၁၁၈။ ဒီအကြောင်းပဲပြောနေကြ
“ငါသူ့ကိုမြင်ရတယ်။ လူသားမျက်နှာနဲ့ လူသားပါ” တူယွမ်ရှင်းက လင်းချင်းကို ထူးဆန်းသလို ကြည့်ပြီးနောက် ကျွင်းကျွင်းကို ကြည့်သည်။
ဒီထူးဆန်းသည့်ဇွန်ဘီက စာရေးတက်တာ သိသဖြင့် ဟိုးကဇွန်ဘီကလည်း ပုံမှန်မဟုတ်လောက်ပေ။ မဟုတ်လျှင် သူ့နေကာမျက်မှန်ကို ခိုးသွားတဲ့ ဇွန်ဘီက ကလေးချီထားတဲ့ ဇွန်ဘီကို ယုံမည်လား? ဒီဇွန်ဘီကောင်သည် သူတို့အား နှစ်ခါတောင် ကယ်ထားသဖြင့် ကလေးလေးကို ထိခိုက်အောင် လုပ်မှာမဟုတ်တာကိုတော့ ယုံကြသည်။
‘သူတို့က မိသားစုလား? သူ့မယားနဲ့သားလား?’
တူယွမ်ရှင်းသည် လင်းချင်းကို ကြည့်ကာ လျှောက်တွေးနေသည်။ လင်းချင်းကို အမျိုးသားဇွန်ဘီဟုပဲ သူထင်ထားသဖြင့် ကျွင်းကျွင်းနှင့် ကလေးကို မြင်လိုက်သည့်အခါ ဒီလိုတွေးတာ ဖြစ်သည်။
တူယွမ်ရှင်း၏ မျက်နှာထားအရ လင်းချင်းသည် သူ့အတွေးများကို ခန့်မှန်းနိုင်သည်။ အမျိုးသားဇွန်ဘီဟု ထင်သည်ကို လက်ခံနိုင်သော်လည်း ကျွင်းကျွင်း၏ ယောက်ျားနှင့် သူမကိုမြင်တိုင်း ကြောက်၍ငိုနေသည့် ကလေး၏အဖေဟု ထင်ခြင်းကတော့ လက်မခံနိုင်စရာပေ။
‘သူများအကြောင်းကို စပ်စုနေနိုင်သေးတယ်မလား? ကိုယ့်အခြေအနေကို စိတ်ပူရမှာ မဟုတ်ဘူးလား?’
သူမသည် မျက်လုံးကို မလှန်ဘဲ မနေနိုင်ပေ။
နားမလည်ဆဲဖြစ်နေသည့် လုံချင်းယင်သည် လင်းချင်းအားကြည့်ကာ ကျွင်းကျွင်းတို့ကို လက်ညိုးထိုးပြရင်း “ဒီနေရာက ဘာလဲ? သူတို့က. . .”
လင်းချင်းသည် သူမ၏နယ်မြေအကြောင်းကို မလိမ်ချင်သဖြင့် ရေးပြလိုက်သည်။ ‘ဒါက ငါ့နယ်မြေ။ ငါ့ကိုနယ်မြေစွမ်းအားဇွန်ဘီလို့ တွေးရတယ်။ ဟိုကလေးက လူသား။ လမ်းမှာကြုံလို့ ကယ်လာတာ။ ဇွန်ဘီကတော့ သူ့အမေဖြစ်လောက်မယ်။ ကလေးကို ထိခိုက်အောင် မလုပ်ဘူး။ မှတ်ညဏ်ပျောက်သွားပင်မယ့် လူစိတ်ရှိသေးတယ်’
စာကိုဖတ်ပြီးနောက် လုံချင်းယင်သည် ကျွင်းကျွင်းကို ထူးဆန်းသလို ကြည့်လိုက်ကာ တူယွမ်ရှင်းကို ကြည့်သည်။ တူယွမ်ရှင်းသည်လည်း သူမလို မယုံနိုင်အောင် ဖြစ်နေသည်။
တူယွမ်ရှင်းသည် ကလေးကိုကြည့်ကာ မေးသည်။ “ဒီဇွန်ဘီမက. . .ကလေးကို မကိုက်စားဘူးလား?”
လူသားများသည် လူနံရသည်နှင့် ဇွန်ဘီတို့က ခုန်အုပ်သည်ဟု ယုံထားသည်။ သူတို့နားမလည်သည်မှာ ထိုဇွန်ဘီမသည် ကလေးကို ချီပိုးထားတာတောင် မကိုက်စားဘူးလား?
လင်းချင်းရေးပြသည်မှာ ‘သူကမှတ်ညဏ်ပဲမရှိတော့တာ။ လူစိတ်ရှိတယ်။ ကလေးက သူ့သားဖြစ်နိုင်တော့ သူ့အသိစိတ်က ကလေးကို နာကျင်အောင် လုပ်ခွင့်မပေးဘူး’
တူယွမ်ရှင်းသည် စာကိုဖတ်ပြီးနောက် လင်းချင်းအား မေးသည်။ “ငါတို့ကိုတော့ ကိုက်မှာလား?”
လုံချင်းယင်လည်း လင်းချင်းကို ကြည့်လိုက်သည်။
လင်းချင်းသည် သူမ၏အစွယ်ကို ထုတ်ပြလိုက်သော်လည်း ဟိုနှစ်ယောက်က သူမပြောချင်သည်ကို မသိသဖြင့် ရေးပြလိုက်ရသည်။ ‘နင်တို့ကိုကိုက်ချင်တယ်ဆိုရင် အဲ့ဒီမှာ ငြိမ်ငြိမ်လေး ရပ်နေပါ့မလား?’
စာဖတ်ပြီးသည့်အခါ တူယွမ်ရှင်းက သံသယဖြင့် “တကယ်မကိုက်ဘူးလား? ဇွန်ဘီမလား? သူ့သားကို မကိုက်တာက ယုတ္တိရှိပင်မယ့် ငါတို့ကို ဘာဖြစ်လို့ လာမကိုက်တာလဲ? ငါတို့က အရသာမရှိလို့လား?”
လင်းချင်းသည် သူ့အားနှာမှုတ်ချကာ ရေးပြသည်။ ‘နင်က အရသာရှိမယ့်မိန်းမ မဟုတ်ဘူး။ ဒါပင်မယ့် ဒီအကြောင်းပဲ ဆက်ပြောနေကြမှာလား? ဘာလုပ်မလဲ ဆက်တွေးသင့်တာမလား? ငါလည်းဇွန်ဘီပဲ။ နင်က ငါကိုက်တာခံချင်လို့လား?’
တူယွမ်ရှင်းသည် လင်းချင်း၏စာကိုဖတ်ပြီးသည်နှင့် သူရော လုံချင်းယင်ရော အလိုလို ခြေနှစ်လှမ်းဆုတ်သွားကြသည်။
“နယ်မြေစွမ်းအားဇွန်ဘီဖြစ်နေတာ တကယ်အံ့သြတယ်။ ဇွန်ဘီတွေလည်း နယ်မြေပိုင်နိုင်တယ်လား?” တူယွမ်ရှင်းသည် ပြောသည်။ သဘာဝလွန်စွမ်းအားရှင်များက အရေအတွက် တစ်ခုလောက် များနေပြီဖြစ်ရာ လူသားများသည် ဇွန်ဘီများထက် အစွမ်းများကို ပိုနိုးထနိုင်သည့် သဘောပင်။
ဇွန်ဘီအရေအတွက်က လူသားများထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာလောက် ပိုများလေရာ အဆင့်သုံးနှင့် အဆင့်လေးမှသာ ဆယ်ရာခိုင်နှုန်းလောက်က အစွမ်းကို နှိုးနိုင်တာ ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်ဇွန်ဘီက အရမ်းရှားသည်။ နယ်မြေစွမ်းအားရှင်သည် လူသားများထဲတောင် ရှားလေရာ ဇွန်ဘီများဆိုလျှင် ပိုဆိုးလိမ့်မည်။
ထိုအချိန်တွင် တူယွမ်ရှင်း၏ အဓိကမရောက်နိုင်တော့သည့် မေးခွန်းများကို စိတ်ပျက်လာသည့် လုံချင်းယင်သည် မနေနိုင်တော့ဘဲ “သူက နင့်ကို ဘာဆက်လုပ်မှာလဲ မေးနေတာကို။ ဘာဖြစ်လို့ သူများနယ်မြေအစွမ်းကို လိုက်စိတ်ဝင်စားနေတာလဲ?”
လင်းချင်းလည်း သဘောတူညီစွာ ခေါင်းငြိမ့်လိုက်သည်။
‘အခုလေးတင် နင်သေမလို ဖြစ်လာတာ။ နင့်အဖွဲ့သားတွေလည်း သေကုန်ပြီ။ နင်နဲ့ နင့်လောက်နီးပါးသန်တဲ့သူပဲ ရှင်ကျန်ခဲ့တာ။ အဲ့ဒီတော့ ဘာလုပ်မှာလဲ? စခန်းကို ပြန်မှာလား? ဒါမှမဟုတ် ထွက်မှာလား? ဒါမှမဟုတ် တောင်ပိုင်းကထွက်ပြီး တခြားစခန်းမှာ ဘဝသစ်စမလား?’ တူယွမ်ရှင်းအား လင်းချင်းမေးချင်သည့် မေးခွန်းများလေသည်။
သူမဖြေရသေခင် လုံချင်းယင်က ဆက်ပြောသည်။ “ငါကတော့ စခန်းကို မပြန်နိုင်ဘူး။ ဟောင်ဝူရော လုံယုပိုင်ရော ငါ့ကိုလွှတ်ပေးမှာ မဟုတ်ဘူး။ ပင်လယ်မြို့တော်ကို သွားမယ်။ လမ်းမှာ လင်းဖန်းနဲ့ သူ့လူတွေကို ရှာမယ်”
ဒီလိုပြောနေရင်း သူမသည် အတွေးတစ်ခုပေါ်လာကာ လင်းချင်းကို ကြည့်ရင်း မေးသည်။ “ပြီးတော့ ငါတို့ခေါင်းဆောင်အကြောင်း နင်အစောကြီးထဲက သိပြီးသားလို့ ငါထင်တယ်။ ခုနက ငါတို့ဆီကို လာအတည်ပြုတာ ဟုတ်တယ်မလား?”
သူမအရှေ့က ဇွန်ဘီသည် လင်းဖန်းတို့ မိသားစုအကြောင်းကို သိပြီးသားဖြစ်မည်ဟု သူမထင်သည်။ လင်းဖန်းတို့မိသားစုအကြောင်းကို သူအရင်ထဲက ကြားဖူးပြီးသားဖြစ်သော်လည်း သူမတို့ဆီကို အတည်လာပြုလာခြင်းသာ ဖြစ်လောက်သည်။ တူယွမ်ရှင်းနှင့် သူ့လူများကို ကယ်လိုက်ရင်းက ဒီတိုင်းမေးခြင်းသာ ဖြစ်နိုင်သည်။ ဒါကြောင့် သူတို့ပင်လယ်မြို့တော်သို့ သွားနေကြောင်းကို သိပြီးသာ ဖြစ်လိမ့်မည်။
သူမ၏စကားများကို ကြားသည့်အခါ လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်သည်။ လင်းချင်းသည် ဘယ်လိုရှင်းပြရမလဲ ဖြစ်နေချိန်တွင် လုံချင်းယင်ပြောသည့် အချက်ကိုသာ အလွယ်လေးခေါင်းငြိမ့်လိုက်သည်။
ထိုအခါမှ ကျွင်းကျွင်းနှင့် သူ့သားကို အရမ်းစိတ်ဝင်စားနေသည့် တူယွမ်ရှင်းသည် လုံချင်းယင်ပြောသည်ကို သေချာတွေးကြည့်ကာ လင်းချင်းကို ကြည့်လာသည်။
‘လုံချင်းယင်ပြောသလိုသာဆိုရင် ဒီဇွန်ဘီက ငါတို့နဲ့ မတွေ့ခင်တည်းက လင်းဖန်းတို့ ဘာဖြစ်လဲဆိုတာကို သိပြီးသားပဲ. . .ဒါဆိုရင် မိတ်ဆွေလား ရန်သူလား? အစက မိတ်ဆွေလို့ ထင်ခဲ့မိပင်မယ့် ဒါကအမှန်ဟုတ်မဟုတ်ကို ဘယ်သူက သိမှာတဲ့လဲ? ဒီဇွန်ဘီကို မသိတော့ သူ့စကားတွေက မှန်မမှန်ရော ဘယ်လိုသက်သေပြမလဲ? ဒါပင်မယ့် ၂ခါတောင် ကယ်ထားတော့ ရန်သူမဟုတ်လောက်ဘူး။ ဒါပင်မယ့်လည်း ဟောင်ဝူတို့လူတွေကိုလည်း တိုက်တာမှ မမြင်တာ’
တူယွမ်ရှင်းသည် လင်းချင်း၏ ရည်ရွယ်ချက်ကို သံသယဝင်နေသည်။
“ဘာဖြစ်လို့ လင်းဖန်းတို့မိသားစုကို မေးတာလဲ?” သူမေးသည်။
နောက်ဆုံးတော့ ဒီနှစ်ယောက်သည် အရေးကြီးတာကို ပြောလာပြီဖြစ်၍ လင်းချင်းသည် ရေးပြလိုက်သည်။
‘ငါအခု သူတို့ကိုသွားရှာမှာ။ ပြီးတော့ သူတို့ကိုကူညီပေးမှာ။ ဒါကြောင့် သူတို့အကြောင်း မေးတာပေါ့’
လုံချင်းယင်သည် စာကိုဖတ်ပြီးနောက် တူယွမ်ရှင်းကိုစာရွက်ပေးလိုက်ကာ လင်းချင်းအား မေးသည်။ “သူတို့ကို တကယ်ကူညီမှာလား?”
လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။
လုံချင်းယင်သည် သူမအား တည်ငြိမ်စွာကြည့်ရင်း “ခုနက ဟောင်ဝူနဲ့ သူ့လူတွေကို သတ်ပေးမယ်ဆိုရင် ငါတို့ယုံပေးမယ်”
လင်းချင်းသည် ပုခုံးတွန့်ကာ ရေးပြသည်။ ‘လူသားတွေကို အကြောင်းအရင်းမရှိဘဲ ငါမသတ်ဘူး။ သတ်ဖို့လိုမှပဲ သတ်တယ်။ ပြီးတော့လည်း သူကအဆင့်ခြောက်မလို့ ငါအလွယ်လေးနဲ့ မနိုင်ဘူး”
သူမလူသတ်ရသော်လည်း အခြေအနေကိုတော့ မူတည်သေးသည်။ အခုသူမ၏ဦးစားပေးသည် လင်းဖန်းတို့ မိသားစုကို ရှာဖို့ဖြစ်လေရာ ဟောင်ဝူကို သတ်ဖို့လိုလျှင် သူမနောက်မှ ပြန်လာသတ်လို့ရသည်။