“ဂါး?” ဇွန်ဘီခေါင်းဆောင်သည် မယုံနိုင်စွာ လွင့်ထွက်သွားသည်။ လင်းချင်းသည် ပိန်ပုံရကာ မြေပြင်တွင်သာ ပြေးနိုင်ပုံရသည်။ ထို့ကြောင့် ဇွန်ဘီခေါင်းဆောင်သည် သူမ၏ကန်ချက်မှာ ပြင်းလိမ့်မည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် သူအရေးမထားသလိုလုပ်မိသော်လည်း သူထင်သလို ဟုတ်မနေခဲ့ပေ။ ရလဒ်အဖြစ် သူလွင့်ပျံထွက်သွားသည်။
လင်းချင်းသည်လည်း သူမသန်မာကြောင်းကို သိပင်မယ့် သူမ၏ကန်ချက်က ဇွန်ဘီခေါင်းဆောင်ကို လွင့်ထွက်သွားစေလိမ့်မည်ဟုတော့ မထင်ခဲ့ပေ။ ထို့ကြောင့် သူမလည်း ခနလောက် အံ့သြသွားသည်။ သို့သော်လည်း နောက်တစ်စက္ကန့်အတွင်းမှာ သူမသည် ဇွန်ဘီခေါင်းဆောင်ဆီသို့ အမြန်ပြေးကာ သူမ၏လက်နှစ်ဖက်ဖြင့် လွှဲရိုက်ပစ်လိုက်သည်။
“ဂါး” ဇွန်ဘီခေါင်းဆောင်သည် အန္တရာယ်ကို အာရုံရလိုက်သည့်အခါ လေထဲသို့ အမြန်ပြန်ခုန်လိုက်ပြီး သူမ၏လက်သည်းများကို ရှောင်လိုက်သည်။ မြေပြင်ပေါ်သို့ ပြန်ကျသည့်အခါ ဒေါသတကြီးအော်ပြီးနောက် ခြေနှစ်ဖက်ကိုအားပြုကာ သူမအား ခုန်အုပ်လိုက်သည်။ ရေခဲချွန်များသည်လည်း သူ့လက်မှ လင်းချင်းဆီသို့ ပစ်လွှတ်လိုက်သည်။
ရေခဲချွန်များကိုမြင်သည့်အခါ ဇွန်ဘီခေါင်းဆောင်သည် ပေါက်ကွဲနေပြီဖြစ်ကြောင်း လင်းချင်းသိလိုက်သည်။ ရေခဲချွန်ရာပေါင်းများစွာသည် သူမ၏ခေါင်းအထက်သို့ ရောက်နေပြီဖြစ်ရာ သူမဘယ်လိုမှ ရှောင်မရနိုင်တော့ပေ။ ထို့ကြောင့် သူမ၏နယ်မြေထဲကို ဝင်ပြေးရုံသာ ရှိတော့မည်။ထိုအခါ ရေခဲချွန်များက သူမကိုယ်သို့ မစိုက်ခင်တွင် လင်းချင်းမှာ လေထဲတွင် ပျောက်ကွယ်သွားသည်။ ရေခဲချွန်များသည် မိုးသဖွယ် မြေပြင်ပေါ်သို့ ကျဆင်းလာကာ ပတ်ဝန်းကျင်ရှိ အပင်တိုင်းတွင် အပေါက်များ ကျန်ခဲ့တော့သည်။
“ဂါး!!!” လင်းချင်းသည် ထပ်ပျောက်သွားပြန်သည့်အခါ ဇွန်ဘီခေါင်ဆောင်သည် သွားကိုကြိတ်ကာ ဒေါသကြီး ကောင်းကင်ကိုမော့ကြည့်ရင်း အော်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ အပင်နှင့်ကျောက်တုံးများကို ဒေါသတကြီးကုတ်ခြစ်နေသဖြင့် အပျက်အစီးပုံကြီး ဖြစ်သွားတော့သည်။
လင်းချင်းသည် နယ်မြေထဲမှ ရေကန်ဘေးက ပြန့်ပြူးသည့်မြေပြင်သို့ ရောက်လာသည်။ သူမသည် ထိုနေရာတွင်ရပ်နေရင်း မျက်လုံးကိုမှိတ်ထားကာ အပြင်အခြေအနေကို ကြည့်နေသည်။ ဇွန်ဘီခေါင်းဆောင်က ဒေါသထွက်နေသည်ကို မြင်သည့်အခါ မရယ်ဘဲ မနေနိုင်တော့ပေ။
‘နင်ကငါ့နယ်မြေထဲကို မဝင်နိုင်တော့ ဒေါသထွက်စရာမလား? ငါ့မှာနယ်မြေရှိတယ်။ အဲ့ဒီတော့ နင့်ကိုကြောက်စရာလား?’ သို့သော်လည်း သူမစိတ်ညစ်သွားသည်။ နယ်မြေထဲသို့ သူမပြေးနိုင်လိုက်ပင်မယ့် အခုဘယ်လို ပြန်ထွက်ရတော့မလဲ? သူမ၏နယ်မြေထဲမှ ထွက်ရန်လုပ်ခြင်းသည် ရူးကြောင်ကြောင်ဖြစ်မှန်း အခုမှသိတော့သည်။ ဇွန်ဘီခေါင်းဆောင်သည်လည်း သူမပျောက်သွားသည့်နေရာတွင်သာ ပြန်ပေါ်လာတက်ကြောင်း သိနေပုံရသည်။ မဟုတ်လျှင် အဝေးပြေးလမ်းမကြီးမှာ အကြာကြီးစောင့်နေမှာ မဟုတ်ပေ။ အခုလိုပုန်းလိုက်ခြင်းဖြင့် ဇွန်ဘီခေါင်းဆောင်၏ အထင်ကိုမှန်အောင် သူမလုပ်ပေးလိုက်သလိုပင်။
ထိုအခါ လင်းချင်းသည် သူမကိုသူမ ပြန်ရိုက်ပစ်ချင်လာသည်။ သူမလုပ်မိသည်မှာ ကိုယ့်ကိုကိုယ် ဒုက္ခတွင်းထဲသို့ တွန်းပို့လိုက်သလိုပင်။ မိသားစုအား စိတ်ပူလွန်းသဖြင့် အချို့အသေးစိတ်အကြောင်းအရာများကို မေ့သွားခဲ့သည်။ အခုတော့ မှားမှန်းသိသည့်အခါ အချိန်လွန်နေပြီ။ သူမသည် ဇွန်ဘီခေါင်းဆောင်က ဒေါသတကြီး ပေါက်ကွဲပြီးသည့်နောက်တွင် သစ်ပင်အမြင့်တစ်ခုပေါ်သို့တက်ကာ ငြိမ်ထိုင်နေသည်ကို မြင်လိုက်ရသည်။ ဒီလိုထိုင်နေသည်မှာ သူ့သားကောင်ပေါ်လာမည်ကို စိတ်ရှည်စွာစောင့်နေသည့် သားရဲငှက်တစ်ကောင်လိုပင်။
သူမထွက်လာမည်ကို စောင့်နေသည်မှာ အသေအချာပင်။ သူမသည် ဇွန်ဘီခေါင်းဆောင်၏ ညဏ်ရည်ကို လျှော့တွက်မိသွားပုံရသည်။ ထို့နောက် သူမမျက်လုံးပြန်ဖွင့်လိုက်သည်။ သူမသည် ဒီနေရာကနေ ထွက်ခွာသွားရန် လျှောက်သွားနေသည့်ဝိညာဉ်အခြေအနေ သို့မဟုတ် လှုပ်ရှားရသည့် အိပ်မက်ထဲသို့ ဝင်နိုင်ရန် မျှော်လင့်နေမိသည်။
အရင်အခေါက်တုန်းက သူမသည် နယ်မြေထဲမှမထွက်ဘဲ နေရာပြောင်းနိုင်သည်ကို သတိရသွားသော်လည်း ဘယ်လိုလုပ်ရမလဲ မသိပေ။ ဒီအစွမ်းကို ဘယ်လိုဖော်ရမလဲ သူမတကယ်မသိတာဖြစ်သည်။ ဘယ်လိုအခြေအနေမျိုးလိုနေတာလဲ?
သူမသည် ထိုအစွမ်းကိုထုတ်ဖို့ တွေးနေစဉ်မှာ သူမ၏ခေါင်းသည် လေလံလာခဲ့သည်။ တစ်စုံတစ်ရာက သူမအားဆင့်ခေါ်နေသလိုမျိုး ခံစားလိုက်ရကာ သူမသတိမေ့သွားသည်။ ဒါသည် အရင်တစ်ခါကလို အခြေအနေနှင့် တူတူပဲဖြစ်သည်။ သို့သော်လည်း ဒီတစ်ခါတော့ အပြင်ဘက်သို့ ပျောက်နေသည့်သဏ္ဍာန်အဖြစ် ထွက်မသွားဘဲ နယ်မြေထဲက သူမကိုယ်သည် ပျောက်ကွယ်သွားသည်။
ဝူယွဲ့လင်းသည် လင်းချင်းအား အဝေးမှ ကြည့်နေတာ ဖြစ်သည်။ လင်းချင်းသည် ကန်ဘေးမှာ မလှုပ်မယှက်ရပ်နေသည့်အခါ ထူးဆန်းသလို ခံစားလိုက်ရသည်။ ထို့နောက် အမကြီးဇွန်ဘီ၏ကိုယ်သည် တဖြည်းဖြည်းဖောက်ထွင်းမြင်လာရသည်ကို မြင်လိုက်ရတော့သည်။
သူမသည် လင်းချင်းကိုကြည့်နေရင်း မျက်လုံးပြူးသွားကာ သိချင်စိတ်တို့က ပြင်းလာသည်။ သူမသည် ကြောက်လန့်ခြင်းနှင့် စိုးရိမ်ခြင်းတို့တော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဒီအမကြီးဇွန်ဘီနှင့် တွေ့ပြီးတည်းက ထူးဆန်းသည်များကို မရိုးအောင် သူမမြင်နေဖူးသောကြောင့်ပင်။ သူမသည် ဒီအမကြီးဇွန်ဘီမှာ သာမန်ဇွန်ဘီမဟုတ်ကြောင်းကို သိနေပြီဖြစ်သည်။ ဝူယွဲ့လင်းသည် သာမန်ဇွန်ဘီမဟုတ်ဆိုသည့် စကားလုံးကို နားမလည်သေးသော်လည်း သူမသိသည့်အသိမှာ ‘ငါနင့်ကိုစားပစ်မယ်’ဆိုပြီး ကြောက်ဖို့ကောင်းအောင် သူမကိုကြည့်တက်သည့် ဇွန်ဘီများနှင့် လင်းချင်းက မတူကြောင်းလောက်သာ ဖြစ်သည်။
ထို့ကြောင့် လင်းချင်းအားဖောက်ထွင်းမြင်နေရသည်ကို မြင်သည်နှင့် ကန်ဘေးသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ လင်းချင်းသည် ရေကန်ထဲသို့ ဆက်လျှောက်နေတာ ဖြစ်သည်။ ရေများက သူမ၏ဒူးခေါင်းမှပေါင် ထို့နောက်ခါးရောက်လာသည်တောင် မရပ်သေးပေ။ သူမသည် ဆက်သွားနေကာ ရင်ဘတ်၊လည်ပင်း၊ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးအထိ ရောက်လာသည်။ ထို့နောက် လင်းချင်းသည် ရေကန်ထဲတွင် မြုပ်သွားတော့သည်။
‘ကန်ထဲကို ဘာဆင်းလုပ်တာလဲ?’ ဝူယွဲ့လင်းသည် တွေးနေမိသည်။ အစက ဝူယွဲ့လင်းသည် လင်းချင်းကန်ထဲကို ဘာလုပ်မလဲ စိတ်ဝင်စားရုံသာဖြစ်သည်။ သူမထင်သည်မှာ အမကြီးဇွန်ဘီသည် ကန်ထဲသို့ ငါးဆင်းဖမ်းကာ ပြန်တက်လာလျှင် ငါးအကြီးကြီးဖမ်းလာပြီး သူမအတွက်ကင်ပေးမလား တွေးနေတာ ဖြစ်သည်။
လင်းချင်းကိုထိုင်စောင့်နေရင်း သူမသည် အတွေးမျိုးစုံတွေးနေသည်။ သို့သော်လည်း လင်းချင်းက အချိန်ကြာသည့်အထိ ရေကန်ထဲမှ တက်မလာသည်ကို တွေ့သည့်အခါ ဝူယွဲလင်းည် သူမဒီလိုဆက်ထိုင်မနေနိုင်တော့ပေ။ ထို့ကြောင့် ကုတင်ဆီသို့ပြေးကာ ယုန်ကိုပိုက်ယူလာပြီး ရေကန်ဘေးတွင် ပြန်ထိုင်နေသည်။ သူမ၏စိတ်ထဲတွင်တော့ အော်ဟစ်နေပြီဖြစ်သည်။ ‘ဘာဖြစ်လို့ တက်မလာတာလဲ? ဘာဖြစ်လို့ အခုအထိတက်မလာသေးတာလဲ? ဘာဖြစ်လို့လဲ? တက်လာတော့’
ရေထဲသို့ ခေါင်းနောက်နေသည့်အခြေအနေဖြင့် လျှောက်သွားပြီးမှ လင်းချင်းသည်လည်း သူမဘာလုပ်နေမိမှန်း အသိပြန်ဝင်တော့သည်။ သို့သော်လည်း သူမသည် ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်ပင်မယ့် စိတ်ကတော့ ကြည်လာပြီဖြစ်သည်။ သူမသည် ခေါင်းမြုပ်သည့်တိုင် ရေကန်ထဲသို့ လျှောက်နေခြင်းကို တားမရပေ။ ဒီလိုဖြင့် သူမသည် ရေကန်အလည်သို့ ရောက်လာသည်ကို လွှတ်ထားလိုက်ရတော့သည်။ ‘ဘာတွေဖြစ်နေတာလဲ? ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ? ဘာလဲဟာ?’
လင်းချင်းသည် အပြင်လူတစ်ယောက်က လုထန်ယု၏ကိုယ်ကြီး ရေထဲတွင်သွားလာနေသည်ကို မြင်နေရသလို ခံစားရသည်။ ထိုအချိန်တွင် ရေအောက်ကို သူမသေချာမြင်ရသည်။ သူမသည် ဇွန်ဘီဖြစ်သောကြောင့် အသက်ရှုမကြပ်သလို ရေအောက်တွင်လည်း လွတ်လပ်စွာ သွားလာနိုင်သည်။
သူမ၏မျက်လုံးထဲသို့ ရေဝင်လာသည့်အခါ သူမသည် ရေအောက်ထဲတွင် အစိမ်းရောင်အလင်းကို မြင်ရသည်။ ရေနက်လာသည်နှင့်အမျှ ရေအောက်ထဲမှ အစိမ်းရောင်အလင်းသည် ပိုတောက်ပလာသည်။ လင်းချင်းသည် အရောင်တို့ကိုမမြင်ရသည့်သူမလို့ အစိမ်းရောင်အလင်းမှန်း သိနေသည့်အခါ တကယ်အံ့သြသွားရသည်။ သူမသည် ဇွန်ဘီဖြစ်တည်းက အကုန်လုံးကို အဖြူအမဲသာ ငြီးငွေ့စွာ မြင်နေရတာ ဖြစ်သည်။ သို့သော်လည်း ဘာဖြစ်လို့ အခုထူးဆန်းသည့် အစိမ်းရောင်အလင်းကို မြင်နေနိုင်ရတာလဲ? ပြီးအရေးပါသည်မှာ ဒါကဘာလဲ?