၁၆၉။ မိသားစုအရှိန်အဝါ
လင်းချင်းသည် တံခါးကို လုံးဝမဖွင့်လိုက်သဖြင့် လုကျွင်းကျားသည် ကျွင်းကျွင်းနှင့် တုံတုံတို့ကို မမြင်ပေ။ ထိုအချိန်တွင် တုံတုံက စကားပြောလာသည်။ “မေမေ သားဗိုက်ဆာတယ်”
လင်းချင်းသည် ကောင်လေးကို လှည့်ကြည့်လိုက်သည့်အခါ အစာစားချိန်ဖြစ်၍ ကလေးမှာ အစာစားသင့်ပြီဖြစ်ကြောင်း သိလိုက်သည်။
လုကျွင်းကျားသည် လင်းချင်းအား အံ့သြမှုနှင့် သံသယတို့ဖြင့် ကြည့်လိုက်သည်။ သူသည် အခန်းထဲသို့ ခေါင်းငဲ့ကြည့်ဖို့လုပ်ရင်း မယုံနိုင်စွာဖြင့် မေးသည်။ “အခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတာလား?”
တကယ်တော့ အခန်းထဲမှာ ကလေးရှိလားဟု မေးချင်တာဖြစ်သည်။ သို့သော်လည်း ထိုကလေးက ‘မေမေ’ဟု ခေါ်သံကြားသည့်အခါ အခန်းထဲတွင် သက်ရှိနှစ်ယောက်လောက်ရှိနေလောက်သည်ဟု တွေးမိလိုက်သည်။
လင်းချင်းသည် ဘာကိုမှ လျို့ဝှက်စရာမရှိသဖြင့် တံခါးကို လုံးဝဖွင့်ပြလိုက်သည်။ လင်းဖန်နှင့် အခြားသူများနှင့်အတူ နေဖို့လမ်းရှာနေသည်ဖြစ်ရာ သူတို့သည် သူမတွင် မကောင်းသည့် ရည်ရွယ်ချက်မရှိကြောင်း သိဖို့လိုသည်။ သူတို့အချင်းချင်းလည်း တွေ့နေမှာ ဖြစ်သောကြောင့် သိထားရန်လိုသည်။
တံခါးဖွင့်လာသည့်အခါ လုကျွင်းကျားသည် ကလေးကိုချီထားသည့် ဇွန်ဘီမကို တွေ့လိုက်ရသည်။ ကလေးသည် ဇွန်ဘီမ၏ လည်ပင်းကို သိုင်းဖက်ထားကာ စကားပြောနေသည်။ “မေမေ ဗိုက်ဆာတယ်”
လင်းချင်းက တံခါးဖွင့်ပြလိုက်သည့်အခါ ကျွင်းကျွင်းသည် တံခါးအပြင်ဘက်က သူစိမ်းကို သတိအပြည့်ဖြင့် ကြည့်လိုက်သည်။
လူသားကလေးတစ်ယောက်ကို ဇွန်ဘီတစ်ကောင်က ချီထားသည်ကို တွေ့လိုက်သည်အ့ခါ လုကျွင်းကျားသည် အခန်းထဲသို့ ချက်ချင်းဝင်သွားသည်။ သူ့မျက်လုံးထဲတွင် ကလေးမှာ ဇွန်ဘီဖြင့် အတူနေဖို့ အန္တရာယ်များလွန်းသည်။
လင်းချင်းသည် သူ့အားလက်ဖြင့်ဆွဲတားလိုက်ကာ လေသံအတက်အကျမရှိဘဲ “စိတ်မပူနဲ့”
လုကျွင်းကျားသည် တုံတုံကိုကြည့်ကာ “အသိစိတ်လွတ်ပြီး ကလေးကို စားလိမ့်မယ်!” ဇွန်ဘီများက ကလေးအသားက နူးညံ့ပျော့ပျောင်း၍ ကလေးတွေကို အကြိုက်ဆုံးပင်။ လူ့နှလုံးကိုစားတဲ့ အဆင့်မြင့်ဇွန်ဘီတောင်မှ ကလေးစားသေးသည်။
လင်းချင်းသည် သူ့အားအခန်းအပြင်သို့ ဆွဲထုတ်ရင်း ဖြည်းဖြည်းချင်း ပြောသည်။ “ငါတို့လူသားမစားဘူး”
လုကျွင်းကျားသည် လင်းချင်း၏ တစ်လုံးချင်းကို ဖြည်းဖြည်းချင်း ပြောနေသည့်နှုန်းကြောင့် စိတ်မရှည်ဖြစ်နေသော်လည်း သူမက အဝင်မခံသြဖင့် အပြင်မှာသာ နေလိုက်ရတော့သည်။
“သူ့ကိုထိခိုက်အောင် တကယ်မလုပ်ဘူးလား?” လင်းချင်းကို သံသယဖြင့် မေးလိုက်သည်။ “ကလေးနော်! နင်တို့နဲ့အတူရှိနေတာက အန္တရာယ်များတယ်” လုကျွင်းကျားသည် လင်းချင်းတို့က တနေ့တွင် အသိစိတ်ပျောက်သွားကာ ဇွန်ဘီစိတ်ဖြင့် ကလေးကို စားပစ်မည်ကို စိုးရိမ်နေတာဖြစ်သည်။ ရုတ်တရက် ဝေ့ကျင်းချန်က ဇွန်ဘီမလေးသည် ကလေးချီထားသည့် ဇွန်ဘီကို ခေါ်လာကြောင်း ပြောနေသည်ကို သတိရသွားသည်။ ထိုအချိန်က ကလေးကို ဇွန်ဘီလေးဟုသာ သူထင်ခဲ့တာဖြစ်သည်။
လင်းချင်းသည် လုကျွင်းကျားအား သူစိုးရိမ်နေတာမျိုး ဖြစ်မှာမဟုတ်ကြောင်း လက်ကာပြလိုက်သည်။ ကျွင်းကျွင်းသည် မိခင်စိတ်ပြည့်ဝနေသလို လင်းချင်း၏ ကန်ထဲကရေကလည်း သူမကို အသိစိတ်မလွတ်အောင် ထိန်းထားပေးနိုင်သည်။
လုကျွင်းကျားသည် လင်းချင်းအား သံသယဖြင့် ကြည့်ပြီးနောက် သူမ၏ကတုံးပြောင်ကို စိုက်ကြည့်နေရင်းက နောက်သို့တစ်လှမ်းဆုတ်လိုက်ကာ “ဒါဆိုရင် ဘယ်အချိန်အားမလဲ? ငါတို့ဒုခေါင်းဆောင်က နင်နဲ့တွေ့ဖို့ မျှော်လင့်နေတယ်”
လင်းချင်းသည် လင်းဖန်တို့အခန်းကို လက်ညိုးထိုးပြကာ ခေါင်းငြိမ့်ပြလိုက်ရင်း သူမအခုလိုက်နိုင်ကြောင်း သိစေသည်။ ထို့နောက် ကျွင်းကျွင်းတို့ကို သူမအနောက်သို့ လိုက်လာဖို့ လက်ညိုးကို ကွေးပြကာ ခေါ်လိုက်သည်။ ချူးလီလီက ဘယ်ကိုထွက်သွားမှန်း မသိသဖြင့် တိုက်ခိုက်နိုင်စွမ်းမရှိသည့် ကျွင်းကျွင်းနှင့် တုံတုံကို အခန်းထဲတွင် ဒီတိုင်းမထားခဲ့နိုင်ပေ။
ထိုအခါ ကျွင်းကျွင်းသည် တုံတုံကို သေချာချီကာ လိုက်လာသည်။ သို့သော်လည်း သူမ၏စိတ်က လူသားများ၏ အနားတွင် မနေချင်ပေ။ ဒီလူသားများသည် သူမနှင့်တုံတုံကို တွေ့သည့်အခါ ကလေးကောင်းဖို့အတွက် သူမနှင့်ဝေးရာကို ခေါ်သွားချင်နေကြသည်။ သူမအတွက် ဒါကမလွယ်ကူသော်လည်း လင်းချင်းကတော့ သူမနှင့် တုံတုံလေးကို ဘယ်သူကမှ ထိခိုက်အောင် လုပ်ခွင့်ပေးမှာမဟုတ်ဘူးဟု ယုံကြည်နေရသည်။
လင်းချင်းနှင့် ကျွင်းကျွင်းတို့သည် လုကျွင်းကျား၏နောက်မှ လင်းဖန်တို့ အခန်းသို့ လိုက်လာသည်။ လင်းဖန်၏အခန်းသည် သူတို့အခန်းထက် ၇မီတာ ၈မီတာလောက် ဝေးသည်ဖြစ်သလို လှေကားထိပ်ကလည်း ကြားထဲတွင် ရှိနေသေးသည်။
လင်းဖန်တို့တံခါးဝသို့ရောက်သည့်အခါ ဝေ့ကျင်းချန်သည် လင်းချင်းတို့အား စူးစမ်းကြည့်နေသည်။ လုကျွင်းကျားက တံခါးခေါက်ကာ သတင်းပို့သည်။ “လုထန်ယုနဲ့ သူ့သူငယ်ချင်းက ဒီကိုရောက်ပါပြီ” အစက လင်းချင်းနှင့် ကျွင်းကျွင်းတို့ကို ဘယ်လိုခေါ်ရမလဲ မသိဖြစ်နေသော်လည်း လင်းဖန်က ဇွန်ဘီ၏နာမည်ကို ပြောလိုက်သည်ကို သတိရသွား၍ ဒီလိုပြောလိုက်ခြင်း ဖြစ်သည်။
“ဝင်ခိုင်းလိုက်” လင်းဖန်က မကြာခင် ပြန်ပြောသည်။ လုကျွင်းကျားသည် တံခါးကို ဖွင့်ပြီးနောက် ဘေးတွင်နေကာ လင်းချင်းနှင့် ကျွင်းကျွင်းတို့ကို ဝင်ဖို့အချက်ပြလိုက်သည်။
“ဟား ဟား ဟား ဆံပင်တွေက ဘယ်ရောက်သွားတာတုန်း?” အမျိုးသမီးလင်းသည် လင်းချင်းကို တွေ့တွေ့ချင်း ပြောရယ်လေသည်။
အခြားသူများကတော့ လင်းချင်း၏ ကတုံးပြောင်ကို အံ့သြစွာ ကြည့်နေကြသည်။ လင်းဖန်နှင့် တူယွမ်ရှင်းလို အဆင့်မြင့်ခေါင်းဆောင်များသည်တောင် အံ့သြနေသည့်မျက်နှာကို ချက်ချင်းမထိန်းနိုင်ကြပေ။
တစ်ဖက်တွင် လင်းချင်းကတော့ ဘာပြောရမှန်းမသိဖြစ်သွားသည်။ သူမ၏ဘေးက ကျွင်းကျွင်းသည် အခန်းထဲကလူများ၏အကြည့်ကို မြင်သည့်အခါ ပါးစပ်ကိုလက်ဖြင့်အုပ်၍ ခိုးရယ်နေသည်။
ကျွင်းကျွင်းသည် လင်းချင်း၏အနားမှာ ကပ်ရပ်နေသည်ဖြစ်ရာ တုံတုံသည် သူမ၏ကတုံးကို တစ်ချိန်လုံးကြည့်နေသည်။ လင်းချင်းက လမ်းလျှောက်တာကို ရပ်လိုက်သည်နှင့် နောက်ကနေ လှမ်းကိုင်နေသည်။ ထို့ကြောင့် လင်းချင်းသည် တစ်ချက်စိုက်ကြည့်လိုက်ကာ ဝေးရာသို့ ရွှေ့လိုက်ရသည်။
ယွမ်ထန်ရှင်းသည် အရင်ဆုံး အသိပြန်ဝင်လာသူဖြစ်သည်။ ဟနေသည့်ပါးစပ်ကို ပြန်ပိတ်ကာ အသက်ဝဝရှုပြီးနောက် ယဉ်ကျေးသည့်အပြုံးဖြင့် ထရပ်လိုက်ကာ သူ့ဘေးက ဆိုဖာလွတ်ကို ညွှန်ပြ၍ “ဒီမှာထိုင်ပါဦး”
လင်းချင်းသည် သဘာဝကျကျ လျှောက်လာကာ ထိုင်ချလိုက်သည်။ သူမ၏လှုပ်ရှားမှုများသည် လုံးဝကို သာမန်လိုပင်။ ကျွင်းကျွင်းကတော့ လင်းချင်းနောက်ကနေ လိုက်လာက ဆိုဖာဘေးတွင် ရပ်နေသည်။
လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့သည် လင်းချင်းမှာ ဒီဇွန်ဘီအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း သိလိုက်ကြသည်။ သူမသည် ဇွန်ဘီဘုရင်မလေးလောက် အင်အားမကြီးသော်လည်း ခေါင်းဆောင်များတွင်သာရှိတက်သည့် အရှိန်အဝါကောင်းတစ်ခုရှိနေသည်။ သူမသည် အကြောက်အလန့်မရှိ လူတိုင်းကို ရင်ဆိုင်နိုင်သည့်သူမျိုး ဖြစ်သည်။
လင်းချင်းဘေးတွင် ပြန်ထိုင်လိုက်သည့် ယွမ်ထန်ရှင်း၏ မျက်နှာတွင် စိတ်ရှုပ်မှုပေါ်လာသည်။ လင်းချင်းကို သူအရင်ထဲက ရင်းနှီးသလို ခံစားနေရပြီး သူမ၏အပြုအမှုကြောင့် အထင်ကြီးသါားသည်။
လင်းချင်းထိုင်လိုက်မှ လူတိုင်းသည် အမှုအယာပြန်ထိန်းလိုက်ကြသည်။ လင်းရှောင်လုလေးကတော့ လင်းချင်း၏ခေါင်းကို စပ်စုစွာဖြင့် ကြည့်နေဆဲဖြစ်သည်။ လူကြီးတွေက ရုပ်တည်များဖြင့် အရေးကြီးသလို ဖြစ်သွားသောကြောင့် သူမ၏အဘွားကို မေးခွန်းများ တိုးတိုးလေး ကပ်မေးလို့လည်း မရသဖြင့် သူမသည် လင်းချင်း၏ ကတုံးကိုသာ ကြည့်နေတာ ဖြစ်သည်။
အကုန်လုံးတည်ငြိမ်သွားကြသည့်အခါ ယွမ်ထန်ရှင်းလိုပင် လင်းဖန်၊ လင်းဝမ်ဝမ်နှင့် အမျိုးသမီးလင်းတို့သည် ခံစားလာရသည်။ ‘အရမ်းရင်းနှီးနေသလိုပဲ! ဒါပင်မယ့် ဘယ်သူလဲ?’
လင်းဖန်သည် မျက်မှောင်ကျုံ့ကာ တွေးနေမိသည်။ ‘ဘယ်သူလဲ? အရမ်းရင်းနှီးသလို ခံစားရတော့ ငါနဲ့အရင်က သိခဲ့တဲ့သူပဲ ဖြစ်မှာ’ လင်းချင်းသည် ပျောက်သွားသည့်သူ့ညီမကို ပြန်သတိရစေသဖြင့် အထင်မှားသလားဟုတောင် တွေးနေမိသည်။