၁၁၂။ ခိုးတိုက်ခြင်း
“တောက် ဘယ်သူလဲ? မင်းမျက်ခွက်ကိုပြစမ်း! ငကြောက်ကောင်! ငါနဲ့မျက်နှာချင်းဆိုင် လာတိုက်စမ်းပါ!” သူ့မျက်လုံးရှေ့တွင် လူတွေက တတိယအကြိမ်မြောက် ထပ်ပျောက်သွားသည့်အခါ ဟောင်ဝူသည် ဘေးပတ်လည်ကိုကြည့်ရင်း ဒေါသတကြီးအော်ဟစ်သည်။ သို့သော်လည်း ဘာမှဖြစ်မလာပေ။ သူသည် စိတ်လွတ်တော့မတက် ဒေါသထွက်လာသည့်အခါ သူ့မီးနဂါးများသည် ကောင်းကင်ပေါ်တွင် ဝဲပျံနေရင်းက ရူးသွပ်စွာကခုန်နေသည့်အလား အဆောက်အဦးများနှင့် သစ်ပင်များကို ဖျက်စီးကာ မီးတောက်များကို ချန်ထားခဲ့သည်။
ထိုအချိန်တွင် လင်းချင်း၏ နယ်မြေထဲ၌ ယန်ချောင်းသည် ဘာဖြစ်နေမှန်း မသိသေးပေ။ အစတုန်းက သူ့လက်ကို တစ်စုံတစ်ယောက်က ဆွဲလိုက်သည်နှင့် သူ့မျက်လုံးများ ဝေဝါးသွားသည်။ သူသေချာပြန်မြင်ရသည့်အခါ သူသည် တခြားနေရာသို့ ရောက်နေပြီ။
“ဟင်. . .အစ်” ဒီထူးဆန်းသည့်အရာက ဘာလဲဆိုသည်ကို သူမသိခင်တွင်ပဲ သူ့လည်ပင်းသို့ လက်တစ်ဖက်က ညှစ်ထားကာ သူသည်အသက်ရှုကျပ်လာပြီး ရုန်းကန်နေရသည်။ ထိုလက်ပိုင်ရှင်သည် သူ့အနောက်ကနေ လည်ပင်းကို ညှစ်ထားတာသဖြင့် သူလွယ်လွယ်ရုန်း၍မရပေ။ ထိုလက်သည် ပို၍တင်းလို့လာသည်။ ဒီလက်သည် သူ့လည်ပင်းကို ချိုးပစ်နိုင်သလိုတောင် ယုံကြည်လာသည်။
“ယန်ချောင်း! ဟား မင်းကိုထပ်တွေ့ရမယ်လို့ မထင်ဘူး!” ယုတ်မာစွာရယ်နေသည့် ထိုအသံကို သူ့နောက်မှကြားရသည်။ ယန်းချောင်းသည် ထိုလူမှာ သူ့ကိုကိုက်စားပစ်လောက်သည့်အထိ မုန်းလောက်မည်ဖြစ်ကြောင်း ခံစားရသည်။
ယန်ချောင်းသည် ထိုအသံကိုကြားသည့်အခါ ကြောင်အသွားသည်။ သူသည်ချက်ချင်း ထိုအသံလာရာကို လှည့်ကြည့်ဖို့လုပ်သော်လည်း ခေါင်းကလှည့်မရသဖြင့် မမြင်ရပေ။ သို့သော်လည်း ဒီအသံကိုသူမှတ်မိသည်။
“ခေါင်းဆောင် စကားပြောချင်ရင်လည်း မျက်နှာချင်းဆိုင် ပြောပါလား? ဘာဖြစ်လို့ နောက်မှာပုန်းနေတာလဲ?”
ယန်ချောင်းသည် အနည်းငယ်ကြောက်သွားကာ တည်ငြိမ်ချင်ယောင်ဆောင်ရင်း ရွဲ့တဲ့တဲ့ပြောသည်။
“မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါမင်းရဲ့မျက်နှာကို မမြင်ချင်လို့။ ရွံ့ဖို့ကောင်းလိုက်တာကွာ” တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် လင်းချင်းက လက်တစ်ဖက်တည်းဖြင့် သူ့ထက်ပိုအရပ်ရှည်ကာ တောင့်တင်းသည့် ယန်ချောင်းကို လည်ပင်းညှစ်ထားသည်ကို ကြည့်ရင်း ပြောနေတာ ဖြစ်သည်။ ယန်ချောင်းကို လက်တစ်ဖက်ဖြင့် လည်ပင်းညှစ်ထားရင်း လင်းချင်းသည် နောက်တစ်ဖက်ဖြင့် သူ့ကိုယ်မှ သေနတ်များကို ဖယ်ပစ်လိုက်သည်။
“ဟမ့် မြေနဂါးစခန်းက ဟောင်ဝူဆိုတဲ့ကောင်နောက်ကို လိုက်ရုံနဲ့ မင်းပိုကောင်းတဲ့ဘဝကို ရမယ်များ ထင်နေလား? သူ့ကိုဒီကိုခေါ်မလာရင်တော့ မင်းနေကောင်းနေရမှာပါ။ ဒါပင်မယ့် ဝမ်းနည်းဖို့ကောင်းတာက ဒီကိုလာတာက ကိုယ့်သချိုင်းကိုယ်တူးနေတာပဲ။ ဟောင်ဝူကို ငါအခုသတ်မလို့မရသေးပင်မယ့် မင်းကိုတော့ သတ်လို့ရတယ်ကွ” တူယွမ်ရှင်းသည် နှာခေါင်းရှုံ့ကာ ပြောသည်။
လင်းချင်းသည် နယ်မြေထဲက ထွက်သွားတုန်းက တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် တိုက်ပွဲနေရာမှနေ သူမထွက်သွားမည်ဟု ထင်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း နှစ်မိနစ်လောက်အတွင်းမှာ လူတစ်ယောက်ကို လက်ကဆွဲကာ ရောက်လာသည်။ သူတို့နှစ်ယောက်သည် ဒီနယ်မြေ၏ ထူးဆန်းမှုများကို သေချာလိုက်ကြည့်နေချိန်မှာ ဒီလူကို မြင်သည်နှင့် နယ်မြေကို လုံးဝမေ့သွားကြသည်။
ယန်ချောင်း၏ သေနတ်များကို ဖယ်ပြီးသည့်အခါ လင်းချင်းသည် သူ့ကိုဘေးသို့ တွန်းပို့လိုက်သည်။ ယန်းချောင်းသည် မြေပြင်ပေါ်သို့ လဲကျတော့မတက် ဖြစ်သွားသည်။ သူပြန်မတ်မတ်ရပ်ကာ လှည့်ကြည့်လိုက်သည့်အခါ တူယွမ်ရှင်း၊ လုံချင်းယင်နှင့် အမာရွတ်များရှိနေသည့်မျက်နှာဖြင့် နေကာမျက်မှန်တပ်ထားသူ တစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ ဒါက တူယွမ်ရှင်း၏ နေကာမျက်မှန်ဖြစ်ကြောင်း သူချက်ချင်းသိလိုက်သည်။
ဒီ၃ယောက်ကို တစ်ချက်ကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ခုနတုန်းက လည်ပင်းညှစ်ခံထားရသဖြင့် သေချာမမြင်နိုင်တာဖြစ်သည်။ တူယွမ်ရှင်းနှင့် လုံချင်းယင်တို့ကို မြင်မှသာ နေရာလွတ်စွမ်းအားရှင်၏ နယ်မြေထဲတွင် ရောက်နေကြောင်းကို သိသွားသည်။
“နင်တို့ကို ကူညီမယ့် နေရာလွတ်စွမ်းအားရှင် တွေ့ထားမယ်လို့ မထင်ဘူး ဒါက အတော်ကြီးတဲ့ နယ်မြေပဲ” သူသည် ဒီသုံးယောက်ကိုကြည့်ကာ ပြန်ပြောသည်။
တူယွမ်ရှင်းနှင့် လုံချင်းယင်တို့က သူ့အားဘာမှပြန်မဖြေဘဲ ကြည့်နေစဉ်တွင် လင်းချင်းကတော့ ပွဲကြည့်ဖို့ နောက်သို့ဆုတ်နေလိုက်သည်။
“ဘာလိုချင်လို့လဲ? ဘာဖြစ်လို့ နယ်မြေထဲကို ခေါ်လာတာလဲ? သတ်မလို့လား? ထွက်လိုက်တာနဲ့ ဟောင်ဝူက မင်းကိုသတ်မှာ မကြောက်ဘူးလား? အပြင်မှာ သူနဲ့သူ့လူတွေ အများကြီး။ သူ့အရှေ့မှာ ဒီနှစ်ယောက် ပျောက်သွားလို့ အရမ်းဒေါသထွက်နေတာ။ အခုတော့ ငါ့ကိုတောင် ခေါ်လာတယ်။ သူ့ကိုသွားစိန်ခေါ်နေတာပဲမလား? ဒီနေရာကလွတ်ရင်တောင် သူ့လက်ထဲက လွတ်မယ်ထင်လား?” ယန်ချောင်းသည် လင်းချင်းကိုကြည့်ရင်း လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကို တစ်ချက်ကြည့်ကာ ပြောသည်။
ဒီထူးဆန်းသည့်ယောက်ျားက နေရာလွတ်စွမ်းအားရှင် ဖြစ်မည်ဟု သူထင်လိုက်သည်။ ဒီလူသည် သူ့ထက်အရပ်ပုကာ ပိန်ပါးနေသော်လည်း သူ့လည်ပင်းကိုညှစ်ထားသည်မှာ သူတောင်လှုပ်မရသဖြင့် အရမ်းသန်မာပုံရသောကြောင့် သူအံ့သြသွားသည်။
တူယွမ်ရှင်းသည် သူ့ကိုအေးစက်စွာကြည့်ကာ “မင်းက လောဘအရမ်းကြီးလွန်းတယ်။ မင်းလောဘက မင်းကိုတစ်နေ့မှာ ပြန်သတ်လိမ့်မယ်လို့ ငါပြောခဲဖူးတယ်။ ဒါပင်မယ့် ဒီလိုဖြစ်လာမယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး”
ယန်ချောင်းသည် တူယွမ်ရှင်း၏ သူငယ်ချင်းဖြစ်ကာ အဖွဲ့သားလည်းဖြစ်သည်။ သို့သော် သူ့အကျိုးအတွက် သစ္စာဖောက်ခဲ့သည်။ တူယွမ်ရှင်းသည် ဒါမျိုးတွေကို မြင်နေကြားနေရတာ ငါးနှစ်လောက်ရှိနေသဖြင့် ဝမ်းမနည်းတော့ပေ။ သူ့စိတ်ထဲရှိသည်က သတ်ချင်သည်သာ ဖြစ်တော့သည်။
ဘယ်သူ့ကိုမှ သူသစ္စာမဖောက်သော်လည်း တစ်စုံတစ်ယောက်ကတော့ သူ့ကိုသေစေချင်ခဲ့သည်။ ထို့ကြောင့် ညှာတာဖို့မလိုဘူးဟု သူထင်သည်။ ကမ္ဘာပျက်ခေတ်တွင် နောက်ဆုံးမှာ အင်အားရှိသူများသာ ရှင်ကျန်နေသည်ဖြစ်သောကြောင့် စခန်းအပြင်တွင် လူသတ်ခြင်းကို ခွင့်ပြုထားသည်။
ယန်ချောင်းက ဘာမှမတုံ့ပြန်ရသေးခင် လုံချင်းယင်သည် သူမ၏ဓားရှည်ကို ဓားအိမ်ထဲမှ ထုတ်လိုက်ရင်း တူယွမ်ရှင်းအား “လျှာကြောရှည်မနေနဲ့! နင်မသတ်ဘူးဆိုရင် ငါနင့်အစား သတ်ပစ်လိုက်တော့မယ်”
“မဟုတ်ဘူး။ နင်ပဲ ငါ့ကိုသတ်လို့ပြောထားတာလေ” တူယွမ်ရှင်းသည် လုံချင်းယင်အား ပြန်ပြောသည်။ သူ့မျက်လုံးများကတော့ ယန်ချောင်းဆီတွင်သာရှိနေကာ သူ့လက်ထဲမှ လျှပ်စစ်များက တဖြတ်ဖြတ်ထွက်နေသည်။
တူယွမ်ရှင်းက ဒီလိုလုပ်သည်ကို မြင်သည့်အခါ ယန်ချောင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားကာ ကြောက်လန့်တကြားအော်သည်။ “ခနလေး! ငါ့ကိုသတ်ရင် မင်းတို့လည်း ဒီကထွက်တာနဲ့သေမှာ ဟောင်ဝူက မင်းတို့ကို မီးတိုက်သွင်းပစ်လိမ့်မယ်!”
သူသည် တူယွမ်ရှင်းထက် အဆင့်နိမ့်သည်။ သူသည် အဆင့်လေးထိပ်ဆုံးဖြစ်သော်လည်း တူယွမ်ရှင်း၏ အင်အားနှင့်တော့ ယှဉ်မရပေ။ လျှပ်စစ်စွမ်းအားသည် တိုက်ခိုက်ဖို့အတွက် အကောင်းဆုံးလည်း ဖြစ်နေသေးသည့် အချက်ကိုလည်း ထည့်တွက်၍ ရသေးသည်။
“မင်းကိုသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ ငါတို့ကို သူကမီးတိုက်သွင်းမှာပဲ!” တူယွမ်ရှင်း၏ နှုတ်ခမ်းထောင့်တစ်ဖက်သည် ကွေးညွတ်သွားသည်။ သူမျက်လုံးများထဲတွင် အေးစက်ကာ သတ်ပစ်ချင်သည့် စိတ်တို့က ထင်းနေသည်။
သို့သော်လည်း သူသည်အပြင်းဆုံးတိုက်ကွက်ဖြင့် တိုက်ရန်ပြင်ပြီးမှ ရပ်လိုက်ကာ သူ့လက်ထဲက လျှပ်စီးများကို တွေဝေစွာ ကြည့်လိုက်သည်။ သူ့လက်ထဲတွင် လျှပ်စစ်များရှိသော်လည်း သူပစ်၍မရနိုင်ပေ။ သူသည် မယုံနိုင်ဖြစ်စွာ ယန်ချောင်းအား သူနောက်ထပ်ပစ်လိုက်သည်။ သို့သော်လည်း ဘာမှဖြစ်မလာပေ။