May Honey Logo May Honey
Previous Next

၄၅။ နယ်မြေပြောင်းလဲခြင်း

လင်းချင်း၏ကိုယ်ထဲသို့ အနွေးဓာတ်တစ်ခုသည် ဝင်လာပြီးသည့်နောက် သူမ၏ဦးနှောက်ထဲတွင် စုစည်းသွားကြသည်။ ရှဲ့တုန်းကို သူမဘယ်လိုရှင်းပြမရမလဲ မသိတော့ပေ။ ကြည့်ရသည်မှာ သူ့အမြူတေကိုလည်း သူမပျောက်အောင်လုပ်မိပုံရသည်။ လင်းချင်းသည် အမြူတေကို သူမကိုယ်တိုင်ထုတ်ယူလာခြင်း ဖြစ်သော်လည်း သူမ၏အပိုင်ဟု မတွေးပေ။ တချိန်လုံး ရှဲ့တုန်း၏အပိုင်ဟုသာ တွေးနေမိခြင်းဖြစ်သည်။ 

သူမသည် အခြားသူ၏ နယ်မြေကိုမြင်လိုက်ရလို့သာ ဘာကြောင့်မြင်ရလဲ သိချင်တာ ဖြစ်သည်။ အခုတော့ နေရာလွတ်စွမ်းအားရှင်သည် သူမကြောင့် သေသွားသလို သူ့အမြူတေသည်လည်း သူမကြောင့် ပျောက်သွားပြီ။ အခုမေးစရာက နယ်မြေက ဘယ်ရောက်သွားလဲ?

သူမသည် ရှဲ့တုန်းကို အနေရကျပ်စွာ ကြည့်လိုက်သည့်အခါ မျက်လုံးကိုမှိတ် ခေါင်းကိုမော့လျှက် အနံ့ခံနေသည်ကို တွေ့လိုက်ရသည်။ သေချာသည်မှာ ဦးနှောက်အနံ့၏ ဆွဲဆောင်မှုထဲမှ မလွတ်သေးပုံပင်။

သူမသည် ရှဲ့တုန်းအား နေရာလွတ်စွမ်းအားရှင်၏ အမြူတေကို သူမစုပ်ယူမိကြောင်း ပြောမလို့စဉ်တွင် တစ်ခုခုကို သူမခံစားလိုက်ရသည်။ ထိုခံစားမှုသည် သူမ၏နဖူးသို့တက်လာကာ သူမ၏နဖူးတွင် အရင်ကမရှိသည့်တစ်ခုခုကို ခံစားလိုက်ရသလို ဖြစ်သည်။

ရုတ်တရပ် သူမသည် အခြားတစ်ဖက်သို့ လှည့်ကြည့်မိလိုက်သည်။ အရင်က အဖြူရောင်မြူခိုးများဖြင့် ဘာကိုမှမမြင်ရသည့်နေရာသည် တံခါးဝတစ်ခုပွင့်လာသလိုမျိုး မြူခိုးများက အပေါ်သို့လိပ်တက်သွားသည်။ လင်းချင်းသည် အနံ့ထဲမျောသည့် ရှဲ့တုန်းကို ထဆွဲခေါ်ကာ ထိုဝင်ပေါက်သို့ လျှောက်သွားလိုက်သည်။

လင်းချင်း၏ ရုတ်တရတ်ဆွဲခေါ်ခံလိုက်ရမှ ရှဲ့တုန်း၏စိတ်သည် ပြန်ကြည်လင်လာသည်။ ဘာဖြစ်သလဲဟု သူမကိုမေးမလို့လုပ်စဉ်တွင် ထိုအပေါက်ဝကို သူလည်းမြင်လိုက်သည်။

မြူခိုးဖြူများကြားတွင် နှစ်မီတာလောက်ရှည်သည့် အပေါက်ဝမည်းမည်းတစ်ခုကို တွေ့လိုက်ရခြင်းက ထူးဆန်းသည်။ သို့သော်လည်း လင်းချင်း၏ နယ်မြေဖြစ်သဖြင့် ထိုနေရာတွင် အန္တရာယ်တော့ မရှိလောက်ပေ။ လင်းချင်းက ရှဲ့တုန်းကို ဆွဲခေါ်သွားခြင်းမှာ စိတ်ဖောက်ပြီး ဝူချန်းယွဲ့ကို သူစားလိုက်မှာ စိုးရိမ်၍သာ ဖြစ်သည်။

လင်းချင်း၏နယ်မြေသည် အရမ်းကြီးလှတာ မဟုတ်သော်လည်း ရေကန်နှင့် မြက်ခင်းဟူ၍

အပိုင်းနှစ်ခုရှိသည်။ မြက်ခင်းပြင်သည် မီတာတစ်ထောင်လောက် ကျယ်ပုံရကာ ရေကန်ကတော့ နယ်မြေ၏ ခြောက်ဆယ်ရာခိုင်နှုန်းကို ယူထားသည်။ ကျန်သည့်နေရာများက မြူခိုးများသာ။

လင်းချင်းသည် ပထမဆုံးရောက်လာတည်းက ဒီနယ်မြေက ဒီလောက်မကျယ်သေးသည်ကို သူမမသိသေးပေ။ သူမသိသည်က သူမ၏နယ်မြေသည် မြူခိုးများ အနည်းငယ်ပျောက်သွားသဖြင့် ပိုကျယ်လာသည်သာ။ ထို့ကြောင့် ရုတ်တရတ် ဝင်ပေါက်တစ်ခုပေါ်လာခြင်းက သူမအား ထူးဆန်းသလို ခံစားရသည်။

ရှဲ့တုန်းကို ဆွဲခေါ်သွားပြီးနောက် လင်းချင်းသည် သူမ၏နယ်မြေအစွန်းသို့သွားသည်။ ဒီအပေါက်ဝအသစ်ရှေ့တွင်ရပ်လိုက်သည့်အခါ သူမကြောင်အသွားပြန်သည်။

‘ဒါကနေရာလွတ်စွမ်းအားရှင်ရဲ့ နယ်မြေမလား? ဘယ်လိုလုပ် ငါ့နယ်မြေထဲကို ရောက်လာတာလဲ?’

သူမသည် ရှဲ့တုန်းအား တအံ့တသြဖြင့် ကြည့်လိုက်သည့်အခါ ရှဲ့တုန်းသည်လည်း သူမကိုစိတ်ရှုပ်စွာကြည့်နေသည်။ ရှဲ့တုန်းသည် သူမဘာပြောချင်နေသလဲကို နားမလည်ပေ။ ဒီနေမြေကို မြင်လိုက်ရသည့်အခါ သူလည်းအံ့သြရသော်လည်း နေရာလွတ်စွမ်းအားရှင်၏ နယ်မြေမှန်းမသိဘဲ လင်းချင်း၏နယ်မြေလို့သာ ထင်နေတာ ဖြစ်သည်။ သူအံ့သြနေခြင်းမှာ ဒီထူးဆန်းသည့် အပေါက်ဝသည် အရင်ကမပေါ်ဘဲ ဘာဖြစ်လို့ ခုနပေါ်လာခြင်းလဲ?

လင်းချင်း၏မျက်နှာမှ အံ့သြခြင်းကို အခုမှသူသတိထားမိတာ ဖြစ်သည်။ ကံဆိုးသည်က သူမ၏မျက်နှာသည် အရမ်းရုပ်ဆိုးကာ သူမ၏အမှုအယာက ရှုံ့တွနေသဖြင့် ရှဲ့တုန်းသည် သူမဘာကိုပြောချင်နေမှန်း နားကိုမလည်ပေ။ 

သူ့စိတ်ကိုဖတ်မိသည့် လင်းချင်းသည် သူဘာဖြစ်နေမှန်း မသိသေးသည်ကို သိသည်နှင့် စာရွက်ပိုင်းတွင် ရေးပြလိုက်သည်။

‘ဒါက နေရာလွတ်စွမ်းအားရှင်ရဲ့ နယ်မြေ’

ရှဲ့တုန်းသည် ဒီစာကိုဖတ်ပြီးသည့်အခါ မျက်လုံးပြူးကျယ်သွားကာ လင်းချင်းကို တအံ့တသြကြည့်လာသည်။ လင်းချင်းက ခေါင်းငြိမ့်ပြနေသည်။ အခုသူပိုကြောင်အနေရပြီ။

‘လင်းချင်းက ဒါမျိုးလုပ်နိုင်တယ်လား? သူများနယ်မြေကို သူ့နယ်မြေထဲအဖြစ် ပြောင်းနိုင်တယ်လား?’

လင်းချင်းက သူ့ကိုလက်ပြကာ နှစ်ယောက်လုံး ထိုအပေါက်ဝထဲသို့ ခြေချလိုက်သည်။ ဝင်လိုက်သည့်အခါ ထိုနယ်မြေသည် ပိုသေးကြောင်းသိလိုက်ရသည်။ လင်းချင်း၏ နယ်မြေနှင့် ယှဉ်မရသော်လည်း ဒါက၇မီတာ၈မီတာလောက်သာကျယ်သည့် အခန်းလေးဖြစ်ကာ လူသားများ လုံခြုံစွာ ပုန်းအောင်းလို့ ရနိုင်သည်။

လင်းချင်းသည် အခန်းထောင့်မှ ပစ္စည်းပုံများကို ကြည့်လိုက်သည်။ အဝတ်အစားများနှင့် လက်နက်များအပြင် ပစ္စည်းအမြောက်အများရှိနေသည်။ အစားအသောက်ဆိုလျှင် ဘီစကွတ်များ၊ အသင့်စားခေါက်ဆွဲခြောက်နှင့် ရေသန့်ဘူးကဒ်တို့ ရှိနေသည်။ ထိုရေသန့်ဘူးကဒ်ထဲမှ နှစ်ဘူးကို ယူသောက်ထားပုံရသည်။

လင်းချင်းသည် ဘီစကွတ်များကိုကြည့်ကာ ကုန်ဆုံးမည့်ရက်ကြည့်လိုက်သည်။ ဒိတ်ကျော်နေပြီဖြစ်သော်လည်း ဒီလိုအစားအသောက်များက ကမ္ဘာပျက်ကပ်တွင် တန်ဖိုးကြီးသည်။ လူများသည် အခုခေတ်တွင် အစားအသောက်ကို ကြေးများမနေကြတော့ပေ။ 

‘ဘယ်လိုလုပ် ကြေးများရဲမလဲ? မဟုတ်ရင် ဘာမှစားစရာရှိမှာ မဟုတ်ဘူး’

ကုန်းမကြီးရှိ ရေသယံဇာတများသည် ညစ်ညမ်းသွားသဖြင့် ရေသည်လည်း တန်ဖိုးကြီးလှသည်။ ထို့ကြောင့် ကမ္ဘာပျက်ကပ်ခေတ်တွင် ရေခဲနှင့်ရေစွမ်းအားရှင်များက စခန်းတွင် လိုအပ်သည့်ရေကို ဖြည့်စည်းပေးကြရသည်။

နေရာလွတ်စွမ်းအားရှင်သည် နယ်မြေရှိသော်လည်း သိပ်စုဆောင်းမိတာ မရှိပေ။ သူ့တွင်ရှိသည့် တန်ဖိုးကြီးတာဟူ၍ ဆီများသာ ဖြစ်သည်။ သူ့ဟာသူစုထားခြင်းလား အခြားသူများက ထည့်ထားခိုင်းခြင်းလားတော့ လင်းချင်းလည်း မသိပေ။ ဒီဆီများသည် လင်းချင်းမသတ်ခင်အထိ သူရှင်သန်နေခြင်း အကြောင်းဖြစ်လိမ့်မည်။ အဆောက်အဦး၏ အောက်ထပ်တွင် လင်းချင်းသည် ကားရပ်ထားခြင်း မြင်ရသည်။ ထိုကားသည် ရှဲ့တုန်းအပိုင်ဖြစ်ကြောင်းကို သူမအား လက်ဟန်ဖြင့် သူကပြောပြထားသည်။ ထိုကားသည် စစ်ဘက်သုံးကားဖြစ်ကာ ဟွမ်ရှောင်းကမောင်ပြီး ထိုးထားပုံရသည်။

လင်းချင်းသည် ပစ္စည်းပုံထဲတွင် မြေပုံလိုအရာမျိုးတွေ့ဖို့ ရှာကြည့်လိုက်သည်။ အံ့သြစရာမှာ သူမသည် မြေပုံကို တွေ့လိုက်သည်။ သူမသေချာကြည့်လိုက်သည့်အခါ ထိုမြေပုံသည် ပင်လယ်မြို့တော်၏မြေပုံဖြစ်သည်။ သူမနှင့် ရှဲ့တုန်းသည် အခုHPခရိုင်တွင် ရှိနေတာဖြစ်သည်။ တောင်ဘက်ကို ဦးတည်ပြီးနောက် ဇီခရိုင်ထဲကိုဝင်ကာ သူတို့သည် ရှုဟွေ့ခရိုင်၊ မင်ရှင်းခရိုင်နှင့် JSခရိုင်တို့ကို ဖြတ်သွားဖို့လိုသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမတွင် မြေပုံရှိနေပြီဖြစ်ရာ သူမ၏မွေးရပ်မြေသို့ ဘယ်လိုပြန်ရမလဲ အနည်းဆုံးတော့ သိပြီဖြစ်သည်။

ထို့နောက်တွင် သူမသည် ပစ္စည်းပုံထဲမှ A4စာရွက်များကို တွေ့လိုက်သည်။ ဒီစာရွက်များတွင်ရေးရခြင်းက ရှဲ့တုန်း၏လက်ဝါးလောက်စာအုပ်တွင် ရေးပြရခြင်းထက် ပိုအဆင်ပြေလိမ့်မည်။ သူမသည် တင်ပလ္လင်ခွေထိုင်ချလိုက်ကာ ရှဲ့တုန်းကို အနားသို့လာဖို့ လက်ပြလိုက်သည်။ သူမ၏ အနာဂတ်အစီအစဉ်များကို သေချာတိုင်ပင်ဖို့ လိုအပ်နေပြီ။

သူမသည် တောင်ဘက်သို့သွားကာ မိသားစုကို ရှာဖို့ရည်ရွယ်ထားသည်။ ထို့ကြောင့် ရှဲ့တုန်း၏ကားနှင့် ဆီတို့ လိုအပ်သည်။ သို့သော်လည်း သူမကိုပေးဖို့ စိတ်ကူးရှိမရှိတော့ သူမလည်း မသိပေ။ သူတို့အရင်က ပြောတုန်းကတော့ ရှဲ့တုန်းက သူ့ကားကို သူမအားပေးမည်ဟုပြောဖူးသည်။

အခုတော့ သူသတ်ချင်သည့်သူများသေများကာ သူ့ကားကိုလည်း တွေ့ပြီဖြစ်သည်။ အဆင့်ငါးဇွန်ဘီက အနားတွင် ရှိနေသောကြောင့် လင်းချင်းသည် နယ်မြေမှ သူမထွက်ချင်သလို ထွက်မရပေ။ ထို့ကြောင့် ရှဲ့တုန်းတွင် ဘာအစီအစဉ်ရှိသလဲ မေးဖို့သာ ရှိတော့သည်။

ရှဲ့တုန်းသည် ထိုင်လိုက်ကာ လင်းချင်းအား ကြည့်နေသည်။ သူသည် သူ့ဇွန်ဘီအဆင့်ကို သိချင်နေသည်။ သူသည် အဆင့်သုံးဇွန်ဘီများလား? မှတ်ညဏ်နှင့် အသိညဏ်ရှိနေသောကြောင့် ဒီလိုတော့ ဖြစ်နိုင်သည်။ သို့သော်လည်း သူသည် အဆင့်သုံးဇွန်ဘီများလို လျင်မြန်ကာ ဖြတ်လတ်မနေပေ။ သူသည် သာမန်ဇွန်ဘီများထက် ပိုသွက်ရုံသာရှိသည်။

လင်းချင်းသည် စာရွက်ဖြင့် စာရေးပြလိုက်သည်။

‘နင်သတ်ချင်တဲ့သူတွေက သေသွားပြီ။ ဘာဆက်လုပ်မှာလဲ? နင့်ဟာနင် ဘယ်သွားသွား ငါကတော့ နင့်ကားနဲ့ဆီတွေကို လိုချင်တယ်’

ဒီစာကိုဖတ်ပြီးသည့်အခါ ရှဲ့တုန်း၏မျက်နှာတွင် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်သွားသည်။
Previous Chapter 45 of 198 Next