၃၉။ ထူးဆန်းသည့် ဆက်သွယ်မှု
“ဂါး?”
လင်းချင်းသည် စာအုပ်အစိုကိုကြည့်ကာ သူ့အားမေးလိုက်သည်။
‘အစွမ်းက ဘာလဲ?’
ရှဲ့တုန်းသည် မီးစွမ်းအားရှင်ဖြစ်ခဲ့မှန်းကို သူမသိသော်လည်း ဇွန်ဘီဖြစ်လာသည့်အခါ အစွမ်းက ဆက်ရှိသေးသလားကို သူမသိချင်သေးသည်။
“ဖျောက်”
မီးတောက်အနီကို မမြင်လိုက်ရသော်လည်း သူ့လက်ဝါးထဲမှ မီးပွားတစ်ခုက ထွက်လာကာ လေထဲတွင် အငွေ့ပျံသွားသည်ကို မြင်လိုက်ရသည်။
လင်းချင်းနှင့် ရှဲ့တုန်းတို့ နှစ်ယောက်လုံးသည် ဘာဖြစ်သလဲကို ခန့်မှန်းမိသည့်အခါ ဆွံ့အသွားကြသည်။ အခုအခြေအနေက အရမ်းမဆိုးသေးပေ။ မီးပွားထွက်လာခြင်းက သူအစွမ်းသည် လုံးဝပျောက်သွားခြင်း မဟုတ်ကြောင်းကို သိသာစေသည်။သို့သော်လည်း ရှဲ့တုန်း၏လက်ဝါးမှ မီးခိုသည် ပျော်ကွယ်သွားသည့်တိုင်အောင် လင်းချင်းမှာ သူ့လက်သည်းများက မီးလိုရဲနေပြီး ခနနေမှ ပြန်ပျောက်သွားသည်ကို မြင်လိုက်သည်။ ထို့နောက်တွင်တော့ သူ့အဝတ်များသည့် သူ့ကိုယ်၏အပူချိန်ကြောင့် အမြန်ခြောက်သွေ့သွားသည်။ သူ့ကိုယ်သည် အရင်က ရေခဲတုံးလို အေးဆက်နေသော်လည်း အခုတော့ မီးလောင်နေသလို ပူလောင်လာသည်။ သို့သော်လည်း သူ့အတွက်တော့ အဆင်မပြေမဖြစ်ပေ။
လင်းချင်းည် သူ့ဆီသို့ လျှောက်လာကာ သူ့လက်ထဲမှ စာအုပ်ကိုယူလိုက်ပြီး အခြားမီးခိုးထွက်နေဆဲ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ဒီဘက်လက်ဖြင့် စမ်းကြည့်ရန် သူ့ကိုအချက်ပြလိုက်သည်။
ရှဲ့တုန်းသည် အနည်းငယ်တွေဝေနေသည်။ သူ့ကိုယ်၏အပူချိန်ကို သူမထိန်းနိုင်သဖြင့် မီးထလောင်မလား? အလုပ်လုပ်ဖြစ်မဖြစ်ကိုလည်း မသိပေ။
“ဂါး”
လင်းချင်းသည် သူတွေဝေနေသည်ကို မြင်သည့်အခါ ‘မြန်မြန်လုပ်’ဟု ပြောလိုက်သည်။
ရှဲ့တုန်းသည် သူမ၏အမိန့်ကို မခုခံနိုင်သည်ဖြစ်ရာ ချက်ချင်းပင် သူ့တစ်ကိုယ်လုံး၏အပူကို လက်ထဲသို့ပြောင်းရန် ကြိုးစားလိုက်သည်။ နှစ်စက္ကန့်တောင် မကြာခင်မှာ လင်းချင်းသည် သူ့လက်ထဲက စာအုပ်ကို ယူလိုက်သည်။ ထို့နောက်တွင်တော့ လေတိုးသံများနှင့်အတူ မီးခိုးလုံးက ထွက်လာပြန်သည်။ထိုနောက်တွင် လင်းချင်း၏လက်ထဲမှ စာအုပ်သည် ခြောက်သွေ့သွားပြီ။ မြန်လွန်း၍ ဘာဖြစ်သွားသလဲ မသိသော်လည်း ထိုစာအုပ်သည် သူ့လက်ထဲသာရှိနေပါက ပြာကျသွားလောက်သည်။
ရှဲ့တုန်းသည် သူ့လက်ကိုသူကြည့်ကာ ဘာပြောရမလဲ မသိတော့ပေ။ သူ့အစွမ်းမျတားသည် ဒီလောက်အထိ ကျဆင်းသွားခဲ့သည်။ သူ့အစွမ်းသည် အားကောင်းခဲ့သော်လည်း အခုအခြေအနေက ရှက်စရာပင်။
လင်းချင်းသည် သူအခုဘယ်လိုခံစားနေရမလဲကို စိတ်မဝင်စားပေ။ သူမသည် ရေစိုနေသည့် ဘောပင်ကိုယူကာ စာရွက်ပေါ်တွင် မျဉ်းခြစ်ကြည့်လိုက်သည်။ ဘောပင်က သုံးရသေးသည့်အခါ လင်းချင်းသည် စာအချို့ကို ရေးလိုက်ကာ သူ့အားပြလိုက်သည်။
‘ငါ့နာမည်က လင်းချင်း။ နင်ကအခု ငါ့နယ်မြေထဲမှာ။ ဇွန်ဘီခေါင်းဆောင်က အပြင်မှာ စောင့်နေတယ်။ အဲ့ဒါကြောင့် နှစ်ယောက်လုံး ထွက်လို့မရသေးဘူး။ နင်လုပ်ချင်တာတစ်ခုခုရှိလား?’
သူမ၏ လက်ရေးများသည် ပြတ်သားကာ စာလုံးတစ်ခုစီတွင် ဓားပါနေသလိုမျိုး အားကောင်းလှသည်။
သူ့လက်များကို သူကြည့်ပြီးနောက် သူမအား စာအုပ်ပြန်ပေးလိုက်သည်။ ထိုအချိန်တွင် ရှဲ့တုန်း၏မျက်လုံးထဲတွင် သူ့ကိုသစ္စာဖောက်သွားသည့် အသင်းဖော်များကို သတ်ချင်စိတ်တို့ဖြင့် ပြည့်နှက်နေသည်။
လင်းချင်းသည် သူ့အတွေးများကို အာရုံရသဖြင့် စာအနည်းငယ်ထပ်ရေးလိုက်သည်။
‘နင်သတ်ချင်ရင် သူတို့ကို သွားသတ်။ အခုနင့်ပုံစံက လူသားလိုပဲ။ စကားသာမပြောဘဲနေရင် ဘယ်သူကမှ နင်သေမှန်းသိမှာ မဟုတ်ဘူး။ အဆင့်ငါးဇွန်ဘီကလည်း အခုနင့်ကို စိတ်မဝင်စားလောက်တော့ဘူး’
‘ဒါပင်မယ့် နင့်ဇွန်ဘီအမြူတေကိုလုချင်လို့ သတ်မလားတော့ သေချာတော့မသိဘူး။ သေချာတာက အခုသူအရမ်းစိတ်တိုနေတယ်’
ရှဲ့တုန်းသည် ဒါကိုဖတ်ပြီးသည့်အခါ ဘာပြောရမှန်း မသိတော့ပေ။
ဒီအချိန်တွင်ပဲ လင်းချင်းသည် သူ့ပုခုံးပေါ်သို့ လက်တင်ပြီးသည့်အခါ နယ်မြေထဲက ပျောက်သွားသည်။ ထို့နောက် သူမအရင်က ရပ်ခဲ့သည့်နေရာသို့ ရောက်သွားသည်။ ထိုအခါ ရှဲ့တုန်းသည် မျက်တစ်မှိတ်အတွင်း နေရာပြောင်းသွားကာ သူတစ်ယောက်တည်း ကျန်နေသဖြင့် အံ့သြလို့သာ နေသည်။‘ချီးပဲ! ငါ့ကိုဒီဇွန်ဘီမက ကန်ထုတ်လိုက်တာပဲ! ပြီးတော့ တစ်ယောက်တည်း ထားခဲ့တယ်. . .ဒီကြောက်ဖို့ကောင်းတဲ့ အဆင့်ငါးဇွန်ဘီကို ရင်ဆိုင်ဖို့!’
ရှဲ့တုန်းသည် သိပ်မဝေးသည့်နေရာက ရင်းနှီးသည့် မျက်လုံးနီဇွန်ဘီကိုကြည့်ကာ လင်းချင်းကို ပြေးကိုက်ချင်နေမိတော့သည်။
သူသည် နယ်မြေထဲကထွက်ကာ သစ္စာဖောက်ကောင်များကို သတ်ပြီး လက်စားချေချင်တာ မှန်သော်လည်း ချက်ချင်းကြီး ထွက်လာချင်တာတော့ မဟုတ်ပေ။ သူ့ဆီကို ပြေးလာသည့် ဇွန်ဘီခေါင်းဆောင်ကိုကြည့်ရင်း ရှဲ့တုန်းသည် သူ့ရင်ထဲမှာ အော်ဟစ်နေမိပြီ။
ဇွန်ဘီခေါင်းဆောင်သည် သူ့အနားသို့ အမြန်ပြေးလာသော်လည်း အနားကိုရောက်သည့်အခါ ရပ်သွားသည်။ သူ့အား နီရဲနေသည့် မိစ္စာလိုမျက်လုံးများဖြင့် စိတ်ရှုပ်စွာကြည့်ပြီးနေသည်။ ရှဲ့တုန်းသည် ဇွန်ဘီခေါင်းဆောင်က အနားရောက်လာသည့်အခါ ကြောက်ပြီးနောက်သို့ ဆုတ်မိလိုက်သည်။ သို့သော်လည်း မပြေးရဲပေ။ အဘယ်ကြောင့်ဆိုသော် လင်းချင်းထက် သူ့၏အစွမ်းကပိုကြီးသဖြင့် သူ့အားမပြေးဖို့ မခုခံဖို့ ဖိနှိပ်ထားခြင်းကြောင့်ပင်။ ထိုအရာသည် အဆင့်မြင့်ဇွန်ဘီများမှ အဆင့်နိမ့်များအပေါ်သို့ ဖိနှိပ်ခြင်းပင်။အကယ်၍ ရှဲ့တုန်းသာ သူ့အားငါးစာအဖြစ် လင်းချင်းက အသုံးချသည်ကို အမှန်သိပါက ရှဲ့တုန်းသည် သူမကို ကိုက်ပစ်ချင်မှာပင်။
ထိုအချိန်တွင် လင်းချင်းသည် ကန်ဘေးမှာ ထိုင်နေရင်း မျက်လုံးကိုမှိတ်ကာ အပြင်အခြေအနေကို ကြည့်နေသည်။ ဇွန်ဘီခေါင်းဆောင်က ရှဲ့တုန်းအနားသို့ပြေးလာကာ အနားရောက်မှ ရပ်သွားသည်ကိုမြင်မှသာ စိတ်သက်သာရာရလေသည်။
ဇွန်ဘီခေါင်းဆောင်က ပြေးလာရခြင်းသည် သူမ၏အနံ့ရ၍ဖြစ်လိမ့်မည်။ သို့သော်လည်း ရှဲ့တုန်းအနားသို့ ရောက်သည့်အခါ စားရသည့်လူသားအနံ့မရှိတော့သဖြင့် ရပ်သွားကာ စိတ်ရှုပ်သွားခြင်း ဖြစ်မည်။ သူသည် စိတ်တိုနေသော်လည်း စဉ်းစားတက်သေးသည်။ လူသားတို့သည် ဇွန်ဘီများထံမှ ကိုက်ခံရ ခြစ်ခံရသည့်အခါ တစ်ရက်ခွဲကြာလျှင် စားမရတော့ကြောင်း သူသိသည်။
သို့သော်လည်း သူ့အရှေ့က လူသားသည် အရမ်းမြန်ဆန်စွာပြောင်းလဲသွားသည်။ သိပ်မကြာခင်တုနန်းက အရသာရှိသည့် လူသားနံ့ကို သူရနေသော်လည်း အခုတော့ အခြားဇွန်ဘီများလို အနံ့ဖြစ်သွားပြီ။ သူသည် အဆင့်နိမ့်ဇွန်ဘီဖြစ်သောကြောင့် ဇွန်ဘီခေါင်းဆောင်သည် သူ့၏ဇွန်ဘီအမြူတေကို စိတ်မဝင်စားပေ။
ဇွန်ဘီခေါင်းဆောင်သည် ရှဲ့တုန်းအနားသို့ ပတ်လျှောက်နေရင်း အနံ့ကထူးဆန်းသည်ကို သတိထားမိသော်လည်း သူကသိပ်ဂရုမစိုက်ပေ။ သူသည် သူ့အစာကိုလုသွားသည့်သူကိုသာ ရှာဖွေနေခြင်း ဖြစ်သည်။ သူမသိသည်က သူရှာနေသည့်သူသည် သူ့အားတစ်ချိန်လုံး ကြည့်နေခြင်းကိုပင်။
ဒီလောက်ပတ်လျှောက်နေသော်လည်း လင်းချင်းကို မတွေ့သည့်အခါ ဇွန်ဘီခေါင်းဆောင်သည် ဒေါသထွက်လာသည်။ သူသည် ရှဲ့တုန်းအား သူ့လက်သည်းများနှင့် ကုတ်လိုက်သဖြင့် ရှဲ့တုန်းသည် လေထဲသို့ လွင့်ပျံသွားသည်။
“ဘုန်း!”
ရှဲ့တုန်းသည် တုန့်ပြန်ချိန်တောင်မရဘဲ လေထဲသို့ လွင့်ပျံသွားကာ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာသည်။
ထို့နောက် ဇွန်ဘီခေါင်းဆောင်သည် ဒေါသတကြီးမာန်ဖီတော့သည်။“ဂါး!”
ထို့နောက်တွင်တော့ ဇွန်ဘီခေါင်းဆောင်သည် လှည့်ကာ နံရံအမြင့်ကြီးပေါ်သို့ ခုန်တက်သွားသည်။ မကြာခင်တွင်ပဲ အထပ်၂၀အဆောက်အဦးထိပ်သို့ ရောက်သွားကာ ပျောက်ကွယ်သွားတော့သည်။