအရဆိုလျှင် မြေနဂါးစခန်းမှ လူများသည် ငါးလအတွင်းတိုက်မှာဖြစ်သည်။ ငါးလဆိုသည်မှာ သူတို့လူများ ပြောင်းရွေ့ရန် လုံလောက်သည်။ သို့သော်လည်း ဟောင်မင်းက သူတို့ထွက်လာပြီးနောက် ၂ရက်တွင်း တိုက်ခိုက်လာကာ စခန်းပျက်ပြီပြောသဖြင့် သူတို့မယုံနိုင်ကြတာဖြစ်သည်။ သူတို့ထွက်လာသည်က ၁လလောက်သာ ရှိသေးသည်။ ဟောင်မင်းပြောသည်က အမှန်ဆိုလျှင် ရက်၂၀လောက်အတွင်း သူတို့စခန်းပျက်သွားတာဖြစ်သည်။ သူတို့ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်တို့ ရှိနေသည်ကို စခန်းက ဘာဖြစ်လို့ အလွယ်ကျသွားသနည်း? အခြားသူများသည်လည်း ဖန်ယုမင်းလိုတွေးနေကာ ဟောင်မင်းကို မယုံကြည်ကြပေ။
“စိတ်အေးအေးထားကြပါ” ဟောင်မင်းက ပြောသည်။ “အကုန်အကြောင်းရှိပါတယ်။ မင်းတို့မသိသေးဘူးဖြစ်မယ်။ မင်းတို့ဒုခေါင်းဆောင် ယန်ကျင်းဟွာက တကယ်တော့ မြေနဂါးစခန်းရဲ့ ကြွက်တစ်ကောင်ပဲ။ မင်းတို့စခန်းအကြောင်းတွေကို ဟိုဘက်ကိုသတင်းပို့ပြီးတော့ ငါးလအတွင်း လာတိုက်လိမ့်မယ်လို့ လိမ်ထားတာ။ အဲ့ဒါကြောင့် ဒီလိုတွေ ဖြစ်သွားတာပဲ”
“မဖြစ်နိုင်ဘူး!” ဟောင်မင်းစကားဆုံးသည်နှင့် ငါးယောက်သည် တစ်သံတည်း တူညီစွာထွက်လာသည်။