၆၁။ သစ်တောထဲက ပြင်းထန်သည့် တိုက်ပွဲ
ဒီအဆင့်ငါးဇွန်ဘီသည် ရုပ်ပိုင်းဆိုင်ရာသာမက စွမ်းအားတွင်လည်း မသန်မာဘူးဟု လင်းချင်းက ခံစားရသည်။ အဆင့်ငါးသဘာဝလွန်စွမ်းအားရှင်များကို ဒီဇွန်ဘီက မယှဉ်နိုင်သည်မှာ မထူးဆန်းတော့ပေ။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းသည် သူတို့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပေ။
ဒီတစ်ကြိမ်တွင်တော့ လင်းချင်းသည် သူမ၏လက်သည်းများဖြင့် လေဓားလိုတိုက်ခိုက်ရင်တောင်မှ ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်လောက်ပေ။ ရှဲ့တုန်းအား ထွက်ပြေးဖို့လက်ပြပြီးသည့်အခါ လင်းချင်းလည်း လှည့်ပြေးတော့သည်။ ထို့နောက် လေအေးလှိုင်းများနှင့်အတူ ရေခဲချွန်များသည် သူမရပ်ခဲ့သည့်နေရာတွင် ရောက်လာကြသည်။
အဆင့်ငါးစွမ်းအားရှင်၏ ရေခဲချွန်များဆိုလျှင် မြေပြင်ပေါ်မှာ စိုက်နေမှာ ဖြစ်သော်လည်း ဇွန်ဘီခေါင်းဆောင်၏ရေခဲချွန်များကတော့ မြေပြင်ပေါ်ရောက်သည်နှင့် ကျကွဲသွားကြသည်။ သို့သော်လည်း မြေပြင်တွင်တော့ သိပ်မနက်သည့် အပေါက်ရာရှိနေသဖြင့် အင်အားက မနည်းလှပေ။
ထို့ကြောင့် လင်းချင်းသည် ချက်ချင်းလှည့်ပြေးတာ ဖြစ်သည်။ သူမသည် ဇွန်ဘီခေါင်းဆောင်ကို မြှားခေါ်သွားကာ ရှဲ့တုန်းအား ပြေးလို့လွယ်စေရန် လုပ်နေခြင်း ဖြစ်သည်။ မဟုတ်လျှင် ဇွန်ဘီခေါင်းဆောင်သည် အနားတွင်တွေ့သမျှကို လျှောက်မဲတော့မှာ ဖြစ်သည်။
ဇွန်ဘီခေါင်းဆောင်သည် ရေခဲချွန်က သူမကိုမထိသည်ကို မြင်သည့်အခါ သူမအနောက်သို့ ချက်ချင်းလိုက်သည်။ လင်းချင်းသည် ဇွန်ဘီခေါင်းဆောင်ကြောင့် သိပ်ဖိအားမများပေ။ သူမသည် အရှိန်ကိုသာမြှင့်ကာ တောထဲသို့ ဝင်ပြေးသည်။
သူမသည် ပုံမှန်ဆိုလျှင် အားမကိုးရသူလို ဖြစ်နေပင်မယ့် အရေးအကြောင်းဆိုလျှင်တော့ သူမ၏စိတ်သည် ရှင်းလင်းနေကာ ကျိုးကြောင်းစီလျော်စွာ တွေးတက်ပြီး ပြာမနေပေ။ လင်းချင်းသည် အထူးတပ်ဖွဲ့တွင် လေ့ကျင့်ခံခဲ့ရသဖြင့် စိတ်အခြေအနေသည် အရမ်းကောင်းမွန်ပြီး သူမ၏ပင်ကိုယ်တုံ့ပြန်မှုလို ဖြစ်နေသည်။ အန္တရာယ်ပိုများလာလေလေ သူမ၏စိတ်သည် ပိုငြိမ်လာလေလေ ဖြစ်သည်။
ဇွန်ဘီခေါင်းဆောင်သည် သူမ၏အနောက်သို့ ကျားသစ်တစ်ကောင်လို လိုက်နေတာ ဖြစ်သည်။ ထို့ကြောင့် သူမသည် တမင်ကို လမ်းမှာအတားအဆီးများရှိသည့်ဘက်သို့ ပြေးခြင်းဖြစ်သည်။ သစ်တောထဲတွင် မြက်ပင်ရှည်များနှင့်အတူ ကျောက်တုံးကျောက်ခဲများကလည်း လမ်းကြမ်းဖြစ်အောင် ပံ့ပိုးပေးနေသည်။ ဒီလမ်းကြမ်းကတော့ သူမအတွက် အတားအဆီးဖြစ်မနေဘဲ ကြွက်တစ်ကောင်လို ပျော်ရွှင်စွာ ပြေးလွှားဖို့တောင် ဖြစ်နေသေးသည်။
လင်းချင်း၏အနောက်မှ လိုက်နေသည့် ဇွန်ဘီခေါင်းဆောင်၏ မြင်ကွင်းကို သစ်ပင်များနှင့် ခြုံနွယ်တို့က လာပိတ်နေသောကြောင့် လင်းချင်း၏ လှုပ်ရှားမှုများကို သူအာရုံမစိုက်နိုင်တော့သဖြင့် ဒေါသပိုထွက်လာသည်။ သစ်တောထဲသို့ ဝင်လာသည်နှင့် ရေခဲချွန်များကို ပစ်နေဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်မှ အပင်တို့ကိုသာ ထိသွားတာ ဖြစ်သည်။
ပုံမှန်လူသားဆိုလျှင် သစ်တောထဲသို့ မဝင်ရဲသော်လည်း ဇွန်ဘီများကတော့ ဒီတောထဲက အန္တရာယ်များသည် သူတို့ကို မထိခိုက်နိုင်သဖြင့် မကြောက်ကြပေ။ တောထဲကို မဝင်ခင်တုန်းက ဇွန်ဘီခေါင်းဆောင်သည် တကယ်မြန်သော်လည်း အခုတော့ ၃၀ရာခိုင်နှုန်းလောက် လျှော့နည်းသွားပြီ ဖြစ်သည်။ လင်းချင်းက သူနှင့်ဝေးရာသို့ ပိုပြီးရောက်နေသဖြင့် ဒေါသအကြီးအကျယ်ကို ထွက်နေတာလည်း ဖြစ်သည်။
သို့သော်လည်း သူ့မှာဖြေရှင်းရန် နည်းလမ်းတော့ရှိသည်။ သူသည် သစ်ပင်မြင့်မြင့်တစ်ပင်ပေါ်သို့ တက်သွားကာ လင်းချင်းကို ရှာလိုက်သည်။ ထို့နောက်တွင်တော့ မျောက်လွှဲကျော်တစ်ကောင်အလား သစ်ပင်တစ်ပင်မှ တစ်ပင်ကူးပြီး လိုက်သည်။
လင်းချင်းသည် ဇွန်ဘီခေါင်းဆောင်က အနားသို့ရောက်လာသလို ခံစားလိုက်ရသည့်အခါ ချက်ချင်းလှည့်ကြည့်လိုက်သည်။ ထိုအခါ ဇွန်ဘီခေါင်းဆောင်က သစ်ပင်ပေါ်က လိုက်နေရင်း အခြေအနေကို ပြောင်းပစ်လိုက်သည်ကို သိလိုက်ရသည်။ သူမသည် မရပ်ဘဲ ဆက်ပြေးသည်။ ပြေးနေရင်း ကျောက်တုံးကြီးတစ်ခုကို တွေ့သည့်အခါ ရုတ်တရပ်ရပ်လိုက်ပြီး လှည့်လိုက်ကာ ကိုယ်ကိုလိမ်၍ ဘေးတစ်ဖက်သို့ လှိမ့်ပစ်လိုက်သည်။
ထို့နောက်တွင် ဆူညံ့သံများနှင့်အတူ ရေခဲချွန်များက လင်းချင်းရှိခဲ့သည့်နေရာသို့ ချက်ချင်းရောက်လာသည်။ လက်တစ်ချောင်းစာလောက်ထူသည့် ရေခဲချွန်များသည် မြေပြင်နှင့် ကျောက်တုံးတို့ကို ထိမှန်ကုန်ကြသည်။ လင်းချင်းသည် ထိုရေခဲချွန်များကို တစ်ချက်ကြည့်ပြီးနောက် ဆက်ပြေးပြန်သည်။
ရေခဲချွန်များ ထိမှန်ပါက သူမနာကျင်ရမှာ မဟုတ်သော်လည်း သူမကိုယ်ကိုတော့ အတော်နက်အောင် ပေါက်သွားမှာဖြစ်သည်။ သူမ၏ ပျက်စီးသည့်ကိုယ်လေးကို ဒီလိုအပေါက်အများကြီး ထပ်ရအောင် သူမမလုပ်ချင်ပေ။ ထို့အတူ ထိုအပေါက်များသည် ပြန်ကျက်သွားမှာလည်း မဟုတ်ပေ။ သူမသည် အခုအတိုင်းတောင် ရုပ်ဆိုးနေသည်ဖြစ်ရာ ထပ်ပြီးတော့ ရုပ်ဆိုးမခံနိုင်တော့ပေ။
‘ငါအခု အရမ်းရုပ်ဆိုးသည့် ဇွန်ဘီမဖြစ်နေတော့ ဘယ်သူကမှ ငါ့ကိုလက်ထပ်ချင်မှာ မဟုတ်ဘူးမလား? ဘယ်သူက လက်ထပ်ရဲမှာလဲ? ဇွန်ဘီယောက်ျားပဲရှာရတော့မလား? အဲ့ဒီလိုတော့ မဖြစ်ဘူး။ ငါ့အကြိုက်က ဒီလိုကောင်တွေထက် အများကြီးသာမှ’
လင်းချင်းသည် ဒီလိုအသက်ဘေးတွေ့နေသည့် အချိန်မှာတောင် အိမ်ထောင်ပြုဖို့ကိစ္စကို တွေးနေသေးသည်။ သူမအား အပြင်းအထန် တိုက်ခိုက်နေသည့် ဇွန်ဘီခေါင်းဆောင်သာ သူမ၏အတွေးများကို သိသွားပါက ဒေါသထွက်လွန်း၍ သွေးအန်လောက်မည်။
သူမသည် နောက်တိုက်ခိုက်မှုကိုလည်း မြေပြင်ပေါ်တွင် လှိမ့်ကာ ရှောင်လိုက်သည်။ သူမပြန်ထသည့်အခါ သူမ၏ခေါင်းပေါ်မှ ဖြတ်ပြေးသွားသည့် အဿံများကို ကြားလိုက်ရသည်။ ထိုအခါ အသံကဘယ်ကထွက်လာသလဲဆိုသည်ကို လှည့်တောင်မကြည့်ရဲတော့ဘဲ ချက်ချင်းထိုင်ချလိုက်ရပြန်သည်။
သူမထိုင်ချလိုက်သည့်အချိန်တွင် ဇွန်ဘီခေါင်းဆောင်၏ လက်သည်းများသည် သူမ၏ခေါင်းကို အားပြင်းပြင်းဖြင့် ကုတ်ချလာတာ ဖြစ်သည်။ သို့သော်လည်း လင်းချင်း၏ခေါင်းကိုမထိဘဲ လေကိုသာဖမ်းမိလိုက်သည်။
“ဂါး”
ပစ်မှတ်ကို မထိသည့်အခါ ဇွန်ဘီခေါင်းဆောင်သည် မြေကြီးပေါ်သို့ မရောက်ခင် လေထဲမှာပဲ လှည့်လိုက်ကာ သူမအား အော်လေသည်။
လင်းချင်းသည် ဇွန်ဘီခေါင်းဆောင်၏ ရင်ဘတ်ကို ကြည့်လိုက်သည့်အခါ သူမလုပ်လိုက်သည့် ဒဏ်ရာမှာ အဖြူရောင်ရေခဲလွှာဖြင့် ဖုံးအုပ်ထားနှင့်ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ‘သေစမ်း! ဒဏ်ရာကို ဘယ်လိုကုရမလဲတောင် သိနေတာလား’
ထိုအခါ ဇွန်ဘီခေါင်းဆောင်သည် သူ့အော်သံက လင်းချင်းအပေါ်တွင် မထိရောက်ကြောင်းကို သိလိုက်သည်။ ပထမအကြိမ်တော့ မဟုတ်ပေ။ ဇွန်ဘီခေါင်းဆောင်သည် သူ့ထက်အဆင့်နိမ့်သည့် ဇွန်ဘီခေါင်းဆောင်များကို သူထိန်းချုပ်နိုင်သော်လည်း ဒီတစ်ကောင်က ဘာဖြစ်လို့ သူ့ကိုလျစ်လျူရှုထားသလဲ ဆိုသည်ကိုတော့ သူမသိတော့ပေ။
ဇွန်ဘီခေါင်းဆောင်သည် သူမက အဆင့်သုံးလောက်သာ ရှိသေး၍ အဆင့်လေးတောင် မရောက်သေးဘူးဟု အာရုံခံမိတာဖြစ်သည်။ ထို့ကြောင့် သူမကလွဲ၍ အခြားအဆင့်သုံးဇွန်ဘီများကိုပဲ ထိန်းချုပ်နိုင်သည့် သူ့အခြေအနေကြောင့် စိတ်တိုလာခြင်းက ပေါက်ကွဲလုမတက်ပင်။ ဒီအကြောင်းအရင်းကြောင့်ပဲ သူမကိုနိုင်ဖို့အတွက် သူမအနောက်သို့ အသည်းအသန်လိုက်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အံ့သြဖို့ကောင်းအောင်ကို သူမသည် ပြေးရာတွင်လည်း တော်လွန်းနေသည်။
သူမလုသွားသည့် သူ့သားကောင်ကိုလည်း သူသိပ်ဂရုစိုက်ခြင်း မဟုတ်ပေ။ သူမကို လိုက်နေခြင်းမှာ ဒီအဆင့်နိမ့်ဇွန်ဘီမအား သူ့လက်အောက်ခံအဖြစ် ထိန်းချုပ်ထားလို၍ ဖြစ်သည်။ ဒီလိုမလုပ်နိုင်သည့်အခါ သူအဆင်မပြေဖြစ်ခြင်းက ပိုဆိုးလာသည်။
ထိုအချိန်တွင်တော့ ဇွန်ဘီခေါင်းဆောင်၏ ပစ်မှတ်ဖြစ်နေသည့် လင်းချင်းသည် လွတ်လမ်းကို တွေးနေပြီဖြစ်သည်။ သူမထင်သလိုပင် သူမသည် ဇွန်ဘီခေါင်းဆောင်ထက် အဆင့်နိမ့်သည်။ ထိုအကောင်မှာ သစ်ပင်ပေါ်တက်နိုင်ကာ ခုန်ကူးနိုင်ခြင်းဖြင့် အကွာအဝေးပြဿနာကို ရှင်းနိုင်သည်။ လင်းချင်းက သူမကိုယ်တိုင် ဒီလိုလုပ်နိုင်ဦးမည်ဟု မထင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ခုန်နိုင်စွမ်းသည် အပြေးအစွမ်းလောက် မကောင်းသေးပေ။ အဆင့်ငါးဇွန်ဘီခေါင်းဆောင်သည် ရင်ဆိုင်ရသည်က ခက်ခဲလွန်းသည်။
ထိုအချိန်တွင် ဇွန်ဘီခေါင်းဆောင်သည် သူမအား ထပ်တိုက်ခိုက်ပြန်သည်။ သူမသည်လည်း တစ်ချိန်လုံးစိုက်ကြည့်နေသည်ဖြစ်ရာ ခုန်အုပ်လိုက်သည်နှင့် သူမ၏မျက်နှာကို လက်နှစ်ဖက်ဖြင့်ကာရင်း ချက်ချင်းနောက်သို့ ဆုတ်လိုက်သည်။ ထိုအခါ သူမ၏လက်များကို ပြင်းထန်သည့်အားတစ်ခုက ရိုက်ခတ်သွားသည်ကို ခံစားမိလိုက်သည်။
ဇွန်ဘီခေါင်းဆောင်သည် သူမ၏လက်ကို လက်သည်းဖြင့် ကုတ်လိုက်ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူမသည် နောက်ဆုတ်နေခြင်းကိုရပ်တန့်လိုက်ကာ ခါးကိုချိုး၍ သူမ၏ကိုယ်အပေါ်ပိုင်းကို ရှောင်လိုက်သည်။
ဒီလိုလုပ်ရင်း ဇွန်ဘီခေါင်းဆောင်၏ ဗိုက်ကိုကန်လိုက်သည်။ ဇွန်ဘီခေါင်းဆောင်သည် သူမ၏ကန်ချက်ကို သိပ်အရေးမထားသဖြင့် အကန်ခံလိုက်ရသည်။ ထိုအခါ အနောက်သို့ လွင့်တောင်ထွက်သွားတော့သည်။