May Honey Logo May Honey
Previous Next

၁၅၂။ ထပ်ကုသပေးခြင်း

ဒီလိုမျိုးက ထပ်ခါတလဲလဲဖြစ်နေသည်။ လင်းချင်းသည်လည်း ဒါကဘယ်လောက်ကြာသလဲ မသိသဖြင့် သူမသည် ကြာတော့ထုံလာသည်။ ရုတ်တရတ် သူမ၏ကိုယ်သည် စလှုပ်လာသည်။ ထို့နောက် ကိုက်ခဲမတက်ပူလောင်သည့်အပူသည် သူမ၏ဦးနှောက်ကိုပါ တိုက်လာသည်။

ဇွန်ဘီအနေဖြင့် အပူချိန်ကို မခံစားနိုင်ပေ။ သို့သော်လည်း သူမ၏ဦးနှောက်က လောင်မတက် ပူတာကိုတော့ သူမခံစားမိပြီး ခေါင်းကြီးက မီးပေါင်းအိုးလို သူမ၏ဦးနှောက်တစ်ခုလုံးအား ဖုတ်နေသလိုပင်။ သူမ၏ တစ်ကိုယ်လုံးသည် ထုံကျဉ်နေဖို့ ပြင်ဆင်ပြီးသားဖြစ်သည်။

သို့သော်လည်း သူမ၏မျက်နှာသည် ရှုံ့မဲ့လာကာ မအော်ဘဲမနေနိုင်တော့ပေ။ သူမ၏ အော်သံကြောင့် ကန်အောက်ခြေတွင် ရေပူစီပေါင်းများ တက်သွားသည်။   “ဂါး”

ဒီလိုအော်ပြီးသည့်နောက် သူမ၏ခေါင်းသည် တကယ်ကြီးပေါက်ထွက်သွားသလို ခံစားရတာ ဖြစ်သည်။ ပြင်းထန်သည့်နာကျင်မှုက သူမအား သတိလက်လွတ်ဖြစ်စေသည်။ နောက်ဆုံးတော့ လင်းချင်းသည် မေ့မျောသွားခဲ့ပြီ။

နယ်မြေက ကျယ်ပြန့်လာသည်ကို စိတ်ဝင်တစားကြည့်နေသည့် ကျွင်းကျွင်းသည် လင်းချင်း၏ အော်သံကို မကြားပေ။ သို့သော်လည်း ရှင်းလင်းစွာ အာရုံရသည်။ သူမသည် ကန်ကိုလှည့်ကြည့်လိုက်သည့်အခါ ရေမျက်နှာပြင်တွင် ရေပူဖောင်းများ ပလုံစီနေသည်ကို တွေ့လိုက်ရသည်။    ‘လင်းချင်းက ကန်အောက်ကို ဘာသွားလုပ်တာလဲ မသိဘူး။ ဒီကန်က ငါ့အတွက် အန္တရာယ်များပုံရလို့ ငါဆင်းတောင်မကြည့်ရဲဘူး’

ထိုအချိန်တွင် သတိလစ်နေသည့် လင်းချင်း၏ကိုယ်သည် သူမဖြစ်စေချင်သလို ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ အစိမ်းရောင်ပုပ်စွမ်းအင်သည် သူမ၏ကိုယ်ထဲသို့ စိမ့်ဝင်နေသည်။ အထူးသဖြင့် ဒဏ်ဖြစ်နေသည့် နေရာများပင်။

ခြေနှင့်လက်က ဒဏ်ရာများသည် အကုန်ကုသပြီးသည်ဖြစ်ရာ ထူးဆန်းသည့် အသားအရောင်မတူဖြစ်နေခြင်းနှင့် တောင့်နေသည့် ကြွက်သားများအပြင် သူမ၏ခြေလက်များသည် လုံးဝသာမန်လူလိုပင်။

စွမ်းအားများစွာသည် သူမ၏ဗိုက်ထဲသို့ ဝင်လာကြကာ သူမ၏ကိုယ်ကို ရစ်ပတ်ထားပြီး ဦးနှောက်ထဲတွင် လာစုကြသည်။ သူမ၏ကိုယ်ထဲမှ သေနေသည့်ဆဲလ်များသည် လျှင်မြန်စွာ အလုပ်ပြန်လုပ်လာကာ လိုနေသည့်နေရာများကို ဖြည့်တော့သည်။ သို့သော်လည်း ဆဲလ်များ၏ ကြီးထွားနှုန်းသည် အရမ်းနှေးလေသည်မှာ အထူးသဖြင့် ဗိုက်အပေါက်ကြီးဖြစ်နေသည့် နေရာတွင်ပင်။

ဆဲလ်များက အလုပ်လုပ်နေစဉ်တွင် စွမ်းအားများသည် သူမ၏မျက်နှာက အမာရွတ်များကို တဖြည်းဖြည်းဖြင့် ကုသပေးသည်။ သေချာပေါက်ကို သူမ၏ရင်သားနေရာတွင်လည်း ပြန်ဖြည့်ပေးလာသည်။

ကန်အောက်ခြေ နွယ်ပင်များ၏ အမြစ်အောက်တွင် တောက်ပနေသည့် အနက်ရောင်အစက်တစ်ခုရှိနေသည်။ ထိုအစက် တောက်လာသည့်အခါတိုင်း စိမ်းပုပ်ရောင် စွမ်းအင်များသည် ထွက်လာတာဖြစ်သည်။ စွမ်းအားအများစုသည် နွယ်များကတစ်ဆင့် လင်းချင်း၏ ကိုယ်ထဲသို့ဝင်ကာ ဦးနှောက်တွင် စုစေသည်။ ဒါကိုဘယ်သူမှ မသိသဖြင့် သတိလစ်နေသည့် လင်းချင်းသည်လည်း ဒါကို ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ပေ။

သူမ၏မျက်နှာက အမာရွတ်များသည် တဖြည်းဖြည်းပြောင်းလာသည်။ အသားအလွှာအသစ်သည် အမာရွတ်အောက်မှ ပေါ်လာကာ ထူးဆန်းသည့် အမြှေးများသည်လည်း ဗိုက်ထဲတွင်ကြီးထွားလာကာ သူမ၏ပေါက်နေသည့် ဗိုက်ကို ဖာပေးသည်

လင်းချင်းက သူမ၏ကိုယ်ကို ပြင်နေစဉ်တွင် ချူးလီလီသည် အပြင်ဘက်က ကန်ဘေးတွင် ထိုင်စောင့်နေရသည်ကို ပျင်းလှပြီ။ သူမသည် အကြာကြီးစောင့်နေရသော်လည်း လင်းချင်းက ပေါ်မလာနိုင်တော့ပေ။ လင်းချင်းမပါဘဲ သူမသည်လည်း ဘယ်ကိုမှ သွားမှာမဟုတ်လေရာ ငုတ်တုပ်လေးထိုင်ရင်း လိပ်များကိုသာ ပျင်းရိစွာဖြင့် ဆက်လှည့်နေရရှာသည်။ လိပ်ငါးကောင်သည် သူမကြောင့် မူးဝေနေပြီဖြစ်ရာ အကုန်လုံးသည် အခွံထဲသို့ ပုန်းအောင်နေကုန်ကြပြီ။

တစ်ဖက်တွင်တော့ လင်းဖန်းတို့သည် ဟိုတယ်သို့ ရောက်လာပြီဖြစ်သည်။ လင်းချင်းက သူတို့နှင့်မပါသဖြင့် ဇွန်ဘီများသည် သူတို့အနံ့ကိုရသည်နှင့် အော်ဟစ်ကာ ခုန်အုပ်ဖို့ထွက်လာကြသည်။

အဆင့်၆စွမ်းအားရှင်နှစ်ယောက်ရှိသော်လည်း တစ်ယောက်သည် မတိုက်ခိုက်နိုင်သဖြင့် ကျန်သည့်သူများက ဒီဇွန်ဘီများကို ရှင်းလိုက်ရသည်။ အမျိုးသမီးလေးယောက်ကို ကာကွယ်ပေးထားကြသည်။ ချန်းဝမ်ရှုသည် သန်မာသည့်သူဖြစ်သော်လည်း သူမ၏ ခြေထောက်သည် ယန်ကျင်းဟွာ၏ ရေခဲဓားများကြောင့် ကျိုးသွားပြီဖြစ်လေရာ အခုလျှောက်ဖို့တောင် ခက်ခဲနေပြီ။

လင်းဝမ်ဝမ်သည် တိုက်ခိုက်နိုင်စွမ်း သိပ်မရှိပေ။ လင်းချင်းလိုပဲ သူမတွင်လည်း နေရာလွတ်အစွမ်းရှိသည်။ ကမ္ဘာပျက်မတိုင်ခင်က တက္ကသိုလ်ကျောင်းသူလေး ဖြစ်သဖြင့် သူမသည် ဘယ်လိုတိုက်ခိုက်ရမလဲ မသိပေ။ ကမ္ဘာပျက်သွားသည့်အခါ သူမသည် ခက်ခဲသည့်အခြေအနေအောက်တွင် သေနတ်ပစ်သင်ခဲ့သဖြင့် သူမ၏တုန့်ပြန်နိုင်စွမ်းသည် အတော်လေး တိုးတက်လာပြီဖြစ်သော်လည်း တိုက်ခိုက်နိုင်သူတော့ မဟုတ်သေးပေ။

အမျိုးသမီးလင်းနှင့် ကလေးမလေးတို့သည် သာမန်လူများဖြစ်သည်။ လင်းဟောင်သည်လည်း တိုက်ခိုက်သူ မဟုတ်သော်လည်း သူ့၏အာရုံသိကတော့ အရမ်းကောင်းလွန်းသည်။ 

ထို့ကြောင့် တူယွမ်ရှင်းနှင့် လုံချင်းယင်ကလွဲ၍ အခြားသေနတ်ကိုင်ထားသူများသည် သူတို့ရှေ့ဖြတ်လာသည့် ဘယ်ဇွန်ဘီမဆို ခေါင်းကိုပစ်လိုက်ပြီးသားပင်။ သူတို့သည် ကျွမ်းကျင်အဆင့်သေနတ်သမားများဖြစ်ကာ ရန်သူကို မြန်မြန်နှင့် တိကျစွာ ဘယ်လိုပစ်ရမလဲ သိကြသည်။ ကမ္ဘာပျက်ခေတ်တွင် သူတို့သည် ဒီအရည်အချင်းများကို လေ့လာခဲ့ရတာ ဖြစ်သည်။

သို့သော်လည်း လင်းဖန်တို့မိသားစုကို ကာကွယ်နေသည့် အချို့တပ်သားများသည် အရင်တည်းက စစ်သားများဖြစ်ကြသည်။ မဟုတ်လျှင် လင်းမိသားစုကို ဒီလိုမျိုး လိုက်ကာကွယ်ပေးမှာ မဟုတ်ပေ။ ဒီလမ်းတွင် သူငယ်ချင်းများ သေဆုံးကြသည်။ အချို့လူများသည် ဇွန်ဘီများကြောင့်မဟုတ် ယန်ကျင်းဟွာ၏လူများကြောင့် သေဆုံးကြရသည်။

ဟိုတယ်သည် မြို့အလည်တွင် ရှိတာဖြစ်ရာ ဇွန်ဘီများက ပြည့်နေသည်။ လူသားအုပ်စု ပေါ်လာသည်နှင့် တရွေ့ရွေ့လှုပ်ရှားကြသည့် ဇွန်ဘီများသည် ဒီနေရာကို စိတ်လှုပ်ရှားစွာ ရောက်လာကြသည်။ သူတို့၏သွားများကိုဖြဲကာ လက်သည်းများကိုယမ်းရင်း လင်းဖန်တို့ကို ကိုက်စားဖို့ လုပ်ကြသည်။ သို့သော်လည်း ဒီလူများကို မချဉ်းကပ်ရသေးခင် သူတို့ခေါင်းများသည် ဖောက်ခွဲပြီးသားပင်။

တူယွမ်ရှင်းသည် လက်နှစ်ဖက်ကနေ လျှပ်စီးများထုတ်ကာ ဇွန်ဘီများကို ရပ်သွားပြီး တုန်လှုပ်သွားအောင် ရှော့တိုက်နေသည်။ ထိုဇွန်ဘီများသည် မသေသော်လည်း ခနတော့ မလှုပ်နိုင်တော့ပေ။ လျှပ်စီးပြေတော့မှ သူတို့သည် ပြန်လှုပ်ရှားနိုင်မှာ ဖြစ်သည်။

ထုံးစံအတိုင်း လုံချင်းယင်ကတော့ သံထည်များကို စုစည်းကာ သံစူးချွန်များ ဖြစ်စေပြီးနောက် ကပ်လာသည့် ဇွန်ဘီခေါင်းများကို ဖောက်ပစ်သည်။ ထို့နောက် ထိုသံချိန်များကို ပြန်ထွက်လာစေကာ နောက်ထပ်တိုက်ပြန်သည်။

လုံချင်းယင်နှင် တူယွမ်ရှင်းတို့၏ တိုက်ခိုက်မှုဖြင့် သူတို့အဖွဲ့သည် ဟိုတယ်ကို အမြန်အဆင်ပြေစွာ ရောက်သွားသည်ည်။ သူတို့သည် ဒီအချိန်တွင်း စကားတောင် ပြောနေကြသေးသည်။

“ဇွန်ဘီက ဘယ်သွားနေတာလဲ? အတော်ကြာနေပြီ”

“ဘယ်သူက သိမှာလဲ ဒီဟိုတယ်က အကြီးကြီးပဲ။ ဧည့်ကြိုခန်းကိုကြည့်. . .တခြားလူသားတွေ ဒီကိုလာဖူးပုံမရဘူး။ နောက်ကျရင် အအေးခန်းနဲ့ တခြားသိုလှောင်ခန်းရှိလားပါ ရှာကြည့််။ ဒိတ်လွန်တာတွေ ရှာကြည့်ရအောင်”

“ဟုတ်ကဲ့”   ငါးနှစ်ကြာသွားသော်လည်း လူသားများသည် အရင်ခေတ်က အစာထုတ်များကို ရှာကြဆဲပင်။ လေလုံအောင်ပိတ်ထားသည်များနှင့် အစာခြောက်များသည် ငါးနှစ်ထက် ပိုခံတက်ကြသည်။

ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများနှင့်  ကလပ်များတွင် ဒီလိုလေလုံအစာများကို သိုလှောင်ထားတက်ကြသည်။ ဒီအစာများက ကောင်းသေးမကောင်းသေးကတော့ ရှာတွေ့သည့်သူ၏ ကံတရားပင်။

အချို့အအေးခန်းများသည် လျှပ်စစ်ပြတ်တာတောင် အချိန်အကြာကြီး အပူချိန်ကို လျှော့ပေးထားနိုင်သည်။ ကမ္ဘာပျက်ခတ်တွင် နေ့သည်ပူကာ ညသည်အေးသည်။ နေရောင်ဖြင့် တိုက်ရိုက်ထိတွေ့ရုံဖြင့် ရေခဲတောင် အရည်ပျော်သွားနိုင်သည်။ ထို့ကြောင့် အချို့အလုံပိတ် အအေးခန်းများတွင် ရေခဲက ရှိနေဆဲပင်။  
Previous Chapter 152 of 198 Next