May Honey Logo May Honey
Previous Next

၇၉။ ထွက်သွားခြင်းရဲ့အကျိုးဆက်

“လိမ္မာတဲ့သမီးလေး အိမ်ပြန်ရောက်ရင် ဖေဖေက အသစ်တစ်ကောင် ရှာပေးမယ်”   ဝူယွဲ့လင်းကို ပွေ့ချီပြီးသည်နှင့် ဝူချန်းယွဲ့သည် လင်းချင်း၏ခြေထောက်နားသို့ ခုန်ပြေးသွားသည့်ယုန်ကိုကြည့်ကာ သူ့သမီးကိုပြောသည်။

သို့သော်လည်း ဝူယွဲ့လင်းသည် ခေါင်းကိုခါကာ သူမ၏မျက်လုံးများက မီးခိုးရောင်ယုန်တွင်သာ ရှိနေသည်။ သူမသည် မငိုချသော်လည်း သူမ၏မျက်လုံးထဲမှ ပြတ်သားမှုသည် ငြင်းနိုင်ဖွယ်မရှိပေ။ ဝူချန်းယွဲ့သည် သူ့သမီးအကြောင်းကို ကောင်းကောင်းသိသည်။ တစ်ခုခုကို နှစ်သက်ပြီဆိုသည်နှင့် ထိုအရာသည် သူမအတွက် အစားထိုးလို့မရတော့ပေ။ ဒါပင်မယ့်လည်း သူဘယ်လိုလုပ်ရမှာလဲ? ထိုယုန်သည် ဇွန်ဘီမအပိုင်ဖြစ်သည်။ သူ့သမီးအတွက် ဇွန်ဘီမဆီက ယုန်ပါတောင်းရဦးမှာလား? ထို့အပြင် ဇွန်ဘီမက ယုန်ကို အိမ်မွေးတိရိစ္ဆာန်လို ထားနေခြင်းက ထူးဆန်းသည်။ အစာအတွက်ထားသင့်တာမလား?

သို့သော်လည်း သူ့အတွေးကမှန်နေမှန်းသူမသိပေ။ လင်းချင်းသည် ယုန်ကိုအစာအဖြစ် သိုလှောင်ထားရန် သူမ၏နယ်မြေထဲသို့ ပြန်ထည့်လိုက်သည်။ အခုတော့ လင်းချင်းသည် ယုန်ကဘာဖြစ်လို့ မပြေးဘဲ သူမဆီသို့ပြန်လာသလဲကို တွေးနေမိသည်။ ထို့ကြောင့် ဝူချန်းယွဲ့နှင့် ဝူယွဲ့လင်းကို သတိမထားမိပေ။ ဝူချန်းယွဲ့က ဝူယွဲ့လင်းကို ချီထားသည်ကို မြင်သည့်အခါ သူမသည် စာထပ်ရေးသည်။ စာရေးပြီးသည်နှင့် စာရွက်ပိုင်းကိုဖြဲကာ ကျောက်တုံးမှာပတ်ပြီး ပစ်ပေးလိုက်သည်။

ဝူချန်းယွဲ့သည် သူ့သမီးကို လက်တစ်ဖက်ဖြင့်ချီကာ နောက်လက်တစ်ဖက်ဖြင့် လှမ်းဖမ်းလိုက်သည်။ ထို့နောက် စာရွက်ကိုဖြေ၍ ဖတ်ကြည့်သည့်အခါ   ‘အခု နင့်သမီးကိုနင့်ဆီ ပြန်ပေးလိုက်ပြီ။ လုံးဝကို ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ငါတို့ကိုယ့်လမ်းကိုယ်သွားပြီး ကိုယ့်ကိစ္စကိုယ်လုပ်ရအောင်။ သွားပြီ’

ဝူချန်းယွဲ့သည် ခေါင်းကိုမော့ကြည့်သည့်အခါ လင်းချင်းက သူမရှိခဲ့သည့်နေရာမှ ပျောက်ကွယ်သွားပြီ။ သူပတ်ရှာကြည့်သော်လည်း ဇွန်ဘီမရော ယုန်လေးပါ ပျောက်သွားတာ ဖြစ်သည်။

“မှတ်ညဏ်တွေရှိနေတယ်လို့ မထင်ဘူးလား?”   မုန့်ယွဲ့သည် မျက်မှောင်ကျုံ့ကာ မတွေးဘဲ ထပြောလေသည်။

“ဟင်?”   ဝူချန်းယွဲ့သည် သူမကိုလှည့်ကြည်သည်။ ဒီစကားကိုကြားသည့်အခါ မျက်လုံးများတောက်သွားပြီးနောက် ခေါင်းငြိမ့်ပြသည်။

“ညီမလည်းဒီလိုပဲထင်တယ်။ မဟုတ်ရင် သူ့လူဆန်တဲ့အပြုအမှုတွေကို ရှင်းလို့မရဘူး”   သူမကပြောသည်။

ဝူချန်းယွဲ့သည် ဒါကိုအရင်တည်းက တွေးနေမိတာ ဖြစ်သည်။ အခြားသာမန်ဇွန်ဘီများ၊ အဆင့်မြင့်ဇွန်ဘီများနှင့်ယှဉ်ကြည့်လျှင် ဒီဇွန်ဘီမသည် ဇွန်ဘီရုပ်သာပေါက်နေသော်လည်း လူလိုသာနေထိုင်သည်။ သူမသည် လူသားစားချင်စိတ်မရှိသလို ကလေးကို ဘယ်လိုစောင့်ရှောက်ရမလဲ ဆိုသည်ကိုလည်း သိသေးသည်။ လူသားကို မစားဖူးသလို ထိခိုက်အောင်မလုပ်ဖူးလောက်ပေ။ သူမသည် ဇွန်ဘီသဘာဝကို လုံးဝဆန့်ကျင်နေသည်။

“မြွေသွေးကို အခုလေးတင် အရသာခံသွားတာဆိုတော့ တိရစ္ဆာန်တွေပဲ စားနေတာလား?”   ဝူချန်းယွဲ့သည် လင်းချင်းက မြွေသွေးကို ပါးစပ်ထဲသို့ထည့်နေသည်ကို ပြန်သတိရသဖြင့် နားမလည်သည့် မျက်နှာထားဖြင့် ပြောသည်။

မုန့်ယွဲ့၏မျက်လုံးများသည် တောက်ပသွားကာ ဝူချန်းယွဲ့အား   “ဒါအတော်ဖြစ်နိုင်တယ်။ ဇွန်ဘီတွေက ဆာနေတက်တာ။ အဲ့ဒါကြောင့် လူသားမစားဘဲ တိရစ္ဆာန်တွေစားပြီး ဗိုက်ဖြည့်နေတာ ဖြစ်မယ်။ ဒါကဖြစ်နိုင်တယ်။ ဒါပင်မယ့်လည်း တိရိစ္ဆာန်စားတဲ့ဇွန်ဘီဆိုတာမျိုးမှ ညီမတို့မကြားဖူးတာ။ ဒီသန္ဓေပြောင်းကောင်တွေလည်း ဇွန်ဘီတွေကို မစားဘူးမလား? အကုန်လုံးက ပိုးတစ်မျိုးစီရှိနေတော့ အချင်းချင်းအရသာမရှိဘဲနေမှာ။ ဒါပင်မယ့် ဒီဇွန်ဘီမက သူ့ကိုယ်သူဇွန်ဘီလို့ ထင်ပုံမရဘူး”

ဝူချန်းယွဲ့သည် သူ့သမီးကို ကြည့်လိုက်သည်။ ဝူယွဲ့လင်းအနာတရရှိသလား စစ်နေစဉ်တွင် မုန့်ယွဲ့အား   “အမှန်ဖြစ်နိုင်တယ်။ မဟုတ်ရင် လင်းလင်းလို သက်ရှိလူသားကို မစားဘဲနေမှာ မဟုတ်ဘူး။ ငါအခုသိချင်တာက အရင်မှတ်ညဏ်တွေရှိသေးလားပဲ။ ဇွန်ဘီဖြစ်ပြီးမှ မှတ်ညဏ်တွေ ပြန်ရတာလား? မှတ်ညဏ်တွေက လုံးဝကို ပျောက်မသွားတာလား?”

မုန့်ယွဲ့သည် ခေါင်းခါကာ ဖြေသည်။   “ညီမလည်း သေချာမပြောတက်ဘူး။ ခုနတုန်းက မေးလိုက်သင့်တာရယ်။ သူ့လိုဇွန်ဘီမျိုးတွေ မြို့ထဲမှာ ထပ်ပေါ်လာမလားသိချင်တယ်။ တကယ်လို့ အခြေစိုက်စခန်းက လူတွေကို ရန်မှုရင် သူအဆင့်မြင့်သွားပြီး တခြားဇွန်ဘီတွေကို ထိန်းချုပ်တက်သွားရင် ညီမတို့စခန်းတော့ ပြဿနာကြီးတက်ပြီပဲ”   မုန့်ယွဲ့သည် မျက်နှာပျက်သွားကာ နောင်တရစွာ ဆက်ပြောသည်။   “အခုဒီဇွန်ဘီမကို ဖမ်းထားလိုက်ရမှာ။ ပြီးတော့ သူ့အခြေအနေကို စမ်းသပ်ကြည့်သင့်တယ်။ ထွက်သွားခွင့်ပြုလိုက်တာက ပေါက်ကွဲလွယ်တဲ့ဗုံးတစ်လုံးကို လွှတ်ပေးလိုက်လိုပဲ”  
သူမ၏စကားကို ကြားသည့်အခါ ဝူချန်းယွဲ့က တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် ဝူယွဲ့လင်းသည် သူ့အဖေချီထားသည်ကို ရုန်းလာကာ ဝူချန်းယွဲ့က သူမအား ငုံကြည့်သည်နှင့် ခေါင်းကိုမြန်မြန်ခါပြသည်။ သူမတွေးနေသည်မှာ   ‘အမကြီးဇွန်ဘီက လူတွေကို နာအောင်မလုပ်ဘူး’

သူ့သမီး၏မျက်လုံးထဲမှ သဘောမတူမှုကို မြင်သည့်အခါ ဝူချန်းယွဲ့သည် သက်ပြင်းချကာ မုန့်ယွဲ့အား   “မင်းပြောသလို မဖြစ်လောက်ပါဘူး။ အနည်းဆုံးတော့ ဒီနေ့အထိ ဇွန်ဘီမက သူ့ဇွန်ဘီသဘာဝကို ထိန်းချုပ်ပြီး လူတွေအပေါ်မှာ မကောင်းတဲ့စိတ်မရှိဘူး။ ပြီးတော့လည်း တောင်ပိုင်းသူဖြစ်လောက်မယ်။ တစ်ချိန်လုံး တောင်ဘက်ကို သွားနေတည်းက သူ့မိသားစုကို ရှာဖို့မဟုတ်ရင် အိမ်ပြန်ဖို့ ဖြစ်လောက်မယ်”

မုန့်ယွဲ့သည် သူ့အားတအံ့တသြကြည့်ကာ   “လူသားတွေအပေါ် မကောင်းတဲ့စိတ်မရှိဘူးလို့ ဘယ်လိုလုပ် အကိုပြောနိုင်ရတာလဲ? တနေ့မှာ သူ့ဇွန်ဘီစိတ်က သူ့ကိုနိုင်သွားရင် ဘယ်လိုလုပ်မလဲ? ဒီလိုဖြစ်ရင် လူစိတ်ပျောက်ပြီး လူတွေလိုညဏ်ရှိတဲ့ ဇွန်ဘီဖြစ်သွားမှာ။ လူသားတွေကို ချိန်ထားတဲ့ ထက်တဲ့ဓားတစ်ချောင်းဖြစ်သွားမှာ”

ဝူချန်းယွဲ့သည် မုန့်ယွဲ့ကိုကြည့်ပြီးနောက် သူ့သမီးကို ကြည့်လိုက်သည်။ ဝူယွဲ့လင်းလေးသည် သူ့အဖေက သူမအားမယုံမှာစိုးရိမ်၍ ဝမ်းနည်းနေသည့်ရုပ်လေးဖြင့် ဖြစ်သည်။ ဒီလိုရုပ်လေးကို မြင်တော့ ဝူချန်းယွဲ့သည် ပြုံးသွားကာ   “ဒါပင်မယ့် လင်းလင်းရဲ့ ယုံကြည်မှုကို ရထားတယ်။ မကောင်းတဲ့ဇွန်ဘီ မဟုတ်ဘူးလို့ ငါထင်တယ်။ လင်းလင်းက သူ့အနားကို လူအကပ်ခံတဲ့ကလေးမှ မဟုတ်တာ။ ဇွန်ဘီတွေဆိုရင် ပိုဆိုးမှာ။ ငါ့လင်းလင်းလေးကို ငါယုံ​လို့ရမယ်လို့ ထင်တယ်”

ဝူယွဲ့လင်းလေးသည် ချက်ချင်းကို ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

မုန့်ယွဲ့သည် သူတို့နှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းချကာ   “ဟုတ်ပါပြီ။ ယုံပေးပါ့မယ်။ အခြေစိုက်စခန်းတွေကို လက်မရွယ်ဖို့ ညီမတို့ ဒုက္ခမရောက်ဖို့ မျှော်လင့်ရတာပါပဲ။ ကဲပါ ပြန်ကြရအောင်။ လင်းလင်းကို တွေ့ပြီဆိုတော့ နောက်ဆုံးတော့ စခန်းကိုပြန်လို့ရပြီ”

စကားပြောရင်းဖြင့် သူတို့သည် သစ်သီးခြံထဲမှ ထွက်လာကြသည်။ ဝူယွဲ့လင်းလေးမှာတော့ လင်းချင်းပျောက်သွားသည့်နေရာကိုကြည့်ရင်း သိပ်ပြန်ချင်ပုံမရလှပေ။  
သူတို့အပြင်ရောက်သည့်အခါ နောက်ကားတစ်စီးသည် မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူတို့သည် ကားအနားသို့ရောက်သည့်အခါ ရှောင်လင်းချန်းသည် လမ်းကိုတွေဝေစွာကြည့်ရင်း ကြောင်အနေသည်ကို ဝူချန်းယွဲ့က မြင်လိုက်ရသည်။ ဘာကိုမြင်လို့ ဒီလိုဖြစ်သွားသလဲ သူမှန်းလို့မရပေ။

“လင်းချန်း ဘာဖြစ်တာလဲ? ဟင်? နောက်ကားတစ်စီးရော? တစ်ယောက်ယောက် မောင်းထွက်သွားတာလား?”   မုန့်ယွဲ့သည် လင်းချင်း၏ကားထိုးထားသည့်နေရာကိုကြည့်၍ ကားဘီးရာများကို တအံ့တသြကြည့်ကာ မေးသည်။

ရှောင်လင်းချန်းသည် အသိပြန်ဝင်လာပြီ ဖြစ်သည်။ သူ့မျက်နှာသည် ထူးဆန်းနေက မုန့်ယွဲ့နှင့် ဝူချန်းယွဲ့တို့အားကြည့်ပြီး   “မောင်းထွက်သွားတာ ဟုတ်တယ်! ဒါပင်မယ့် အနားကိုဘယ်သူမှလာတာကို မမြင်ဘူး။ ကားတံခါးဖွင့်သံကြားပြီး ပြန်ပိတ်သွားတယ်။ ဘာဖြစ်တာလဲ သွားကြည့်တော့ ကားက အလိုလိုမောင်းထွက်သွားတာ!”

သူသည် သရဲမြင်လိုက်ရသူလို မျက်လုံးပြူးကျယ်နေသည်။ ထို့နောက် ဝူချန်းယွဲ့ချီလာသည့် လင်းလင်းကို မြင်သည့်အခါ တအံ့တသြဖြင့်   “ဟင်? လင်းလင်းလေးကို ပြန်တွေ့ပြီလား?”

ဝူချန်းယွဲ့နှင့် မုန့်ယွဲ့သည် အတွေးတူစွာဖြင့် အချင်းချင်းကြည့်မိကြသည်။   ‘ဇွန်ဘီမက ကားမောင်းထွက်သွားတာမလား?’

သာမန်ဇွန်ဘီများသည် ဒီလိုမလုပ်နိုင်လောက်ပေ။ သို့သော်လည်း နှစ်ယောက်လုံးမှာ လင်းချင်းက ဘယ်လောက်ထူးခြားသလဲကို တွေ့လိုက်ရသဖြင့် အတိတ်မှတ်ညဏ်သာရှိတဲ့ ဇွန်ဘီသာဆိုလျှင် ဒီလိုကားမောင်းတာလို ထူးဆန်းတာကို လုပ်နိုင်မည်ဟု ထင်သွားကြသည်။  
Previous Chapter 79 of 198 Next