၁၂၃။ ကန်ထဲမှာ သေသွားတယ်
တူယွမ်ရှင်းက တိုက်နေစဉ် ယန်ချောင်းသည် သူ့လေစွမ်းအားကို အသုံးပြုကာ သူ့ကိုယ်သူကာကွယ်ရင်း ရှောင်ရှားဖို့ ပြင်လိုက်သည်။ သိုသော်လည်း ဘယ်လေကိုမှ သူမခံစားနိုင်ပေ. . .ဟုတ်ပါသည်။ လေကိုမခံစားမိသဖြင့် သူ့အစွမ်းများကို ထုတ်ဖို့က မဖြစ်နိုင်တော့ပေ။
ဒါကိုသိသည့်အခါ သူလန့်သွားသည်။ လေ၏အကူအညီမရှိသည့်အခါ တူယွမ်ရှင်း၏ တိုက်ခိုက်မှုကို သူတားဆီးနိုင်မှာ မဟုတ်တော့ပေ။ သူ့ကိုယ်သူ သေပြီဟု တွေးထားကာ လျှပ်စီးဒဏ်ကို ခံဖို့ပြင်ထားသော်လည်း ဘာမှမဖြစ်ပေ။
သူနားမလည်နိုင်တော့ပေ။ သူလေစွမ်းအားထုတ်မရသည်မှာ သူ့တွင်တစ်ခုခုမှားနေပြီဟု ထင်မိသော်လည်း တူယွမ်ရှင်းက သူ့အားဘာဖြစ်လို့ မတိုက်သနည်း? သူသည် နားမလည်စွာဖြင့် တူယွမ်ရှင်းအား ကြည့်လိုက်သည့်အခါ တူယွမ်ရှင်းသည် လျှပ်စီးများဖြင့် သူ့လက်ကိုသူ အံ့သြစွာ ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
တူယွမ်ရှင်းသည်လည်း ယန်ချောင်း၏ လှုပ်ရှားမှုကြောင့် ကြည့်လိုက်လေရာ နှစ်ယောက်သည် နားမလည်နိုင်သည့်အကြည့်များဖြင့် အကြည့်ချင်းဆုံကာ ရပ်သွားကြသည်။ သို့သော်လည်း မကြာခင်မှာပဲ တူယွမ်ရှင်းည် စတိုက်ခိုက်သည်။ သူ့အစွမ်းရော ယန်ချောင်း၏အစွမ်းပါ သုံးမရတော့ကြောင်းကို သိလိုက်သဖြင့် သူ့ခါးမှ ပစ္စတိုကိုထုတ်လိုက်သည်။
သေနတ်ထုတ်သည်ကို မြင်သည်နှင့် ယန်ချောင်းသည်လည်း ကြောက်သွားကာ ထွက်ပြေးတော့သည်။ ယန်ချောင်း၏ သေနတ်ကို လင်းချင်းက ဖယ်ထားသဖြင့် သူ့တွင် ပြန်တိုက်စရာ မရှိသဖြင့် ဘေးကိုကြည့်လိုက်ရာ မြက်ခင်းနှင့် ရေကန်ကို တွေ့သည်။ မြက်ခင်းသည် ရေကန်ထက် အနည်းငယ်ပိုဝေးသဖြင့် သူသည် ဆုံးဖြတ်ချက်ချကာ ရေကန်ထဲသို့ ခုန်ချလိုက်သည်။
ဘန်း! လေထုထဲတွင် တုန်ခါကာ ပဲ့တင်လာသည့် သေနတ်သံကို ကြားရသည်။
ဘုန်း! ယန်ချောင်း၏ ရေကန်ထဲသို့ ခုန်ချသည့်အသံထွက်လာပြီးနောက် သူခုန်ချသည့်နေရာနားမှရေသည် အနီရောင်ပြောင်းလာသည်။
လင်းချင်းသည် အရောင်ကို မမြင်ရသော်လည်း သွေးနံ့ကိုတော့ရသည်။ ထို့ကြောင့် သေနတ်မှန်သွားကြောင်း သိလိုက်သော်လည်း သေမသေကိုတော့ သူမလည်း မသိပေ။
“သူပစ်ခံလိုက်ရပင်မယ့် ကန်ထဲခုန်ချသွားတာ နင့်ကန်အောက်ခြေမှာ တစ်ခုခုရှိလား?” လုံချင်းယင်သည် ကန်ဘေးသို့ရောက်လာကာ သွေးများဖြင့် ရေတို့ကိုကြည့်ရင်း ယန်ချောင်းကို မမြင်ရသည့်အခါ လင်းချင်းအား ဒီလိုမေးခြင်း ဖြစ်သည်။
လင်းချင်းသည် ခနတွေးလိုက်သည်။ ဒီကန်အောက်တွင် ဟိုနွယ်များကလွဲ၍ ဘာမှမရှိပေ။ သူမသည် ရေမျက်နှာပြင်လှုပ်နေသည်ကိုကြည့်ရင်း ခေါင်းခါပြလိုက်သည်။ ထို့နောက် ယန်ချောင်းက ဘာဖြစ်သွားမလဲ သူမတွေးကြည့်လိုက်သည်။
ရေကန်သည် သူမကို ထိခိုက်အောင် ဘယ်တော့မှ မလုပ်သော်လည်း ရှဲ့တုန်းအား ရေကန်က ထူးဆန်းသည့် ဇွန်ဘီဖြစ်စေသည်။ လေစွမ်းအားဇွန်ဘီကိုတော့ စွမ်းအားများစုပ်ပစ်လိုက်သည်။ ယန်ချောင်းလို လူသားက ကန်ထဲခုန်ချသွားသဖြင့် သူဘယ်လိုဖြစ်မလဲ မပြောတက်ပေ။ ဒီကန်သည် သူမတွေးနိုင်သည်ထက် ပိုထူးဆန်းသည်။
တူယွမ်ရှင်းသည် ကန်ဘေးသို့ သေနတ်ဖြင့် ရောက်လာကာ သူတို့၃ယောက်သည် ကန်ရေများလှုပ်နေသည်ကို ကြည့်နေကြသည်။
“မင်းနယ်မြေမဟုတ်ဘူးလား? အထဲမှာဘာရှိလဲ မသိဘူးလား? ဒါဆိုရင် ဘာဖြစ်လို့ ငါကိုခုနက ပစ်ချတာလဲ?” လင်းချင်းခေါင်းခါပြသည်ကို တူယွမ်ရှင်းက မြင်သည့်အခါ လင်းချင်းဘာမှမသိဘူးထင်၍ ပြောသည်။
လင်းချင်းသည် သူ့ကိုဘာမှပြန်မဖြေပေ။ လုံချင်းယင်သည် ဓားကိုကိုင်ကာ ကန်ရေပြင်ကို ကြည့်နေသည်။ တစ်မိနစ်လောက် ကြာသည့်အထိ ကန်ရေပြင်သည် ငြိမ်မည့်ပုံမရှိဘဲ လှုပ်ခါနေဆဲ ဖြစ်သည်။ အရင်က ဒီကန်သည် ငြိမ်သက်နေသော်လည်း အခုတော့ လှုပ်နေသည်မှာ မရပ်တော့ပေ။ ထို့ကြောင့် ကန်အောက်တွင် ယန်ချောင်းသည် တစ်ခုခုနှင့် ရင်ဆိုင်နေရကြောင်း သေချာပေါက်ပြောနိုင်သည်။
ဆယ်မိနစ်လောက်ကြာသည့်အခါ ကန်၏နက်သည့်အပိုင်းမှ တစ်စုံတစ်ခုက ပေါလောပေါ်လာသည်ကို မြင်လိုက်ရသည်။ အဝတ်များအရ ယန်ချောင်းအပြင် ဘယ်သူမှ မဖြစ်နိုင်ပေ။ ယန်ချောင်းသည် လှုပ်ရှားမှုမရှိဘဲ မှောက်ခုံမျောနေသည်။ ထူးဆန်းသည်မှာ အလောင်းများလို မျောနေခြင်း မဟုတ်ပေ။ ပုံမှန်အလောင်းများသည် ရေဖြင့်ပွနေကာ ခေါင်းနှင့်ကျောလောက်သာ ပေါ်တာဖြစ်သော်လည်း ယန်ချောင်းကတော့ သစ်သားတုံးကြီးလို မျောနေတာ ဖြစ်သည်။ သူ့တစ်ကိုယ်လုံးသည် အရုပ်တစ်ခုလို ရေပြင်ထက်တွင် ပေါ်နေသည်။
“ဘာတွေဖြစ်. . .သေသွားပြီလား?”
တူယွမ်ရှင်းသည် ယန်ချောင်းကို ကြည့်ကာမေးသည်။
လင်းချင်းသည် လေထဲတွင် အနံ့ခံကြည့်သည့်အခါ လူသားအနံ့မရသဖြင့် သေသွားသည်က သေချာသည်။ သို့သော်လည်း သူမတွေးမိနေသည်မှာ
‘အခု ကန်ထဲမှာ အလောင်းကြီး မျောနေတယ်. . .အရင်ကလည်း ဇွန်ဘီတစ်ကောင် သေထားတယ်။ အခုကျတော့ လူသေ. . .ဒါဆိုရင် ငါဒီရေကို ဆက်သောက်သင့် မသောက်သင့်?’
ကန်ရေသည် ပိုးသေစေသည်ကို သိသော်လည်း ဇွန်ဘီအလောင်းနှင့် လူသေအလောင်းတို့ စိမ်ထားသလိုဖြစ်နေသည့် ရေကိုတော့ သူမမသောက်ချင်ပေ။ ‘ဟမ်? ဒါပင်မယ့်လည်း ငါတစ်ချိန်လုံး ဒီမှာရေချိုးနေတာလေ။ အဲ့အချိန်တုန်းက ရေသောက်ဖို့ ဘာဖြစ်လို့ မရွံ့တာလဲ? ငါ့ချိုးရေကို ငါပြန်သောက်နေသလိုကြီးမလား? ရုတ်တရပ်ကြီး ရွံ့လာတယ်။ ဘယ်လိုလုပ်သင့်လဲ?’
ထို့နောက် ကလေးအတွက် ဒီကန်ကရေဖြင့် ချက်ပြုတ်ပေးသည်ကို သတိရလာသည်။ သူမကိုယ်သူမ အဆင်ပြေသည်ဟု ပြန်နှစ်သိမ့်လိုက်ရသည်။ ‘ကန်ကအကြီးကြီး။ ရေတွေလည်းအများကြီး။ အဲဒီတော့ ချိုးရေကိုသောက်တာက ဘာမှမဖြစ်. . . ငါရေချိုးတဲ့နေရာကို ရှောင်လိုက်ရင် ရပါပြီ’
ထိုအချိန်တွင် ယန်ချောင်း၏အလောင်းသည် သူတို့နားသို့ တစ်စုံတစ်ရာက တွန်းပို့သည့်အလား ရောက်လာသည်။
“ကန်ထဲမှာ တစ်ခုခုရှိနေတာမလား?” ဒါကိုမြင်သည့်အခါ လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် အနောက်သို့ ဆုတ်သွားကြသည်။
လင်းချင်းသည် အသိပြန်ဝင်လာမှ ယန်ချောင်း၏ အလောင်းကြီးသည် သူတို့နားသို့ ရောက်လာသည်ကို မြင်လိုက်သည်။ ထိုအခါ နေကာမျက်မှန်ချွတ်ကာ ကြည့်လိုက်သည်။ ကန်ရေထဲတွင် ရှည်လျားသွယ်လျသည့်အရာကို မြင်လိုက်သည်။ ထိုအရာက ယန်ချောင်းအား ကန်ဘေးသို့ တွန်းပို့နေခြင်း ဖြစ်သည်။
လင်းချင်းသည် ထိုအရာကို ရင်းနှီးသည်။ ထိုအရာသည် ကန်အောက်ခြေက နွယ်ပင်ကလွဲ၍ ဘာဖြစ်မည်နည်း။ သူမတွေးနေမိသည်မှာ ‘ယန်ချောင်းက ဘယ်လိုသေသွားတာလဲ? ရေနစ်တာ မဟုတ်ဘူးမလား? တူယွမ်ရှင်းက အသေပစ်သတ်လို့လား?’
ထိုနွယ်များက ရေတိမ်ရာသို့ အလောင်းပြန်ပို့ပေးနေသည်ကို သူမမြင်လိုက်သည်။ ထို့ကြောင့် ဖိနပ်ကိုချွတ် ဘောင်းဘီကိုလိပ်တင်ကာ ကန်ထဲသို့ ဆင်းလိုက်သည်။ ယန်ချောင်း၏အလောင်းသည် သုံးမီတာလောက်သာ ဝေးသဖြင့် လင်းချင်းသည် အလောင်းအားသွားဆွဲခေါ်လာသည်။
သို့သော်လည်း ကန်ဘောင်သို့ ပြန်ရောက်သည့်အခါ သူမ၏ဘောင်းဘီအောက်ခြေကို စိုသွားပြီ ဖြစ်သည်။ သူမသည် ဒါကိုဂရုမစိုက်ဘဲ အခြားအလောင်းများနှင့် ဘာကွာသနည်း? ဘာဖြစ်လို့သေသွားသနည်း? တို့ကို သိရရန် ထိုင်ချလိုက်သည်။