၅၇။ မျှော်လင့်ချက်မဲ့နေရာမှ ရှင်သန်လာခြင်း
အခန်းထဲကလူများသည် လင်းယုပြောသည်ကို ကြားကြသည်။ သူ့စကားဆုံးသည့်အခါ လင်းယုသည် သူ့အကျီဘယ်လက်ကိုလိပ်တင်လိုက်ကာ ညာလက်ဖြင့် သူ့လက်ကို ဓားမြှောင်ဖြင့် ခွဲရန်ပြင်လိုက်သည်။
“အကိုလင်း ဘာလုပ်နေတာလဲ?”
ဖန်ယုမင်းက လင်းယု၏အပြုအမှုကြောင့် လန့်သွားကာ မေးသည်။
“ကြည့်”
သူ့စကားဆုံးသည်နှင့် ဓားမြှောင်သည် အသားကိုဖြတ်သွားသည်။ ထိုအခါ လူသားများလိုပဲ သွေးနီနီများက သူ့လက်မှနေထွက်လာသည်။
“သွေးနီနေဆယ်ဆိုတော့ အခုမင်းကိုယ်က ကောင်းတယ်ဆိုတဲ့ သဘောပဲ”
လင်းယု၏သွေးများကိုကြည့်ရင်း လီကျန်းက ထင်မြင်ချက်ပေးသည်။ လင်းယုသည်လည်း ဘာမှမပြောဘဲ ကျန်လေးယောက်ကိုသာ ကြည့်နေသည်။
“ဒီဒဏ်ရာက. . .”
အရပ်ရှည်သည့်တစ်ယောက်သည် မသဲမကွဲအသံထွက်လာသည်။ လင်းယုသည် သူ့ကိုကြည့်ကာ ပြုံးပြလိုက်သည်။ သူထင်သလိုပင် ကြွက်သားများအပြည့်ဖြင့် ခပ်တုံးတုံးလူဟုထင်ရသည့် လဲ့ယောင်သည် အကုန်လုံးထဲတွင် သတိထားမိတာ အရင်ဆုံးဖြစ်သည်။
လဲ့ယောင်ကြောင့် ကျန်သည့်သူများသည် လင်းယု၏ဒဏ်ရာကို သေချာကြည့်လိုက်ကြသည်။ ထိုအရာ ဒဏ်ရာသည် သူ့ဟာသူပြန်ကျက်နေသည်။ ပြန်ကောင်းသွားသည့်နှုန်းက အရမ်းနှေးသော်လည်း တကယ်ဖြစ်နေတာဖြစ်သည်။ ဒါကိုမြင်သည့်အခါ အကုန်လုံးသည် အံ့သြမှုကြောင့် မျက်လုံးပြူးကုန်ကြသည်။
သူတို့အားလုံးသည် လင်းယုမှာ သဘာဝလွန်စွမ်းအားမရှိသည့် သာမန်လူဖြစ်ကြောင်း သိကြသည်။ သူ့တွင် ကုသရေးစွမ်းအားမရှိပါလျှက် ဘယ်လိုလုပ် ဒဏ်ရာက သူ့ဟာသူပြန်ကျက်နေသနည်း?
လဲ့ယောင်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ သူ့အားမေးသည်။
“ဒါက. . . ကုသရေးစွမ်းအားမလား?”
လဲ့ယောင်၏မေးခွန်းသည် တိုတုတ်သော်လည်း လူတိုင်းက သူဘာမေးချင်သလဲဆိုသည်ကို သိကြသည်။ လူတိုင်းသည် လင်းယုဆီမှ အဖြေကိုသာ စောင့်မျှော်ကုန်ကြသည်။
လင်းယုသည် ခေါင်းကိုခါကာ ပြန်ဖြေသည်။
“သဘာဝလွန်စွမ်းအားမဟုတ်ဘူး။ ငါ့ခန္ဓာကိုယ်က ပြောင်းလဲသွားတာ”
ထိုအရာသည် သူ့၏သဘာဝလွန်စွမ်းအား မဟုတ်ပေ။ သူ့ကိုယ်သည် ကိုယ်တိုင်ပြန်လည်ကုသရေးအစွမ်းရှိနေကာ သူ့အတွက်သာလျှင် အသုံးဝင်သည်။
အခြားသူများသည် ဒါကိုကြားသည့်အခါ စိတ်ပျက်သွားကြသော်လည်း သူ့တို့၏မျက်လုံးထဲတွင် စိတ်သက်သာရာရမှုတို့ရှိသည်။ ထို့နောက်တွင်တော့ လင်းယုအတွက် သူတို့ဝမ်းသာသွားကြသည်။
“ကောင်းတာပေါ့။ အခုငါတို့ပေါ့မိလို့ မင်းသေမှာကို ပူစရာမလိုတော့ဘူးပဲ”
လီကျန်းသည် သက်ပြင်းချကာ ပြောသည်။ လီကျန်းက ဒီလိုပြောခြင်းမှာ သူတို့အဖွဲထဲတွင် လင်းယုသည် အားအနည်းဆုံးဖြစ်သည်။ ထို့ကြောင့် အသင်းဖော်များသည် သူ့လုံခြုံရေးအတွက် အမြဲထည့်တွေးကာ လုပ်ဆောင်ရခြင်းဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် လင်းယုသည် အဓိပ္ပါယ်ရှိသည့် အပြုံးတစ်ခုဖြင့်
“ဒါကအကုန်မဟုတ်သေးဘူး. . .ကြည့်”
ပြောနေရင်းဖြင့် သူသည် ဓားမြှောင်ကိုပြန်သိမ်းလိုက်ပြီးနောက် လက်ဝါးကိုဖြန့်လိုက်သည်။ ထို့နောက် သူ့လက်ဝါးကို သူအာရုံစိုက်မှုအပြည့်ဖြင့် ကြည့်နေသည်။
အခြားသူများသည်လည်း သူဘာလုပ်ပြမလဲ တွေးနေစဉ်တွင် သူ့လက်ဝါးမှ အနက်ရောင်မီးတောက်တစ်ခုက ထွက်ပေါ်လာသည်။ မီးတောက်သည် သေးသော်လည်း တစ်လက်မလောက်တော့ရှည်ကာ သူ့လက်ဝါးပေါ်တွင် လုံးဝမယိမ်းနွဲ့ဘဲ တောက်လောင်နေသည်။ ထိုအနက်ရောင်မီးတောက်လေးကို မြင်လိုက်သည့်အခါ လူတိုင်းမှာ လန့်ပြေးကုန်ကြသည်။ သူတို့သည် ကြောက်စရာနှင့်တွေ့သည့်အခါ အမွေးတွေထောင်သွားကာ ထွက်ပြေးသွားသည့် ကြောင်လိုမျိုး ဖြစ်သည်။
“ငရဲမီး!!!”
လဲ့ယောင်သည် ရေချိုးခန်းထဲတွင် ပုန်းနေရင်း လင်းယုလက်ဝါးကမီးကိုကြည့်ရင်း အမြန်ဆုံးတုံ့ပြန်နိုင်သည့်သူဖြစ်သည်။ သူတို့၏ ထူးမခြားနားအမှုအယာများသည် ပျက်စီးကုန်ကာ သူတို့မျက်နှာတွင် ကြောက်ရွံ့မှုနှင့် အံ့သြမှုတို့သာ ရှိနေတော့သည်။
ဖေးချောင်လင်းသည် လဲ့ယောင်၏အနောက်တွင် ပုန်းနေရင်းမှ လင်းယု၏လက်ဝါးကို ကြည့်လာသည်။ လီကျန်းနှင့် ဖန်မင်းယုတို့ကတော့ လင်းယု၏အရှေ့က တိုင်အနောက်တွင် ပုန်းနေကြခြင်း ဖြစ်သည်။
လင်းယုသည် သဘောတကျပြုံးကာ သူတို့အား
“မကြောက်ကြပါနဲ့။ ငါ့ငရဲမီးက ငါတို့ခေါင်းဆောင်ကြီးရဲ့ တစ်ရာခိုင်နှုန်းလောက်တောင် မရှိပါဘူး။ ပြီးတော့ ငါ့မီးက လူကိုလည်း ထိခိုက်အောင် မလုပ်နိုင်ပါဘူး”
ဒီလိုပြောနေရင်းဖြင့် သူသည် မီးကိုပြန်သိမ်းလိုက် ထုတ်လိုက်ဖြင့် ကစားနေသည်။
အခြားလေးယောက်သည် လုံးဝဆွံ့အသွားကြသည်။ သူတို့က အပိုလုပ်ကြခြင်းတော့ မဟုတ်ပေ။ လင်းယု၏မီးသည် သူတို့ဟေးဒီးစခန်းမှ ခေါင်းဆောင်ကြီး၏မီးနှင့် တစ်ပုံစံတည်းဖြစ်နေသောကြောင့် ဖြစ်သည်။ သူတို့ဟေးဒီးအခြေစိုက်စခန်း နာမည်ကြီးရခြင်းမှာ သူတို့စခန်းခေါင်းဆောင်ကြီး၏ထူးဆန်းသည့် မီးစွမ်းအားကြောင့် ဖြစ်သည်။
“တကယ်လား? ဟေ့ကောင် ဆော့မနေတော့! မီးကိုသိမ်းထားစမ်းပါကွာ!”
ဖေးချောင်လင်းသည် လင်းယုက မီးဖြင့်သဘောတကျဆော့နေသည်ကို မြင်သည့်အခါ သံသယဖြင့် ပြောသည်။ ဒီမီးကိုမြင်နေရခြင်းကိုက ကြောက်ဖို့ကောင်းနေသဖြင့် ဒီလိုထုတ်ပြောခြင်းဖြစ်သည်။
လင်းယုသည် လက်သီးပြန်ဆုတ်ပြီးနောက် မီးကိုသိမ်းလိုက်ပြီးမှ
“ဒါက ငါ့အစွမ်းပဲ။ ငါတို့ခေါင်းဆောင်ကြီးရဲ့မီးနဲ့ တူတယ်လို့ မထင်ဘူးလား? ဒါပင်မယ့် ငါ့မီးက ပစ်မှတ်ကိုထိအောင် မလုပ်နိုင်သေးဘူး။ လာမထိရင် ဘာမှမထိခိုက်နိုင်ဘူး။ ကြည့်ရတာ သိပ်အဆိပ်ရှိပုံမရဘူး”
သူ့ဆီတွင်မီးမရှိတော့မှ အခြားလေးယောက်သည် သူ့အနားသို့ ပုန်းနေရာမှ ပြန်လာကြသည်။ သို့သော်လည်း သူ့အနားသို့မကပ်ရဲတော့ဘဲ တစ်မီတာလောက်အကွာတွင်သာ နေကြသည်.
“အကိုလင်းယု ဒီစွမ်းအားက သတိမေ့ပြီး ပြန်နိုးလာတော့ နိုးထလာတာလား? ဇွန်ဘီကုတ်ခံရတာတောင် ရှင်လာတယ်. . .ပြီးတော့လည်း အစွမ်းတောင် နိုးလာသေးတယ်။ ဒါမျိုးဖြစ်လိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး။ ဒါကအရမ်း. . .မှော်ဆန်လွန်းတယ်”
ဖန်မင်းယုသည် ပြောလာသည်။ ဒီလိုပြောပြီးနောက် အခြားသူများကို သူပြန်ကြည့်လိုက်သည့်အခါ လူတိုင်းက လင်းယုအား ခေါင်းငြိမ့်ပြနေကြသည်။
သူတို့သည် ဘယ်တုန်းကမှ လူသားတစ်ယောက်သည် ဇွန်ဘီကုတ်ခံရတာတောင် ရှင်လာသည်ဟု မကြားဖူးပေ။ စွမ်းအားနိုးထလာခြင်းဆိုရင် ပိုတောင်ဝေးသေးသည်။ သူတို့သိသည်မှာ လူသားများသည် ဇွန်ဘီကြောင့်ဒဏ်ရာရလျှင် ဇွန်ဘီပိုးကူးခံရကာ ဇွန်ဘီဖြစ်သွားခြင်းပင်။ ဇွန်ဘီပိုးသည် တကယ်ကိုကြောက်ဖို့ကောင်းတာ ဖြစ်သည်။
ပိုးကူးခံရသည့်လူတိုင်းသေသွားကြကာ အစွမ်းနိုးထလာပြီး စခန်းကိုပြန်လာသည့်သူဟု၍ သူတို့တစ်ခါမှ မကြားဖူးပေ။ လက်ရှိစွမ်းအားရှင်များသည် ကမ္ဘာမပျက်ခင်တည်းက စွမ်းအားနိုးထလာကြသူများဖြစ်ကြပြီး အချို့ကတော့ အခြားအကြောင်းများကြောင့် ဖြစ်သည်။ ဇွန်ဘီပိုးကြောင့်ဆိုသည်အချက်ကတော့ သေချာပေါက်ကို မရှိပေ။
လင်းယုသည် ဇွန်ဘီဖြစ်မသွားခြင်းက အံ့ဖွယ်ဖြစ်နေပြီးပြီ။ ဒါကိုတောင် လူတိုင်း၏ အံ့သြနိုင်စွမ်းကိုကျော်လွန်ကာ စွမ်းအားတို့က နိုးထလာသေးသည်။ ဒါက ယုံနိုင်စရာကို မရှိတော့ပေ။
လီကျန်းသည် လင်းယုအား ခေါင်းအစခြေအဆုံးကြည့်ကာ
“ဘယ်လိုဖြစ်တာလဲ? မင်းကိုယ်က ဘယ်လိုလုပ်ပြောင်းသွားတာလဲ?”
“ကျွန်တော်လည်း မသိတော့ဘူး။ နိုးလာတည်းက ဒီလိုဖြစ်နေပြီ”
လင်းယုသည် ခေါင်းခါကာ ပြောသည်။
အခြားသူများသည်လည်း ဘာပြောရမလဲ မသိကြတော့ပေ။ ဒီလိုဖြစ်သွားသည်မှာ လင်းယုမှာ အလွန်တရာကြီးမားသည့် ကံကောင်းခြင်းတို့က ရှိနေလို့သာ ဖြစ်နိုင်သည်။ သူသည် ဇွန်ဘီအကုတ်ခံရတာကို ရှင်သန်နိုင်သည်။ ကိုယ်တိုင်ကုသနိုင်စွမ်းရှိနေရုံသာမက စွမ်းအားတို့ကိုပါ နိုးထလာနိုင်သည်။ သူသည် မျှော်လင့်ချက်မဲ့နေရာမှ ရှင်သန်လာခြင်း ဖြစ်သည်။ ထို့အတူ သူ့၏ကိုယ်တိုင်ကုသနိုင်စွမ်းကတင် အခြားသူများအတွက် မနာလိုစရာဖြစ်နေပြီ။