၁၂၆။ သတင်း
ဒီအဆင့်မြင့်လူများသည် အဆောက်အဦးလေးတွင် နေရသည့် အကြောင်းအရင်းကတော့ ကလေးမလေးသည် မြင့်မားကာ ကြီးမားသည့် အဆောက်အဦးများကို မကြိုက်သောကြောင့်ပင်။ ဒီနေရာကို သူ့သမီးကကြိုက်သောကြောင့် ဝူချန်းယွဲ့က ပြောင်းလာရာ ကျန်သည့်နှစ်ယောက်ကလည်း သူ့နောက်သို့ လိုက်လာသည်။
အဆောက်အဦးသည် သေးသောကြောင့် ပထမထပ်တွင် ဧည့်ခန်းနှင့် မီးဖိုခန်းရှိသည်။ ဒုတိယထပ်တွင် စာကြည့်ခန်းနှင့် အိပ်ခန်းနှစ်ခုရှိပြီး တတိယထပ်တွင်တော့ အိပ်ခန်းနှစ်ခုနှင့် ဝရံတာတို့ပါသည်။
ဝူချန်းယွဲ့နှင့် ကလေးမလေးတို့သည် ဒုတိယထပ်ကို အပိုင်ယူထားသည်။ သူက သူ့သမီးနှင့် တခန်းတည်း အတူနေချင်လွန်းသော်လည်း ကလေးမလေးကတော့ ဒါကိုမကြိုက်ပေ။ ထို့ကြောင့် အဖေဖြစ်သူသည် သူ့သမီး၏ ဘေးခန်းတွင်နေလိုက်ရသည်။ သို့သော်လည်း တစ်ညကို ငါးခါခြောက်ခါလောက် သူ့သမီးကို သွားကြည့်နေဆဲပင်။
မုန့်ယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် တတိယထပ်တွင် နေကြသည်။ သူတို့ကလွဲ၍ ဒီအဆောက်အဦးတွင် လုံခြုံရေးလည်းမရှိသလို အစေခံများလည်း မရှိပေ။ ဒါသည်လည်း ကလေးမလေးက လူစိမ်းများကို မကြုက်သောကြောင့် ဖြစ်သည်။ သူမသည် ဝူချန်းယွဲ့၏ အတွင်းရေးမှူးလို ဖြစ်နေသည့် ရှောင်လင်းချန်းကိုတောင် အနားသို့ အကပ်မခံပေ။
ဧည့်ခန်းသို့ရောက်သည့်အခါ ဝူချန်းယွဲ့သည် ကလေးမလေးကို ဆိုဖာပေါ်တွင်ချပေးကာ ကစားစေသည်။ သူ့နောက်က ရှောင်ယွင့်လုံကတော့ “သတင်းကို စစ်နေတုန်းပဲ။ ဒါပင်မယ့် အတွေ့အကြုံအရတော့ အမှန်ဖြစ်လောက်တယ်။ ဒါပင်မယ့်လည်း ငရဲမီးက တကယ်သေမသေကိုတော့ ဘယ်သူက သိမှာလဲ။ လူတွေက အကုန်ခန့်မှန်းနေရုံပဲရှိတာ”
ဝူချန်းယွဲ့သည် ဆိုဖာပေါ်တွင်ထိုင်ကာ ရေတစ်ခွက်ထည့်လိုက်ပြီးနောက် ပြောသည်။ “ဒီလူတွေက ဒီသတင်းကို မရလောက်သေးဘူး။ သူတို့ကို ဟေးဒီးစခန်းမှာ ဘာဖြစ်လဲဆိုတာကို အရင်ပြောပြဖို့ လူလွှတ်လိုက်။ ငါတို့လည်း မသေချာသေးတော့ သူတို့ခေါင်းဆောင်အကြောင်းကို မပြောနဲ့ဦး။ သေချာစစ်ဖို့လိုသေးတယ်။ နောက်မှာ သူတို့ဘာလုပ်မလဲ စောင့်ကြည့်တာပေါ့”
သူ့ဘေးက ရှောင်ယွင့်လုံသည် ခေါင်းငြိမ့်ပြကာ “စခန်းသတင်းကတော့ သေချာပြီ။ ခေါင်းဆောင်ရဲ့ မိသားစုတွေကတော့ သူတိုကိုကူညီဖို့ လူလွှတ်လိုက်ရမလား? သူတို့က ပြေးနေတုန်းဆိုတော့ ငါ့အထင် ဇီခရိုင်ထဲကို ရောက်နေလောက်ပြီ”
ဝူချန်းယွဲ့သည် သူ့ကိုတစ်ချက်ကြည့်ကာ “လီကျန်းတို့လူတွေကို သူတို့ခေါင်းဆောင်ရဲ့ မိသားစုကို ကယ်ဖို့အစီအစဉ်ရှိမလား မင်းမေးကြည့်လိုက်။ ငါတို့ထက် သူတို့ကပိုလွယ်မယ်ထင်တယ်။ ငါတို့က သူတို့ကိုကူညီဖို့ လူတစ်ချို့လောက် ထည့်ပေးလိုက်ရုံပဲ”
ရှောင်ယွင့်လုံသည် ခေါင်းငြိမ့်သည်။
ထိုအချိန်တွင် ဝူချန်းယွဲ့၏ဘေးက မုန့်ယွဲ့သည် ဖိုင်များကို ကိုင်ထားကာ ဖတ်နေရင်း သူတို့ပြောသည်များကို နားစွန့်နေသည်။
“မနက်ဖြန် သူတို့ကို သတင်းပြောဖို့ လူလွှတ်လိုက်။ ဘာဆက်လုပ်မလဲ ကြည့်ကြတာပေါ့။ ပြီးတော့ ဟိုဇွန်ဘီအကြောင်း ဘာကြားသေးလဲ?” သူ့သမီးကို ရေခွက်ပေးလိုက်ပြီးနောက် ဝူချန်းယွဲ့သည် မီးဖိုချောင်ထဲသို့ သွားသည်။
ရှောင်ယွင့်လုံသည် ကလေးမလေးနှင့် စာဖတ်နေသည့် မုန့်ယွဲ့တို့ကို တစ်ချက်ကြည့်ကာ ဝူချန်းယွဲ့အနောက်သို့ လိုက်လာသည်။
“တောင်ဘက်ကိုသွားတာ မင်းသေချာရဲ့လား?” ရှောင်ယွင့်လုံသည် မီးဖိုချောင်တံခါးကိုမှီထားရင်း အကျီကိုပင့်တင်ကာ ညစာချက်ဖို့လုပ်နေသည့် ဝူချန်းယွဲ့ကို ကြည့်ကာ မေးသည်။
ကမ္ဘာပျက်ခေတ်တွင် လူများသည် ဆိုလာအားကိုသာ သုံးကြရသည်။ မီးစက်အချို့ရှိသော်လည်း ဆီထည့်ရသည်ဖြစ်ရာ ဆီသည်ရှားသည်ဖြစ်ရာ သူတိုသည် သုံးခဲသည်။ ဝူချန်းယွဲ့သည် ဆိုလာစွမ်းအင်သုံးစွဲသည်ဖြစ်သော်လည်း အချို့ကတော့ လျှပ်စစ်အားကို ချွေတာကာ သုံးနေသူများရှိသည်။
ငါးနှစ်လောက်ကြာသည့်အခါ စခန်းမှဘဝသည် အဆင်ပြေလာသည်။ စခန်းတင် ရေနှင့်မီး အလုံအလောက်ရှိနေသည်။ ဇွန်ဘီပိုးကို ကာကွယ်ဖို့အတွက် စခန်းတိုင်းသည် သိပ္ပံစမ်းသပ်ခန်းများရှိကာ သိပ္ပံပညာရှင်များက ပိုးကိုဖြေရှင်းဖို့ ကြိုးစားနေကြသည်။ လွန်ခဲ့သည့် ငါးနှစ်တွင်း ဇွန်ဘီများစွာကို စမ်းသပ်ဖို့ ဖမ်းစီးလာကာ အချို့လူသားများသည်လည်း စတေးခဲ့ရသည်။ သို့သော်လည်း ဘာအဖြေမှကိုတော့ မတွေ့သေးပေ။ စမ်းသပ်မှုများကတော့ အခုအထိ ဆက်လုပ်နေဆဲပင်။
ဝူချန်းယွဲ့သည် ဆီပူလာသည့်အခါ အသီးအရွက်များကို ဆေးကြောလိုက်သည်။ ထို့နောက် ကျွမ်းကျင်စွာ လှီးဖြတ်လိုက်ပြီးနောက် ကြော်တော့သည်။ ဒီလိုလုပ်နေရင်း “တောင်ဘက်ကိုသွားတယ်လို့ ငါခံစားရတယ်။ တချိန်လုံး တောင်ဘက်ကို ဦးတည်သွားနေတာ။ ပြီးတော့လည်း အတိုဆုံးလမ်းကသွားတယ်။ အကြောင်းရှိလို့မလား”
ရှောင်ယွင့်လုံက ခေါင်းငြိမ့်ကာ စိတ်ရှုပ်စွာဖြင့် “ငါ့လူတွေကတော့ ဘာမှမတွေ့ဘူး။ ရှာဖို့အရမ်းခက်တယ် ထင်တယ်”
ဝူချန်းယွဲ့သည် ပြုံးကာ “သေချာတာပေါ့။ သူ့မှာနယ်မြေရှိနေတာကိုး။ တစ်ခုခုမှားတာနဲ့ နယ်မြေထဲကို ပြေးပုန်းမှာပဲ။ ဘယ်လိုလုပ် ရှာလို့ရမှာလဲ?”
ရှောင်ယွင့်လုံသည် သက်ပြင်းချကာ “မင်းက မှော်ဆန်နေသလိုမျိုး ပြောနေတာပဲ။ ငါကိုယ်တိုင် တွေ့ချင်လိုက်တာ”
ထူးဆန်းသည့်ဇွန်ဘီအကြောင်းကို တွေးသည့်အခါ ဝူချန်းယွဲ့သည် စိတ်ဝင်စားနေသည့် အပြုံးဖြင့် ဖြစ်သည်။ သူသည် ဒီဇွန်ဘီကို တကယ်စိတ်ဝင်စားနေကာ ထပ်တွေ့ပြီး အကြောင်းကို ပိုသိချင်နေသည်။ ထို့အတူ သူ့သမီးလေးနှင့် ဒီဇွန်ဘီတို့ ဘယ်လိုများ ဆက်သွယ်ကြသလဲ သူတကယ်သိချင်သည်။
“အာ အခုငရဲမီးရဲ့ မိသားစုကို လိုက်ဖမ်းနေတဲ့ ဟေးဒီးစခန်းက လက်ထောက်ခေါင်းဆောင်တစ်ယောက်ဆိုတဲ့ ယန်ကျင်းဟွာအကြောင်း ငါကြားခဲ့တယ်။ သူရသွားပြီလားတောင် မသိပါဘူး။ ငရဲမီးရဲ့ ညီမလေးအနောက်ကို လိုက်နေတာလို့ ကြားတယ်။ ဒီတစ်ခေါက်တော့ အလွတ်ပေးမယ် မထင်ဘူး” ရှောင်ယွင့်လုံက ပြောသည်။
ညစာပြင်နေရင်းဖြင့် ဝူချန်းယွဲ့သည် “ယန်းကျင်းဟွာက ငရဲမီးနဲ့ ရင်းနှီးအောင်လုပ်တာက ညီမလေးကို လိုချင်လို့ဆိုတာ မင်းသိလား? လူတွေပြောတာက ငရဲမီးရဲ့ အသက်ကိုကယ်ခဲ့တယ် ဆိုပင်မယ့် ဒါကဟုတ်ပုံမရဘူး”
သူ့စကားကိုကြားသည့်အခါ ရှောင်ယွင့်လုံသည် မျက်ခုံးများမြောက်သွားအောင် အံ့သြသွားကာ “ဟင်? အဲ့ဒီနှစ်က ငရဲမီးကို သူတကယ်ကယ်ပေးခဲ့တာ မဟုတ်ဘူးလား?”
“ဒီလိုမျိုးကြားမိတာပဲ” ဝူချန်းယွဲ့က ပြောသည်။ “မြေနဂါးစခန်းက လူတွေဆီက ကြားတာ။ ကမ္ဘာပျက်ခေတ်မတိုင်ခင်တည်းက ယန်ကျင်းဟွာက လုံယုပိုင်ရဲ့ ကုတင်ပေါ်က လူတွေထဲက တစ်ယောက်ပဲတဲ့။ ကမ္ဘာပျက်သွားမှာ ငရဲမီးအနောက်ကို သူလိုက်နေပင်မယ့် လုံယုပိုင်နဲ့ ခိုးဆက်သွယ်နေတုန်းပဲ။ အဲ့ဒီတော့ မင်းဘယ်လိုထင်လဲ? လုံယုပိုင်က ငရဲမီးကို ဇွန်ဘီမြို့ထဲမှာ တမင်ပိတ်မိအောင် ထောင်ချောက်ချထားပြီမှ ယန်ကျင်းဟွာကယ်ဖို့အတွက် အခွင့်အရေးလုပ်ပေးလိုက်တာလို့ ငါတော့ထင်တာပဲ”
ရှောင်ယွင့်လုံသည် ဒါကိုကြားသည့်အခါ အရမ်းအံ့သြ၍ မျက်လုံးများပြူးကျယ်သွားသည်။
“ဘာ ဒါဆိုရင် ငရဲမီးက အရင်တည်းက ထောင်ချောက်ထဲကို ရောက်နေတယ်ဆိုတဲ့ သဘောပဲမလား?”
ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ “အမှန်ပဲ မသေခင် သိသွားလားတော့ ငါလည်းမသိဘူး။ သိလို့ကတော့ အတော်စိတ်ဆိုးသွားမှာပဲ”
“ဟုတ်တယ်” ရှောင်ယွင့်လုံသည် သက်ပြင်းချသည်။ “အင်း မင်းပြောသလိုဆိုရင် ယန်းကျင်းဟွာက ငရဲမီးရဲ့ ညီမလေးကို လိုချင်နေပင်မယ့် လုံယုပိုင်ရဲ့ အိပ်ရာပေါ်က လူဆို. . .ဘယ်လိုလုပ်ပြီးတော့? သူက ယောက်ျားတွေကိုပဲ ကြိုက်တာမဟုတ်ဘူးလား?”
“သူက ယောက်ျားပဲကြိုက်တယ်လို့ မင်းကိုဘယ်သူကပြောလို့လဲ?” ဝူချန်းယွဲ့က ရယ်ကာ “သူက အကုန်ကြိုက်တယ်”
ယန်ကျင်းဟွာက လုံယုပိုင်နှင့် ကုတင်ပေါ်တွင် လူးလိမ့်နေခြင်းကို တွေးမိသည့်အခါ ရှောင်ယွင့်လုံသည် တုန်လှုပ်သွားကာ “ယောက်ျားရော မိန်းမရောကို ကြိုက်တာလား? မတွေးရဲစရာပဲကွာ”