၉၈။ လက်ရှိရုပ်ရည်
နယ်မြေထဲသို့ ဝင်လာသည့်အခါ ချူးလီလီ၏ ပစ္စည်းအချို့နားတွင် ပေါ်လာသည်။ အရင်က ပစ္စည်းဟောင်းများနားတွင် ချူးလီလီနေခဲ့သည့်နေရာမှ ပစ္စည်းအကောင်းစားများဖြင့်သာ ပြည့်နေသည်။ သူမသည် နေရာမခွဲရသေးသဖြင့် ဒီတိုင်းအပုံကြီး ဖြစ်နေတာ ဖြစ်သည်။ လင်းချင်းသည် နည်းနည်းရှာလိုက်သည့်အခါ ဗီဒိုတွေ့သည်။ ဗီဒို၏ အံဆွဲထဲမှ ကတ်ကြေးကို ထုတ်ယူလိုက်သည်။
တစ်ဖက်တွင် ကျွင်းကျွင်းသည် သူမ၏ရှာဖွေနေသံကြောင့် ထွက်ကြည့်လာသည်။ ရေကန်ထဲတွင် လင်းချင်းရှိတုန်းကလည်း သူမသိလိုက်သော်လည်း ထွက်မကြည့်လို့ မသိတာဖြစ်သည်။ အခုတော့ သူမ၏သားမပါဘဲ တစ်ယောက်တည်းသာ ထွက်လာကြည့်သည်။ နယ်မြေလေးထဲက အထွက်တွင် လင်းချင်းသည် သူမ၏ရှုပ်ပွနေသည့် ဆံပင်များကို ကပ်ကြေးဖြင့် ညှပ်နေသည်ကို မြင်လိုက်ရသည်။
‘လုပ်သင့်နေတာ ကြာလှပြီ။ အခုဆံပင်ကြီးက သရဲမလိုပဲ အရမ်းရုပ်ဆိုးတာ။ စီးနှောင်ထားရင်တောင် ပိုဆိုးဦးမယ်’ ကျွင်းကျွင်းက တွေးနေမိသည်။
မကြာခင်တွင် လင်းချင်းသည် ဆံပင်တိုညှပ်ပြီးသွားသည့်အခါ သူမ၏ဗိုက်မှ အေးနေမှုကို ခံစားလိုက်ရသည်။ သူမ၏ခေါင်းသည် အခုတော့ အများကြီးပေါ့သွားရာ အတော်နေလို့ကောင်းသွားသည်။ သို့သော်လည်း ကပ်ကြေးချပြီးသည့်အခါ အဝေးကနေ သူမကို ကျွင်းကျွင်းသည် ထူးဆန်းသည့်ရုပ်ဖြင့် ကြည့်နေသည်။ သူမ၏ရှုပ်ပွနေသည့် ဆံပင်အတိုပုံစံသည် အရမ်းဆိုးဝါးလွန်းသည်။
နောက်ဆုံးတော့ ကြည့်ရတာ ဘယ်လိုမှ သည်းမခံနိုင်တော့သည့် ကျွင်းကျွင်းသည် အနားသို့ လျှောက်လာကာ လင်းချင်းလက်ထဲက ကပ်ကြေးနှင့်ခေါင်းကို လက်ညိုးထိုးပြသည်။ လင်းချင်းသည် သူမပြောချင်သည်ကို နားလည်သည်။ ကျွင်းကျွင်းက သူမ၏ဆံပင်ပုံအသစ်သည် ရုပ်ဆိုးလွန်းသည်ဟု မြင်သဖြင့် ကူညီကာ ပြန်ပုံသွင်းပေးချင်ခြင်း ဖြစ်သည်။
လင်းချင်းသည် မှန်မရှိသဖြင့် သူမဆံပင်က ဘယ်လိုဖြစ်နေမလဲ မသိပေ။ သို့သော်လည်း ကျွင်းကျွင်း၏ မျက်နှာထားအရ အရမ်းဆိုးနေပုံရသည်။ ထို့ကြောင့် ကျွင်းကျွင်းကို ကပ်ကြေးပေးလိုက်ကာ သူမသည် ထိုင်ချလိုက်သည်။ ထို့နောက် ကျွင်းကျွင်းသည် သူမ၏ဆံပင်ကို ယူကာညှပ်ပေးသည်။ မိနစ်အနည်းငယ်ကြာမှ ကျွင်းကျွင်းသည် သူမအား ပုခုံးပုတ်ကာ ကပ်ကြေးကို ပြန်ပေးသည်။
လင်းချင်းက ရပ်လိုက်ကာ ခေါင်းကိုကိုင်ကြည့်တော့ သူမ၏ဆံပင်များသည် ပိုတိုသွားကာ ပိုသေသပ်သွားပုံရသည်။ ထိုအခိုက်အတန့်မှာပဲ ကျွင်းကျွင်းသည် ချူးလီလီ၏ ပစ္စည်းများထဲမှ မှန်ကိုရှာတွေ့သွားသဖြင့် လင်းချင်း၏ မျက်နှာရှေ့သို့ လာပြသည်။
လင်းချင်းသည် ဆံပင်တိုဖြင့် ကြောက်ဖို့ကောင်းနေသည့် သူမ၏မျက်နှာကြောင့် အံ့သြသွားသည်။ ထို့ကြောင့် မှန်ကိုယူကာ သေချာကြည့်လိုက်သည်။ အရင်က သူမသည် မှန်မကြည့်ဖူးခဲ့ပေ။ လုထန်ယုသည် အရမ်းလှခဲ့ကြောင်း မှတ်ညဏ်များအရသာ သူမသိခြင်း ဖြစ်သည်။
အခုတော့ ဘဲဉပုံမျက်နှာ သေးသေးလေးသည် အမာရွတ်ကြီးများကြောင့် လုံးဝပျက်စီးနေသည်။ မျက်လုံးများသည် နက်မှောင်နေကာ နှာခေါင်းသည် ဖြောင့်စင်းနေပြီး နှုတ်ခမ်းသည်လည်း အခြားဇွန်ဘီများလို ပြဲမနေဘဲ ပုံမှန်လေးဖြစ်သည်။ သူမသည် ဒီအမာရွတ်များထက် ပိုဆိုးမည့်ရုပ်သွင်ရှိမည်ဟု ကိုယ့်ကိုယ်ကို ထင်နေခဲ့ခြင်း ဖြစ်သည်။
အခုသေချာကြည့်တော့ နှုတ်ခမ်းလေးသည် တကယ်လှသည်။ မကြီးမသေးဖြင့် အတော်လှသည့်ပုံလေးပင်။ အထက်နှုတ်ခမ်းသည် အောက်နှုတ်ခမ်းထက် အနည်းငယ်ပါးသည်။ လင်းချင်းသည် သူမ၏ကိုယ်မဟုတ်သည့် လုထန်ယု၏ကိုယ်သည် အတော်ကြည့်ကောင်းသည်ဟု ခံစားရသည်။ နှုတ်ခမ်းစင်းစင်းလေးသည် မျက်စိစားကာ သူမအရင်ဆုံးမြင်မိတာ ဖြစ်သည်။ မျက်လုံးများကတော့ အကုန်မဲနက်နေသဖြင့် မျက်စံတောင်ရှာမရပေ။ ထိုမျက်ဝန်းများသည်လည်း အဆုံးတွင် အနည်းငယ်အပေါ်သို့ တက်သွားကာ မျက်တောင်ကွေးကွေးလေးများဖြင့် လှလွန်းသည်။ အမာရွတ်သာမရှိပါက ဒီလိုမျက်လုံး၊နှုတ်ခေါင်း၊ နှုတ်ခမ်းနှင့် မျက်နှာကျတို့ဖြင့် အလွန်ကြည့်ကောင်းနေမှာ အမှန်ပင်။
သို့သော်လည်း စခန်းတွင် ဘယ်သူကမှ လုထန်ယု၏ မိတ်ကပ်မပါသည့်မျက်နှာကို မမြင်ဖူးကြပေ။ မြင်ဖူးသည့်သူများကတော့ သူမ၁၆နှစ်မတိုင်ခင် ကမ္ဘာပျက်ကပ်မတိုင်ခင်က လူများသာ။ ထို့နောက်တွင် သူမသည် နေ့တိုင်းမိတ်ကပ်အထူကြီးများကို လိမ်းတော့သည်။ လုထန်ရီတောင်မှ သူ့ညီမ၏ မိတ်ကပ်မပါသည့် မျက်နှာကို မမြင်ဖူးပေ။ သူမသည် မိတ်ကပ်ဖျက်လိုက်ပါက အခန်းထဲက အခန်းပြင်မထွက်ပေ။
ထို့ကြောင့် မိတ်ကပ်အထူကြီးဖြင့် လုထန်ယုကိုသာ လူတိုင်းက မှတ်မိကြတာ ဖြစ်သည်။ ကမ္ဘာပျက်ခေတ်တွင် လူများသည် ဗိုက်ဖြည့်ဖို့နှင့် ဇွန်ဘီအစားမခံရဘဲ ကောင်းကောင်းနေဖို့သာ ကြိုးစားကြတာ ဖြစ်သည်။ ရှင်ကျန်သူအများစုသည် အရင်ကစျေးကြီးခဲ့သည့် အလှကုန်များကို မေ့သွားသော်လည်း လုထန်ယုကတော့ ရအောင်စုဆောင်းပြီး လိမ်းဆဲဖြစ်သည်။
သူမသည် ယန်ချောင်းပေးသည့် အစာများကို အလှကုန်နှင့် လဲတက်သည်။ ထို့ကြောင့် ယန်ချောင်းသည် သူမကိုသတ်ချင်သည်မှာ အကြိမ်ကြိမ်ပင်။ တစ်ခါတုန်းက သူမသည် နှုတ်ခမ်းနီတစ်တောင့်အတွက် အခွံချါတ်ထားသည့် ဆန်တစ်အိတ်နှင့် လဲပစ်ဖူးသည်။ ထိုအချိန်တုန်းက ယန်ချောင်းသည် သူမကိုသတ်ဖို့လုပ်သော်လည်း လှလွန်းသည့်ရုပ်နှင့်ကိုယ်ကြောင့်သာ ရှင်နေခြင်းဖြစ်သည်။ ဒီမှတ်ညဏ်များကို လင်းချင်းသိရသည့်အခါ လုထန်ယုသည် တကယ့်ကိုဘဝကြီးကို စည်းစိမ်အပြည့်ဖြင့် နေခဲ့ရသည်ဟု ခံစားရသည်။ နောက်ဆုံးတော့ ယန်ချောင်းက သူမကိုသတ်စေခြင်းသည် မထူးဆန်းတော့ပေ။
လင်းချင်းသည် သူမ၏ရှုပ်ပွနေသည့် ဆံပင်များက တိုပြီးသေသပ်သွားသည့်အခါ စိတ်ခံစားချက်က ပြန်ကောင်းလာသည်။ ဆံပင်ညှပ်တာက ဒီလောက်ကောင်းမည်ဟု မမျှော်လင့်ထားတာ ဖြစ်သည်။ အမာရွတ်များသည် ဆံပင်မကွယ်တော့သည့်အခါ ထင်းနေအောင် ပေါ်နေသော်လည်း လင်းချင်းကတော့ ရေကန်က သူမကိုပြန်ကောင်းအောင် လုပ်ပေးနိုင်သဖြင့် စိတ်ပူမနေတော့ပေ။
သူမသာ ရေကန်စွမ်းအင်များကို အခြားဇွန်ဘီအမြူတေများဖြင့် နှိုးထလို့ရကြောင်း အခုသိနေပြီ။ သူမသည်လည်း သိပ်မကြိုးစားရပါပေ။ သူမလုပ်စရာဆို၍ ကန်ထဲသို့ သားကောင်ကို ပစ်ချရုံသာ။ အခုတော့ သူမသည် အကြောက်တရားမရှိဘဲ ကိုယ်ဖျောက်ကာ လုပ်လို့ရနေပြီ။ သူမ၏ကိုယ်ဖျောက်ကာ ခိုးတိုက်ခြင်းသည် အရမ်းကောင်းသော်လည်း အရမ်းတော့ အသုံးမဝင်ပေ။
သူမသည်မှန်ကို မျက်နှာရှေ့မှ ချပြီးနောက် သူမ၏မျက်ဝန်းနက်များဖြင့် ရေကန်ကို ကြည့်လိုက်သည်။ သူမသည် ဒီမျက်ဝန်းများကိုဖုံးရန် နေကာမျက်မှန်တစ်စုံလိုသည်ဟု ခံစားရသဖြင့် ချူးလီလီများ စုထားမလား တွေးမိနေသည်။ ထို့နောက် ကျွင်းကျွင်းလက်ထဲသို့ မှန်ထိုးထည့်ကာ စရှာတော့သည်။
လင်းချင်းက နေကာမျက်မှန် ရှာပုံတော်ဖွင့်နေချိန်တွင် ချူးလီလီလေးမှာတော့ ကျောက်တုံးပုံပေါ်တွင် ပျင်းရိစွာဖြင့် လင်းချင်းထွက်လာမည်ကို စောင့်နေရရှာသည်။ ရုတ်တရက် သူမ၏မျက်လုံးများသည် လှုပ်ရှားသွားကာ သူတို့ထွက်လာသည့်ဘက်က လမ်းကို လှည့်ကြည့်လိုက်သည်။
ဒီနေရာက သတ္တဝါတိုင်းကို အဆင့်လေးဇွန်ဘီမက အရင်ကရှင်းထားသဖြင့် တိတ်ဆိတ်နေရာ အသံလေးလေးကတောင် ချူးလီလီ၏ အာရုံကို ဆွဲဆောင်နိုင်သည်။ သို့သော်လည်း ဒီနေရာက ဆူညံ့နေရင်တောင် ကြားနိုင်မှာ ဖြစ်သည်။
မိုင်အချို့အဝေးလောက်တွင် သေချာပြင်ဆင်ထားသည့် ကားက ဒီဘက်သို့ လာနေသည်။
ကားထဲတွင် လူ၈ယောက် ထိုင်နေကြတာ ထူးဆန်းသည့် မိန်းမတစ်ယောက်က ကားအမိုးပေါ်မှာ ဖြစ်သည်။ လူ၉ယောက်ပါသည့် ဇွန်ဘီအမဲလိုက်အဖွဲ့ပင်။ ကားအမိုးပေါ်က မိန်းမသည် သာမန်ရုပ်ဖြင့် ဖြစ်သည်။ သူမသည် ဆံပင်ကို အမြင့်စီးထားတာတောင် ထိုဆံပင်များက ပေါင်လောက်ကျနေသည်။ သူမသည် ခြေချိတ်ကာ မတ်မတ်ထိုင်နေသည်။ သူမသည် ကားပေါ်တွင် တည်ငြိမ်စွာ ထိုင်နေသည်မှာ လမ်းကြမ်း၍ ကားဘယ်လောက်ခုန်ခုန် သူမက အမှုအယာမပျက်ပေ။
သူမသည် ကားနောက်ဘက်ကို မျက်နှာမူကာ ထိုင်နေခြင်း ဖြစ်သည်။ သူမသည် ကိုယ်ကျပ်အားကစားဝတ်စုံကို ဝတ်ဆင်ထားလေရာ သူမ၏ သွယ်လျသည့် ခါးကိုထင်းနေစေသည်။ သူမ၏မျက်နှာသည် ပုံမှန်ဖြစ်သော်လည်း ရှင်းလို့နေသည်။ မိန်းမရှားသည့် ဒီခေတ်ကြီးတွင် ဒီလိုမျက်နှာရှင်းနေရင်တောင် အတော်ချစ်ဖို့ကောင်းနေပြီ။ အကယ်၍ သူမ၏မျက်နှာထားသာ နွေးထွေးမယ် ဆိုလျှင်ပေါ့။