၄၀။ ကလဲ့စားချေခြင်း
သူလူဖြစ်နေတုန်းက ဇွန်ဘီတွေက တိုက်ခိုက်မည်ကို စိုးရိမ်နေခဲ့ရသည်။ မမျှော်လင့်သည်က သူကိုယ်တိုင် ဇွန်ဘီဖြစ်လာတာတောင်မှ ဒီပြဿနာတွေကို စိတ်ပူနေရဆဲဖြစ်သည်။
‘ကမ္ဘာပျက်ကပ်မှာနေရတဲ့ဘဝကြီးက ခက်လိုက်တာ’
ထိုအချိန်တွင် သူအရင်ပေါ်လာသည့်နေရာမှ သဏ္ဍာန်တစ်ခုပေါ်လာသည်။ ထိုသူမှာ လင်းချင်းဖြစ်သည်။ သူမသည် ရှဲ့တုန်းဆီသို့ လျှောက်လာကာ သူမရေးထားသည်ကို သူ့အားပြသည်။‘နင့်မှာ မြေပုံရှိလား? ကားရှိလား?’
ရှဲ့တုန်းသည် သူမစာကိုဖတ်ပြီးနောက် သူမအားခေါင်းမော့ကြည့်ကာ မျက်လုံးချင်းစုံကြည့်ပြီး
စိတ်ထဲမှ မေးလိုက်သည်။
‘မြေပုံနဲ့ကားက ဘာဖြစ်လို့ လိုတာလဲ?’
‘ငါ့ဘက်က နစ်နာနေသလိုကြီး’
လင်းချင်းသည် သူ့ကိုကြည့်ကာ သူ့အတွေးများကို လျစ်လျူရှုပြီးနောက် စာရွက်ပေါ်တွင် ရေးလိုက်သည်။
‘တောင်ဘက်စခန်းကိုသွားပြီးတော့ ရှာစရာလူရှိလို့’
သူတို့နှစ်ယောက်သည် ခနဆွေးနွေးပြီးသည့်အခါ ရှဲ့တုန်းအား သစ္စာဖောက်သွားသည့် အဖွဲ့သားများကို အရင်ရှာရန် ဆုံးဖြတ်လိုက်သည်။ သူတို့သည် အခုဇွန်ဘီများ ဖြစ်ကြသောကြောင့် သူတို့အတွက် တစ်စုံတစ်ယောက်ကို ရှာဖို့က ခက်ခဲသည့်ကိစ္စမဟုတ်ပေ။
လင်းချင်းသည် ဒီလူများကို အရင်တည်းက တွေ့ဖူးခဲ့သည်။ ထိုအချိန်တုန်းက အဆင့်ငါးဇွန်ဘီခေါင်းဆောင်သည် သူတို့အား ပစ်မှတ်ထားခဲ့တာ ဖြစ်သည်။ ရှဲ့တုန်းသည်လည်း ဇွန်ဘီမဖြစ်သေးပေ။ ဒီလူတွေက နယ်မြေတစ်ခုထဲသို့ ဝင်ပုန်းပြီးမှ ပြန်ထွက်သွားခဲ့ကြသည်။ ရှဲ့တုန်းသည် ဇွန်ဘီခေါင်းဆောင်နှင့် ရင်ဆိုင်နေရသဖြင့် ထိုအဖြစ်အပျက်ကို သေချာမတွေ့လိုက်သော်လည်း လင်းချင်းကတော့ သူတို့ဘယ်ကိုပြေးသွားသလဲ ဆိုသည်ကို သိလေသည်။
ရှဲ့တုန်းသည် သူမက တွေဝေမှုမရှိ လျှောက်ထွက်သွားသည်ကို မြင်သည့်အခါ သူမသွားနေသည်က လမ်းမှန်ဟုတ်မဟုတ် မသိသဖြင့် သူမ၏ပုခုံးကို ပုတ်လိုက်သည်။ လင်းချင်းသည် သူ့အား ဘာလဲဟူသည့် အကြည့်ဖြင့် ပြန်ကြည့်လာသည်။
‘သူတို့ဒီလမ်းကိုသွားတာ ဘယ်လိုသိလဲ?’
ရှဲ့တုန်းသည် သူမ၏မျက်လုံးများကို ကြည့်ကာ မေးလိုက်သည်။
လင်းချင်းသည် ခေါင်းငုံ့ကာ စာရွက်ပိုင်းတစ်ခုတွင် စရေးသည်။‘ခုနတုန်းက သူတို့ဒီဘက်ကို ပြေးသွားတာ ငါမြင်လိုက်တယ်။ တကယ်လို့ နင်သူတို့ကို မြန်မြန်တွေ့ချင်တယ်ဆိုရင် နှေးတိနှေးတုံ့လုပ်မနေဘဲ ချက်ချင်းငါ့နောက်ကလိုက်!’
သူမရေးပြီးသည်နှင့် စာရွက်ပိုင်းကို ရှဲ့တုန်း၏ရင်ဘတ်ပေါ်သို့ ပစ်ပေးလိုက်ကာ သူမ၏မျက်ဝန်းနက်များဖြင့် အထင်သေးသလို စိုက်ကြည့်ကာ လှည့်ထွက်သွားသည်။
‘ဘာဖြစ်လို့ ဒီလူက တော်တော်စကားများတာကို ငါမသိခဲ့တာလဲ’
ဒီတစ်ခါတွင်တော့ ရှဲ့တုန်းသည် လင်းချင်း၏ မျက်လုံးထဲမှ အဓိပ္ပါယ်ကို နားလည်လိုက်သည်။ သူသည် သူ့ပေါင်လောက်ကို လက်ကိုနှိမ့်ပြကာ စိတ်ထဲကနေ မေးလိုက်သည်။‘ခေါင်းဆောင်ဝူရဲ့ သမီးကို ပြန်မပေးသေးဘူးလား? အခုသူက ရူးမလိုဖြစ်နေပြီ’
လင်းချင်းသည် နှာခေါင်းရှုံ့လိုက်ပြီးနောက် သူမ၏မျက်နှာက အမှုအယာသည် ထူးဆန်းလာသည်။‘ပြန်ပေးရမယ်ဟုတ်လား? ဟိ ဟိ . . . ငါကကလေးမလေးကို ခေါ်ထားဖို့တောင် အစီအစဉ်ချထားပြီးပြီ! သူရူးသွားလေလေ ပိုကောင်းလေလေပဲ! ငါ့ကိုများ ရာရာစစ မိုးကြိုးနဲ့ပစ်ချရဲတာ! ‘
သူမတွေးနေမိသည်။
‘ဝေးဝေးနေ။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးမလေးက ငါ့ကြောင် သေမှာမဟုတ်သလို ငါလည်းမစားဘူး’
သူမသည် ရေးပြီးသည့်အခါ ရှဲ့တုန်းအား သတိပေးသလိုကြည့်လိုက်ပြီးနောက် ဆက်လျှောက်သွားသည်။ ရှဲ့တုန်းသည်လည်း ထိုအကြည့်ကြောင့် ဖိအားတစ်ခုကို ခံစားလိုက်ရသဖြင့် ဘာမှမမေးရဲတော့ပေ။
. . .
လင်းချင်းနှင့် ရှဲ့တုန်းတို့ နှစ်ယောက်က အေးအေးဆေးဆေး လမ်းလျှောက်နေစဉ်တွင် အနားမှ ဇွန်ဘီများသည် လင်းချင်း၏အရှိန်ကြောင့် ဝေးဝေးကနေသာ သွားကြလာကြသည်။ရှဲ့တုန်းသည် ဇွန်ဘီအုပ်ကြီးကြားတွင် ဒီလိုမျိုးအေးအေးဆေးဆေး မလျှောက်ဖူးပေ။ အရင်တုန်းက သူသည် ဇွန်ဘီများ၏ တိုက်ခိုက်မှုကြောင့် အမြဲသတိအပြည့်ဖြင့် နေရတာဖြစ်သည်။ အခုတော့ ဇွန်ဘီများသည် သူ့ကိုမြင်သည်နှင့် ရှောင်ရှားနေကြရသည်။ ထိုအရာက သူ့အားလက်တွေ့မဆန်သလို ထူးခြားသည့်ခံစားမှုကို ဖြစ်စေသည်။
လမ်းကကြာကြာလျှောက်ပြီးသည့်အခါ လင်းချင်းသည် လမ်းခွဲတစ်ခုတွင် ရပ်လိုက်သည်။ ထို့နောက် သူမ၏နှာခေါင်းကိုရှုံ့ပြီး အနံ့ခံလိုက်ကာ သွားရမည့်လမ်းကို သေချာအောင် လုပ်လိုက်သည်။ ရှဲ့တုန်းသည် သူမဒီလိုလုပ်တာကိုကြည့်ပြီး သူပါလိုက်လုပ်ကြည့်သော်လည်း သူ့မှာတော့ ဘာအနံ့မှ မရပေ။ လင်းချင်းသည် သေချာအနံ့ခံကြည့်ပြီးသည့်အခါ ဘယ်ဘက်ကို လက်ညိုးထိုးပြကာ သွားလိုက်သည်။
တစ်ကီလိုမီတာလောက် အကွာအတွင်းတွင် လူသားအုပ်စုတစ်စုရှိကြောင်း သူမအနံ့ရသည်။ ဝူချန်းယွဲ့နှင့် သူ့စစ်တပ်ကြီး ရောက်လာတုန်းကလည်း သူမသည် ဒီလိုအနံ့ရခဲ့တာ ဖြစ်သည်။ အခုတော့ သူမ၏အနံ့ခံအာရုံသည် ပိုကျယ်ပြန့်လာပြီဖြစ်သော်လည်း သူမသေချာအောင်လုပ်ဖို့တော့ လိုသေးသည်။
ပထဝီမြေပြင်အနေအထားသည် သဘောကျစရာ မဟုတ်ပေ။ အဆောက်အဦးများစွာ ရှိနေသောကြောင့် သူမ၏အနံ့ခံအာရုံအတွက် အတားအဆီးများ ဖြစ်လို့နေသည်။ လင်းချင်းသည် အနည်းငယ်အကွေ့များကို ဖြတ်ပြီးသည့်အခါ ရှဲ့တုန်းအား လက်သဏ္ဍာန်ပြလိုက်သည်။
ရှဲ့တုန်း၏မျက်လုံးများသည် လင်းချင်း၏ အရိပ်အမြွက်ကြောင့် တောက်ပသွားသည်။ လင်းချင်းပြောချင်သည်က သူတို့သည် ပစ်မှတ်တွေ့ပြီဖြစ်သောကြောင့် လှုပ်ရှားဖို့အဆင်သင့် ပြင်ခိုင်းတာ ဖြစ်သည်။ သူသည် မျက်နှာအမှုအယာကို ဖြေလျှော့လိုက်ကာ သာမန်လူလို လှုပ်ရှားလိုက်သည်။ သူ့မျက်လုံးများကိုတော့ ကျဉ်းမြောင်းထားသည်။ သူသွားရန် အဆင်သင့်ဖြစ်သည့်အခါ လင်းချင်းသည် သူမလက်ကိုလွှဲလိုက်ကာ သူ့အားအနက်ရောင် ရိုင်ဖယ်တစ်လက်ကို ပစ်ပေးလိုက်သည်။
ထိုအရာသည် နယ်မြေထဲတွင် ကျန်ခဲ့သည့် သူ့သေနတ်ဖြစ်သည်။ သူ့သေနတ်ကို ပြန်ရသည့်အခါ စိတ်ထဲတွင် ထူးဆန်းသွားသည်။ သေနတ်ကို ဆုံးရှုံးရစဉ်က သူ့အသက်ဆုံးရှုံးရသလို ခံစားခဲ့ရသည်။ သို့သော်လည်း သူ့အသက်ပြန်ရပြီဖြစ်ကာ အခုသေနတ်ပါ ပြန်ရပြီ။ ထိုအရာသည် နာရီပိုင်းလောက်သာ ကြာသေးသော်လည်း သူ့ဘဝကတော့ ပြောင်းလဲသွားလေပြီ။
သူသည် ကာကွယ်ပေးနေရသော်လည်း အပြန်အလှန်အဖြစ် သစ္စာဖောက်ခံလိုက်ရသည်။ သူ့အစွမ်းနှင့် အင်အားများကို ဇွန်ဘီများကာကွယ်ဖို့ သုံးခဲ့ရသော်လည်း သူတို့သည် ဇွန်ဘီအုပ်ထဲသို့ ကန်ချခဲ့သည်။ သူသည် ဇွန်ဘီအစာဖြစ်ကာ သူ့အမြူတေလည်း ဆုံးရှုံးရတော့မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဇွန်ဘီတစ်ကောင်က ကယ်တင်ပေးကာ သူလည်း ဇွန်ဘီဖြစ်လာပြီ။
ဇွန်ဘီတစ်ကောင်အနေဖြင့် အရင်မှတ်ညဏ်များနှင့် ရုပ်သွင်မပြောင်းသည်က ထူးဆန်းသည်။ သူ့ရင်ထဲတွင် ရှုပ်ထွေးနေကာ သေနတ်ကိုင်ထားသည့် လက်များမှ သူ့လက်သည်းများသည်လည်း ဇွန်ဘီပိုးရှိမရှိ တွေးနေမိသည်။ လင်းချင်းကတော့ သူဒီလိုရပ်နေဆဲကို မြင်သည့်အခါ နောက်ကနေ သူ့ဖင်ကို စောင့်ကန်ပစ်လိုက်သည်။
လင်းချင်းဆီမှ အကန်ခံရသည့်အခါ ရှဲ့တုန်းသည် လက်ရှိအခြေအနေကို သဘောပေါက်သွားကာ အမှုအယာကို သေချာပြင်ဆင်ရင်း လူသတ်ချင်နေသည့်စိတ်ဖြင့် အဆောက်အဦးထဲသို့ ဝင်လိုက်သည်။ လင်းချင်းသည် တိကျသည့်နေရာကို ပြခဲ့တာဖြစ်သည်။
ထိုအချိန်တွင် အဆောက်အဦးထဲကလူများကတော့ သူတို့သေပြီဟုထင်သည့်လူ၏ ဇွန်ဘီလက်ထဲတွင် အသတ်ခံရတော့မည်ကို မသိဘဲဖြစ်နေကြသည်။