၁၇၁။ လူသားများ၏တိုးတက်မှု
ယွမ်ထန်ရှင်းသည် လက်စားချေဖို့ အချိန်ကောင်းစောင့်ရမည်ဟု ပြောလေရာ လင်းချင်းသည် ဒါကကြာဦးမည်မှန်း သိလိုက်က်သည်။ သူတို့သည် ကိုယ့်အဖွဲ့အင်အားချဲ့ဖို့ အခြေချဖို့ လိုသေးသည်။ သူတို့၏အင်အားကို အဆင့်မြင့်တင်ပြီးမှ လက်စားချေနိုင်မှာ ဖြစ်သည်။ သုံးနှစ်ကနေ ငါးနှစ် သို့မဟုတ် ၇နှစ်ကနေ ၁၀နှစ်ကြာနိုင်သည်။ ဘယ်သူကမှ သေချာမပြောတက်ပေ။
လင်းချင်းသည် ခေါင်းငြိမ့်ကာ မေးမော့ပြပြီး ဘာဆက်လုပ်မလဲကို အမှုအယာဖြင့် မေးလိုက်သည်။ ယွမ်ထန်ရှင်းသည် သူမကိုကြည့်လိုက်ကာ တည်ကြည်စွာဖြင့် “အဲ့ဒါကြောင့် ငါတို့မင်းနဲ့အတူ အလုပ်လုပ်ချင်တယ်”
လင်းချင်းသည် သူ့ကိုကြည့်ပြီးနောက် သူမကိုယ်သူမ လက်ညိုးထိုးပြလိုက်သည်။ ထိုအခါ ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ “ဟုတ်တယ် မင်းနဲ့။ ပြီးတော့လည်း ငါတို့မင်းဆီက အကူအညီလိုတယ်။ မနေ့ကလည်း ငါတို့ကို ကူညီခဲ့တာပဲ။ ဘာဖြစ်လို့လည်း မသိပင်မယ့် သဘောရိုးနဲ့ဆိုတာတော့ ငါတို့ခံစားမိပါတယ်။ ငါတို့တောင်းဆိုတာကို လက်ခံမယ် ထင်တာပဲ။ ဘယ်လိုလုပ်မလဲ?” လုထန်ယုဟူသည့် ဇွန်ဘီသည် ဒီဇွန်ဘီအုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်း ပြောနိုင်သည်။ သူမသာ ပူးပေါင်းဖို့ သဘောတူနေသမျှ အခြားဇွန်ဘီမတွေကလည်း ဒါကိုအဆင်ပြေလိမ့်မည်။
လင်းချင်းသည် သူ့အားမျက်လုံးများ တောက်ပစွာဖြင့် ကြည့်လိုက်ကာ ရေးပြသည်။ ‘ငါတို့နဲ့အတူအလုပ်လုပ်မလား? ဒါဆိုရင် ဘာပေးနိုင်မလဲ?’
သူမသည် အခုအဆင့်မြင့် ဇွန်ဘီဖြစ်နေသလို ချူးလီလီသည်လည်း ဇွန်ဘီဘုရင်မ ဖြစ်လေသည်။ ဇွန်ဘီဘုရင်နှင့် ဘုရင်မများသည် ကမ္ဘာပျက်ခေတ်တွင် အရမ်းရှားပါးလေရာ သူတို့သည် အခြေခံအားဖြင့် ကြောက်စရာ ဘာမှမရှိပေ။ အဆင့်၇ စွမ်းအားရှင်တောင်မှ ဇွန်ဘီဘုရင်နှင့် ဘုရင်မများကို နိုင်ချေမရှိပေ။
ယွမ်ထန်ရှင်း၏ အပြုံးသည် အနည်းငယ်ပြောင်းလဲသွားကာ “ငါတို့က အတူနေဖို့ နေစရာပေးနိုင်တယ်”
လင်းချင်းသည် တအံ့တသြကြည့်လိုက်ပြီးနောက် ကျွင်းကျွင်းကို ပြန်ကြည့်လိုက်သည်။ ယွမ်ထန်ရှင်း၏ စကားများကို နှစ်ယောက်လုံးက နားမလည်နိုင်ကြပေ။
ယွမ်ထန်ရှင်းသည် လင်းချင်း၏ ကတုံးပြောင်နှင့် မျက်နှာလှလှလေးပေါ်မှ အံ့သြနေသည့်အမှုအယာကို ကြည့်နေသည်။ အချို့အကြောင်းများကြောင့် ဒီဇွန်ဘီ၏ စိတ်ရှုပ်သွားပုံလေးသည် ရင်းနှီးနေကာ အရမ်းကိုချစ်ဖို့ကောင်းနေသည်ဟု သူခံစားလိုက်ရသည်။ သူသည် အပြုံးကြီးပြုံးလိုက်ကာ “မြင်သလိုပဲ လူသားတွေက အရင်နှစ်တွေတုန်းက ဖွဲ့ဖြိုးတိုးတက်လာတဲ့နှုန်းက အရမ်းမြန်လွန်းတယ်။ မင်းတို့ဇွန်ဘီတွေကတော့ မပြောင်းလဲသလိုပဲ။ ငါတို့တွေကို အခုအားနည်းနေတယ်လို့ ထင်နိုင်ပင်မယ့် စခန်းသစ်ဆောက်ပြီးတော့ အိမ်ခြေမဲ့ရှင်ကျန်တဲ့သူတွေကို နေစရာပေးလိုက်ရင် စခန်းက အမြန်ကြီးထွားလာမှာ။ မင်းတို့ဇွန်ဘီတွေက လူသားစခန်းတွေ အကုန်လုံးကနေ ကာကွယ်ဖို့လိုတယ်။ ဇွန်ဘီအမဲလိုက်အဖွဲ့၏ အောင်မြင်မှုနှုန်းက တဖြည်းဖြည်းများလာပြီ။ အဲ့ဒါကြောင့် ဆယ်စုနှစ်၂ခုလောက်ကြာရင် ဇွန်ဘီဘယ်လောက် ကျန်ခဲ့မယ်ထင်လဲ?”
လင်းချင်းသည် မျက်မှောင်ကျုံ့လိုက်သည်။ သူမသည်လည်း ဒီမေးခွန်းကို တွေးနေမိသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ဇွန်ဘီများသည် အခုအချိန်အထိ ဘာမှမပြောင်းလဲသည်ဖြစ်ရာ နောက်ဆယ်စုနှစ် တစ်ခုနှစ်ခုရောက်ရင် ဘာတွေဖြစ်ကုန်မည်နည်း? လူသားများက မျိုးပွားနိုင်သော်လည်း ဇွန်ဘီများကတော့ မဖြစ်နိုင်ပေ။ အချိန်ကြာလာသည့်အခါ ဇွန်ဘီများသည် နည်းသထက်နည်းလာပြီး အများစုကတော့ အသတ်ခံရနေသည်။ နောက်ဘယ်လိုလုပ်ကြမလဲ? ပိုသန်မာလာတဲ့ လူသားတွေဆီမှာ ဇွန်ဘီတွေက အရှင်းခံရတော့မှာလား?
လူသားများ၏ အလားအလာများသည် အကန့်အသတ်မရှိပေ။ အထူးသဖြင့် ပျက်စီးနေသည့် အချိန်အခါမျိုးပင်။ အခက်အခဲများကို ကျော်လွန်နိုင်သည်နှင့် မကြာခင်တွင် ခေတ်သစ်တစ်ခုက စတင်တော့မည်ဖြစ်ရာ လူသားများသည် သူတို့၏ အခြေစိုက်စခန်းများကို အောင်မြင်စွာ တည်ထောင်နိုင်တော့မည် ဖြစ်သည်။
လင်းချင်းသည် အများကြီးတွေးနိုင်သော်လည်း သူမလိုမဟုတ်သည့် ကျွင်းကျွင်းသည် လူသားများက ပိုသန်မာလာမည်ဆိုသည်ကိုသာ နားလည်လိုက်သည်။ ဇွန်ဘီများဖြစ်သည့် သူတို့သည်လည်း ဒီဘက်ကလူများလို ဉာဏ်မကောင်းသောကြောင့် ဖြစ်သည်။
ဇွန်ဘီနှစ်ကောင်၏ တည်သွားသည့်မျက်နှာများကို မြင်သည့်အခါ ယွမ်ထန်ရှင်းသည် သူတို့ဖြင့် အလုပ်အတူလုပ်နိုင်ဖို့ အခွင့်အရေးက ပိုကြီးလာပြီဖြစ်ကြောင်း သိလိုက်သည်။ ရုပ်လှလှလေးဖြင့် ကတုံးဖြစ်နေသည့် ဇွန်ဘီမသည် အခန်းထဲကလူသားများလို ဉာဏ်ကောင်းနေကြောင်းကိုလည်း သူသိလိုက်ရသည်။ သူမ၏အမှုအယာအရ သူမသည် အဝေးကြီးကို ကြိုတွေးနေပြီဖြစ်ကြောင်း သူပြောနိုင်သည်။
“လက်ရှိအခြေအနေအရ ငါတို့က နောက်ဆယ်နှစ်ကမ္ဘာကြီးကို ကြိုခန့်မှန်းဖို့ လွယ်နေပြီ။ မင်းမှာလည်း လူသားမှတ်ဉာဏ်တွေ ရှိနေတော့ လူသားတွေက ဘယ်လောက်တီထွင်နိုင်စွမ်းရှိလဲ ဆိုတာနဲ့ အသက်ရှင်ဖို့ ဘယ်လောက်ဆန္ဒပြင်းပြလဲ ဆိုတာကို သိမယ်လို့ ငါထင်ပါတယ်။ အဲ့ဒါကြောင့် ငါတို့ကို အခုကာကွယ်ပေးပါ။ အနာဂတ်မှာ ငါတို့က ပြန်ကာကွယ်ပေးမယ်။ ဘယ်လိုသဘောရလဲ?” သူက ဆက်ပြောသည်။
လင်းချင်းသည် ယွမ်ထန်ရှင်းကို တိတ်ဆိတ်စွာကြည့်လိုက်ရင်း အတော်လည်း အတွက်အချက်ကောင်းသည်ဟု တွေးမိလိုက်သည်။ သူကမတောင်းဆိုရင်တောင်မှ လင်းချင်းသည် သူတို့လုံခြုံသည့်အထိ ကာကွယ်ပေးမှာ ဖြစ်သည်။ သူမက ဘယ်သူလဲ ဆိုသည်ကို အရမ်းကို ပြောပြချင်နေသော်လည်း ဘယ်သာမန်လူသားက ဒီလိုသိပ္ပံနည်းအရ ရှင်းပြမရတာတွေကို ယုံကြည်မှာလဲ? မိသားစုကို အမှန်တိုင်းပြောရရင်လည်း မိသားစုကတောင် လင်းချင်း၏ အယောင်ဆောင်ထားသူဟု ထင်ကြလိမ့်မည်။ ဒီလိုဖြစ်လျှင် ပိုဆိုးလာတော့မည်။
သူမသည် လင်းချင်းဖြစ်ကြောင်း သက်သေရှာပြနိုင်ရင်တောင် မိသားစုက ယုံနိုင်မှာ မဟုတ်ပေ။ မိသားစုသည် တစ်ခုခုကို ယုံသွားသည်နှင့် စိတ်မပြောင်းတက်ကြောင်း သူမသေချာသိသည်။ ထို့ကြောင့် အရင်ဆုံး ဇွန်ဘီအဖြစ် လက်ခံအောင် ကြိုးစားဖို့ နည်းလမ်းရှာရမှာ ဖြစ်သည်။ နောက်ထပ်အကြောင်းတစ်ခုကတော့ သူမသည် လွန်ခဲ့သည့် ငါးနှစ်က မှတ်ညဏ်များ ပျောက်သွားသလို ဖြစ်နေသဖြင့် ထိုအချိန်က သူမ၏အကြောင်းကို မသိပေ။ ထို့ကြောင့် ဘယ်လိုမျိုး သူမက လင်းချင်းဖြစ်ကြောင်း ရှင်းပြရမည်နည်း? ထို့ကြောင့် သူမ၏ သရုပ်မှန်ကို ပြသဖို့အတွက် အခက်ခဲဆုံး ပြဿနာဖြစ်နေတာ ဖြစ်သည်။
အစတုန်းက မိသားစု၏ အနားတွင်နေဖို့ သူမသည် အကြောင်းပြချက်တစ်ခု ရှာနေတာ ဖြစ်သော်လည်း ယွမ်ထန်ရှင်းသည် တိကျသည့်တစ်ခုကို ပေးလာသည်။ စကားများက သူမကို အသုံးချချင်ပုံရနေသော်လည်း သူကအပြောနှင့် အလုပ်ညီသည့် လူဆိုသည်ကို လင်းချင်းက သေချာသိသည်။ ဖြစ်နိုင်သည်ကတော့ ဒီထူးဆန်းသည့် ဇွန်ဘီအုပ်ကို အနာဂတ်တွင် စွန့်ပစ်ဖို့ သူလုပ်မှာ မဟုတ်ပေ။
အခန်းထဲက ဘယ်သူကမှ လင်းချင်း ဘာတွေ တွေးနေသလဲကို မသိကြပေ။ သူမသည် ယွမ်ထန်ရှင်း၏ စကားများကို သေချာတွေးနေပုံရကာ အကြာကြီး တိတ်နေတာ ဖြစ်သဖြင့် လူတိုင်းက သူမကိုသာ ကြည့်နေကြသည်။
လင်းချင်းကိုကြည့်ရင်း လင်းမိသားစုသည် ခံစားချက်တူညီနေကြသည်။ သူတို့သည် လင်းချင်းကို အတူရှိနေစေချင်သည်မှာ သူတို့ကို သူမက ကယ်ပေးခဲ့လို့ ဖြစ်ရုံတင်မကဘဲ အချိန်ကြာလာလေလေ ရင်းနှီးသည့် ခံစားမှုကို ပေးနေလေလေ ဖြစ်နေသောကြောင့် ဖြစ်သည်။ ယွမ်ထန်ရှင်းပြောသလို ဇွန်ဘီများသည်လည်း အချိန်ကြာလျှင် ဒုက္ခရောက်တော့မှာ ဖြစ်သဖြင့် စိုးရိမ်သောကြောင့် ပါသည်။
ဆယ်စက္ကန့်လောက်ကြာသည့်အခါ လင်းချင်းသည် အကုန်လုံး၏ အကြည့်အောက်တွင် စာရေးပြလာသည်။ ‘နင်ပြောတာ ဟုတ်တယ်။ လူသားတွေက တိုးတက်တာ မြန်တာကို ငါသိတယ်။ ဒါပင်မယ့် ဇွန်ဘီတွေကိုလည်း အထင်မသေးကြနဲ့။ ငါ့ကိုမြင်ရင် ကမ္ဘာပေါ်မှာ တချို့ဉာဏ်ကောင်းတဲ့ ဇွန်ဘီတွေ ရှိနေသေးတာကိုလည်း သိထားသင့်တယ်’
သူမပြောချင်သည်မှာ လူသားမှတ်ဉာဏ်ဖြင့် ဇွန်ဘီများ ရှိနေကြောင်းကိုပင်။ သူတို့သည် အတွေးမတူကြသဖြင့် အနာဂတ်တွင် ဇွန်ဘီများသည်လည်း ဘယ်လိုဖြစ်လာနိုင်မလဲ ခန့်မှန်းလို့ မရနိုင်ပေ။
ယွမ်ထန်ရှင်းနှင့် လင်းဖန်တို့သည် သူမရေးပြသည်ကို ဖတ်ပြီးနောက် ခေါင်းငြိမ့်လိုက်ကြသည်။
“သူတို့က သေချာပုန်းနေကြတာ”
လင်းဖန်ကတော့ လင်းချင်း၏ လက်ရေးကို ကြည့်ရင်းဖြင့်
‘ဒီဇွန်ဘီရဲ့ လက်ရေးက လင်းချင်းနဲ့ တကယ့်ကို တူနေတာ။ ဆွဲကြောင်းတစ်ကြောင်းစီကို တူနေတယ် ဒါပင်မယ့် ဘာဖြစ်လို့ ဇွန်ဘီတွေက ဒီလိုများ ရေးနေနိုင်တာပါလိမ့်?’