၂၉။ အိပ်မက်ထဲတွင် သွားလာခြင်း
သူမနိုးလာသည့်အခါ မျက်လုံးဖွင့်ဖွင့်ချင်း ဘေးပတ်ဝန်းကျင်သို့ ကြည့်လိုက်သော် သူမသည် နယ်မြေထဲတွင်သာ ရှိသေးသည်။ သူမသည် အပြင်ထွက်ချင်လွန်း၍ အိပ်မက်တောင် မက်လိုက်ခြင်း ဖြစ်လိမ့်မည်။ သို့သော်လည်း ဒါကထူးဆန်းနေသလို သူမခံစားရသည်။
‘ဇွန်ဘီတွေက အိပ်မက်မက်လို့လား?’
သူမသည် တင်ပလ္လင်ခွေထိုင်တုန်းဖြစ်သည်။ ဒီလိုတရားထိုင်သည့် အနေအထားမျိုးဖြင့် သူမအိပ်ပျော်သွားသည်က အရမ်းထူးဆန်းလွန်းသည်။ သူမသည် ဘေးတွင်လာထိုင်နေသည့် ဝူယွဲ့လင်းကို ကြည့်လိုက်သည့်အခါ ရေဆာလာသည်။ကလေးမလေးသည် ဘာမှန်းမသိရသည့်ကောက်ရိုးခြောက်လိုမျိုးများကို စုပုံထားကာ ထိုအပေါ်တွင် ထိုင်နေသည်။ သူမသည် လင်းချင်းပေးထားသည့် မြက်ရုပ်ကလေးများဖြင့် ထိုင်ဆော့နေခြင်း ဖြစ်သည်။
လင်းချင်းသည် ခြေထောက်ကိုလှုပ်လိုက်သည့်အခါ အတော်ကျဉ်နေသည်။ ဘာမှန်းမသိသည့် အကြောင်းကြောင့်လည်း နာကျင်နေသလို ဖြစ်နေသေးသည်။ သူမသည် မနည်းထရပ်လိုက်ကာ ရေကန်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ဒီနေရာတွင် သူမရေချိုးထားသည်ကို သတိရသည့်အခါ ရေကန်တစ်ဖက်သို့ သွားလိုက်သည်။
သူမသည် နောက်ကိုလှည့်ကြည့်လိုက်သည့်အခါ ဝူယွဲ့လင်းက သူမ၏အနောက်မှ လိုက်လာနေသည်။ ထိုကလေးမလေးက သူမအား အနည်းငယ်အားကိုးနေပြီဖြစ်ကြောင်း သူမခံစားမိသည်။ သူမသည် ဖြည်းဖြည်းချင်းသာ လျှောက်သည်. သူမ၏ခြေထောက်တွေက လေးလံကာ ကိုက်ခဲနေသောကြောင့် သူမသည် တစ်လှမ်းချင်းကို မနည်းလျှောက်နေရသည်။
သူမသည် တစ်လှမ်းချင်းလျှောက်နေစဉ်တွင် ကန်ရေကို ငေးကြည့်ရင်း ဇွန်ဘီများက အဘယ်ကြောင့် အိပ်မက်မက်သလဲဆိုသည်ကို တွေးတောနေသည်။ သူမခြေထောက်တွေ နာရသည့်အကြောင်းကိုတော့ မတွေးမိပေ။ ပုံမှန်ဆိုလျှင် ဇွန်ဘီများက နာကျင်မှုကို မခံစားရပေ။ အကယ်၍ သူမသာ သိသွားပါက သူမမတွေးနိုင်လောက်အောင် သူမကိုယ်က ပြောင်းလဲနေခြင်းကို သူမသိမည်ဖြစ်သော်လည်း လင်းချင်းက မသိပါပေ။
နာရီဝက်လောက် လမ်းလျှောက်ပြီးသည့်အခါ ရေကန်၏တစ်ဖက်သို့ ရောက်လာသဖြင့် သူမသည် ကန်စပ်တွင် ထိုင်ချလိုက်သည်။ထို့နောက် လက်ဖြင့်သာ ကန်ထဲကရေကို ခပ်သောက်လိုက်သည်။ ရေအနည်းငယ်ဝင်သွားသည့်အခါ သူမ၏အင်အားများကို ပြန်လည်ခံစားမိလိုက်သည်။
ရေသောက်ပြီးသည့်အခါ သူမသည် နောက်ကိုပြန်ဆုတ်လာကာ ကန်ဘေးတွင် ရပ်လိုက်သည်။ ထို့နောက် မျက်လုံးကိုမှိတ်ကာ အပြင်ကသူများကို သူမကြည့်လိုက်သည်။ ဒီတစ်ခေါက်တွင်တော့ သူမ၏မြင်ကွင်းသည် သူမဝင်လာသည့်နေရာတွင် မဟုတ်တော့ပေ။
သူမသည် မျက်လုံးပြန်ဖွင့်လိုက်ကာ မသေချာစွာဖြင့် နောက်တစ်ကြိမ်ပြန်မှိတ်ကြည့်လိုက်သည်။ သူမထင်သလိုပင် မြို့ပျက်နေရာမဟုတ်ဘဲ သန္ဓေပြောင်းစတော်ဘယ်ရီခင်း ဖြစ်နေသည်။
‘သန္ဓေပြောင်းစတော်ဘယ်ရီခင်း’
လင်းချင်းသည် မျက်လုံးကို ထပ်ဖွင့်လာသည့်အခါ စိတ်ရှုပ်ထွေးသွားသည်။ ဘာဖြစ်လို့ စတော်ဘယ်ရီခင်းကို သူမမြင်နေမှန်း နားမလည်နိုင်ပေ။‘တစ်ခုခုလွဲသွားတာလား? ငါ့အမြင်တွေက ငါဝင်လာတဲ့နေရာကို လှမ်းမြင်ရတာမလား? ဘာဖြစ်လို့ သွားချင်တဲ့နေရာကို မြင်နေရတာလဲ?’
လင်းချင်းသည် မျက်လုံးကို ထပ်မှိတ်ကာ စစ်သားများရှိသည့်နေရာကို အာရုံပြုကြည့်သည်။ သို့သော်လည်း ဘာကမှ ပြောင်းလဲမသွားပေ။ သူမရောက်ဖူးသည့် ဒီစတော်ဘယ်ရီခင်းသာ မြင်နေရခြင်းပင်။‘ဘယ်လိုဖြစ်တာလဲ? ငါအရင်နေရာကနေ ထွက်လာတာလား?’
‘ငါ့အတွေးပဲလား? တကယ်လို့ငါထွက်လိုက်ရင် ဝူချန်းယွဲ့တို့စစ်သားတွေ စောင့်နေတဲ့နေရာကို ပြန်ရောက်လာမှာလား?’ဒီကဖြစ်နိုင်သော်လည်း သူမ၏စိတ်ထဲက မြင်ကွင်းကတော့ ရှင်းနေသည်။ ကောင်းကင်တွင်သာနေသည့် လကိုကြည့်လျှင် အခုညသန်းခေါင်ဖြစ်နေလောက်ပြီ။
‘တကယ်ပဲ စတော်ဘယ်ရီခင်းကို ရောက်နေတာလား?’
ဒီအတွေးများဖြင့် သူမသည် အပြင်သို့ ထွက်ချင်လာသည်။ မှားသွားမည် ကြောက်သော်လည်း ထွက်တော့ ထွက်ချင်နေသည်။
ရေထဲသို့ ကျောက်ခဲကျသွားသံကို သူမကြားလိုက်ရသည်။
ကြည့်လိုက်သည့်အခါ ဝူယွဲ့လင်းသည် ကန်ဘေးတွင်ထိုင်ကာ ကျောက်တုံးလေးများကောက်ရင်း ကန်ထဲပစ်ချနေတာ ဖြစ်သည်။ သူမ၏အမူအယာကို ကြည့်လျှင် သူမက ဒီကန်ထဲတွင် အခြားသတ္တဝါများ ရှိဦးမလား စပ်စုနေပုံရသည်။လင်းချင်းသည် အံကိုကြိတ်ကာ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူမသည် အခြေအနေကို ရှင်းအောင်သိဖို့လိုသည်။ မဟုတ်လျှင် ဒီမေးခွန်းတွေဖြင့် သူမရူးသွားလောက်သည်။
အကယ်၍ အပြင်ထွက်လိုက်ပါက စစ်တပ်က စခန်းချထားကြောင်းကို သူမတွေ့ရပါက အဆိုးဆုံးက သူမချက်ချင်းပြန်ဝင်လာ၍ရသည်။ သူမ၏အသွားအပြန်သည် တစ်စက္ကန့်လောက်သာ ရှိလိမ့်မည်။ ဒီလူတွေက ဒီအချိန်အတွင် ဘာဖြစ်သလဲသိပြီး ထိခိုက်အောင် တိုက်နိုင်မှာ မဟုတ်ဘူးမလား? သူမသံသယဝင်မိသည်။
ဆုံးဖြတ်ချက်ချပြီးသည့်အခါ လင်းချင်းသည် အသက်ဝဝရှုကာ စိတ်ထဲမှ ထွက်ဟု ရေရွတ်လိုက်သည်။ အလင်းများက သူမ၏မျက်လုံးရှေ့တွင် ဖြတ်ပြေးသွားပြီးသည့်အခါ သူမသည် စိတ်ထဲတွင် မြင်လိုက်ရသည့် စတော်ဘယ်ရီအခင်းရှေ့သို့ ရောက်လာသည်။
သူမ၏ အနက်ရောင်မျက်ဝန်းများသည် ပြူးကျယ်သွားကာ ပျော်ရွှင်စွာဖြင့် တောက်ပသွားသည်။ သူမသည် ဘေးကိုကြည့်လိုက်သည့်အခါ မြို့ပျက်မဟုတ်ဘဲ တကယ့်ကို စတော်ဘယ်ရီအခင်းသာ။
သူမ၏အိပ်မက်ထဲတွင် သူမသည် ဒီအခင်းသို့ရောက်ဖို့ အဝေးကြီးပြေးခဲ့ရသည်ကို မှတ်မိသေးသည်။ ဒါပင်မယ့်လည်း လက်တွေ့တွင်တော့ ဝူချန်းယွဲ့နှင့်သူ့လူများစခန်းသည် ဒီအခင်းနှင့် ဆယ်ကီလိုမီတာလောက်သာ ဝေးသည်။ သူမအဝေးကြီးပြေးစရာမလိုပေ။ သို့သော်လည်း အိပ်မက်ထဲတွင်တော့ တကယ်ပြေးခဲ့ရသည်။
‘ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်တာလဲ? ဘယ်လိုဖြစ်တာလဲ?’
လင်းချင်းသည် အဖြေရဖို့ အရမ်းအလှမ်းဝေးသလို ခံစားလိုက်ရသည်။
တကယ်လို့ အိပ်မက်ထဲမှာသာ ရွေ့ရနေလို့ကတော့ နောက်နောင် နယ်မြေထဲကထွက်ချင်ရင် အိပ်မက်ပဲ မက်တော့မှာပေါ့။ ဒါပင်မယ့် ဘာဖြစ်လို့ အိပ်မက်က မမက်တာလဲ? ဒါမှမဟုတ် အိပ်မက်မဟုတ်ဘဲ စိတ်ပြင်းပြလွန်းလို့လား? ပြီးတော့ အိပ်မက်မက်တာ. . .အခုငါက ဘယ်လိုလုပ် ဒါမျိုးကို ထိန်းချုပ်ရမှာလဲ? ဖြစ်နိုင်လို့လား?
‘အစွမ်းအမိုက်စားကြီးရှိနေပင်မယ့် ဘယ်လိုလုပ်ရမလဲ ငါမသိဘူး။ ရင်နာလိုက်တာ!’
အိပ်မက်မဟုတ်ကြောင်း သူမသေချာသွားသည့်အခါ သူမသည် စတော်ဘယ်ရီသီးများကို လက်တစ်ပွေ့ကြီးခူးလိုက်ကာ နယ်မြေထဲသို့ ပြန်ဝင်လာသည်။ ၇နှစ်လုံး ၈လုံးလောက်တော့ ပါလာသည်။သူမပြန်ရောက်သည့်အခါ ဝူယွဲ့လင်းသည် ပျောက်သွားသဖြင့် လိုက်ရှာနေပုံရသည်။ ဘာကိုရှာနေသလဲတော့ သူမလည်းမသိပေ။ သူမကို မြင်သွားသည့်အခါ ကလေးမလေး၏ မျက်လုံးများသည် နီရဲသွားကာ မကျေမနပ် စူပုပ်သွားသည်။
လင်းချင်းသည် နားမလည်စွာဖြင့်
‘ကလေးမလေးက ဘာလိုချင်လို့လဲ?’
ကလေးမလေး၏စိတ်ကို ဖတ်မရသဖြင့် လင်းချင်းသည် သူသယ်လာသည့် စတော်ဘယ်ရီသီးကို ကမ်းပေးသည်။ ဝူယွဲ့လင်းသည် အရင်ရပ်တန့်သွားပြီးနောက် နှာခေါင်းကိုကာပြီး ခေါင်းနောက်ဆုတ်သွားကာ မကြိုက်သည့်ပုံဖြင့် ဖြစ်သည်။‘နံတယ်’
ဒီတစ်ခါတော့ လင်းချင်းသည် သူမ၏အတွေးကို အာရုံရလိုက်သည်။
‘ကလေးမလေးကို ငါကဒါတွေ ဘယ်လိုကျွေးရပါ့မလဲ?’လင်းချင်းသည် အခြားအရာများကို တွေးကြည့်လိုက်သည်။ ကန်ရေက အနံ့ဆိုးကို ရှင်းနိုင်မရှင်းနိုင် သူမအရင်စမ်းကြည့်သင့်သည်။
ထို့ကြောင့် ကန်ဘက်သို့ပြန်လှည့်ကာ ကျဉ်နေသည့် ခြေထောက်ဖြင့် ထိုင်ချလိုက်ပြီး စတော်ဘယ်ရီသီးအကြီးကြီးများကို ကန်ရေဖြင့် တစ်လုံးချင်း သေချာပွတ်တိုက် ဆေးကြောတော့သည်။