၁၂၁။ မသင့်တော်ခြင်း
လင်းချင်းသည် အပြင်အခြေအနေကို ကြည့်ပြီးသည့်အခါ ထွက်သွားရန်ပြင်သည်။ လုံချင်းယင်သည် ကန်ဘေးမှနေ လမ်းလျှောက်နေရင်း သံသယဖြစ်လာသည်။
လင်းချင်းသည် သူမကြည့်နေသည့်နေရာကို လိုက်ကြည့်သည့်အခါ လေစွမ်းအားဇွန်ဘီ၏ အလောင်းကို တွေ့လိုက်သည်။
“ဒါက. . .ဇွန်ဘီလား?”
လုံချင်းယင်သည် ဇွန်ဘီအလောင်းနားတွင်ရပ်နေရင်း မေးသည်။
“ဟင်? ဒါကအဆင့်လေး လေစွမ်းအားဇွန်ဘီလား?” တူယွမ်ရှင်းသည် ထိုဇွန်ဘီအလောင်းနားကို လာကြည့်သည့်အခါ အံ့သြတကြီးပြောသည်။
“ဒါဆိုရင် မင်းသတ်လိုက်တာပေါ့” သူသည် ဇွန်ဘီအလောင်းကိုကြည့်ကာ နောင်တရနေသည့်ပုံဖြင့် ပြောသည်။ ထို့နောက် ခေါင်းမော့ကြည့်သည့်အခါ ထူးဆန်းသည်များကို တွေ့သည်။
“ဟင်. . .ဒါတွေကဘာလဲ? စတော်ဘယ်ရီ? ဟင်းသီးဟင်းရွက်တွေ? သန္ဓေပြောင်းဖရုံသီးတွေနဲ့ အာလူးတွေမလား? ဒါနဲ့. . .မင်းနာမည်က ဘယ်သူလဲ? မဟုတ်ဘူး. . .နာမည်ရောရှိလား? ဒါတွေကိုမင်းနယ်မြေထဲကို ဘယ်လိုထည့်လာတာလဲ? ဇွန်ဘီရော ဟုတ်ရဲ့လား?” သူသည် မြက်ခင်းကြားထဲမှ စိုက်ခင်းကြီးကိုကြည့်ကာ စကားကို သေချာမပြောတက်တော့ပေ။
သူပြောသည်ကို ကြားသည့်အခါ လုံချင်းယင်သည်လည်း စိုက်ခင်းကို ကြည့်လိုက်သည်။ သူမသည် စတော်ဘယ်ရီပင်များ၊ အသီးအရွက်များစသည့် သန္ဓေပြောင်းအပင်မျိုးစုံနီးပါးကို တွေ့လိုက်ရသည်။
လင်းချင်းသည် သူတို့ဆီသို့ လျှောက်လာသည်။ သူတို့မျက်နှာက နားမလည်ခြင်းများကို မြင်သည့်အခါ စာရေးပြသည်။ ‘ငါဒီဇွန်ဘီကို သတ်ထားတာ မကြာသေးတော့ လွှတ်မပစ်ရသေးဘူး။ ဒီကအပင်တွေက လူသားတွေ စားရတယ်။ ဒါတွေက ဟိုကလေးစားဖို့’
လုံချင်းယင်သည် စာကိုဖတ်ပြီးသည့်အခါ အံ့သြသွားသည်။ စာရွက်ကို တူယွမ်ရှင်းအားပေးရင်း လင်းချင်းကို မျက်လုံးပြူးကာ ကြည့်ပြီး မယုံနိုင်စွာ ဒေါသထွက်လာရင်း အော်ပြောလေသည်။ “ဒါတွေကို ကျွေးတယ်? နင်သတ်နေတာလား? ဒါတွေက သန္ဓေပြောင်းအပင်တွေ။ သူ့ကိုဇွန်ဘီပြောင်းနေတာလား”
လင်းချင်းသည် ခေါင်းခါကာ ရေးပြသည်။ ‘ဒါကအမှန်မဟုတ်ဘူး။ ဒါတွေအကုန်လုံးက ပိုးကင်းတယ်။ ကလေးက ဒါတွေစားနေတာ အတော်ကြာပြီ။ အခုကျန်းမာရေးကောင်းတယ်မထင်ဘူးလား?” လုံချင်းယင်အား စာရွက်ပေးရင်း ကျွင်းကျွင်းတို့ကို လက်ညိုးထိုးပြသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လုံချင်းယင်နှင့် တူယွမ်ရှင်းတို့သည် လင်းချင်းအား စိုက်ကြည့်ပြီးနောက် ကလေးကို ကြည့်လိုက်သည်။ ဝေးနေသောကြောင့် သူတို့သေချာမမြင်ရပေ။ တူယွမ်ရှင်းသည် ဇွန်ဘီမဟုတ်သည်ကိုတော့ သေချာမြင်ရသော်လည်း မျက်နှာအရောင်ကိုတော့ သေချာမမြင်ရပေ။
လင်းချင်းသည် ကျွင်းကျွင်းအား လက်ခုပ်တီးပြလိုက်ပြီးနောက် ကလေးအား ခေါ်လာဖို့ လက်ညိုးကွေးပြလိုက်သည်။ ကျွင်းကျွင်းသည် သူမပြောချင်သည်ကို သိသဖြင့် ကလေးကိုချီထားဆဲကနေ အနားသို့လာလေသည်။
ကျွင်းကျွင်းသည် သူမသား၏အနံ့ကို သည်းခံနိုင်သော်လည်း လူစိမ်းနှစ်ယောက်၏ အနံ့ရသည့်အခါ သူမသွားရေကျချင်သလို ဖြစ်လာသည်။ သို့သော်လည်း သူမ၏စိတ်သည် မာလာပြီးရှင်းနေသည်ဖြစ်ရာ လူသားစားချင်စိတ်ကို ထိန်းနိုင်သေးသည်။
ကလေးနှင့်လျှောက်လာသည့်အခါ ကလေးမှာ ဇွန်ဘီမ၏ ပုခုံးပေါ်ကို မျက်နှာကိုအပ်ထားသဖြင့် ဒီဇွန်ဘီမကို အရမ်းယုံကြည်အားထားပုံပေါ်နေသည်။ လုံချင်းယင်သည် သတိအပြည့်ဖြင့် ဇွန်ဘီမ၏အနောက်ကိုသွားကာ ကလေးမျက်နှာကို ကြည့်လိုက်သည်။ ကလေးမျက်နှာသည် အနည်းငယ်ဖြူဖျော့နေကာ ပိန်လွန်းသော်လည်း မျက်လုံးများကတော့ ကြည်လင်ကာ တောက်ပနေပြီး သူမကို စိတ်ဝင်တစားဖြင့် ကြည့်လာသည်။
လင်းချင်းက ဆံပင်တိုညှပ်လိုက်ကာ နေကာမျက်မှန်ကြီး တပ်လိုက်သဖြင့် ကလေးသည် သူမအား တစ်ချက်မျက်လုံးဖွင့်ကြည့်သည်။ ထိုအခါ လင်းချင်းကို အရင်ကလောက် သိပ်ကြောက်ပုံမရတော့ပေ။
လုံချင်းယင်သည် ကလေးက တကယ်ကောင်းမွန်ကာ ပိုးကူးစက်ခြင်းမရှိပုံပြနေသဖြင့် အံ့သြကာ စိတ်ဝင်တစာဖြင့် လင်းချင်းအား “ဒါတွေကို. . .တကယ်ကျွေးတာလား?”
လင်းချင်းသည် စိတ်ရှည်စွာဖြင့် ခေါင်းငြိမ့်ပြသည်။ သူမသည် အပြင်ကိုသွားချင်သော်လည်း သူတို့သည် တွေ့သမျှကို သူမအားမေးနေသဖြင့် စိတ်သိပ်မရှည်ချင်တော့ကာ ရေးပြလိုက်သည်။ ‘ငါအခုအပြင်ထွက်မလို့။ အရင်တစ်ချက်ထွက်ကြည့်မှာမလို့ နင်တို့တွေ ဒီမှာနေခဲ့’
လင်းချင်းသည် လုံချင်းယင်ကို စာပြလိုက်ပြီးနောက် ကျွင်းကျွင်းအား ပုခုံးကိုပုတ်ကာ နယ်မြေလေးထဲသို့ ပြန်သွားဖို့ လက်ပြလိုက်သည်။ ကျွင်းကျွင်းသည် ချက်ချင်းပဲ ကလေးနှင့်အတူ ဒီလူသားနှစ်ယောက်ဆီကနေ နယ်မြေလေးထဲသို့ ပြေးလုနီးပါး လှည့်ထွက်သွားသည်။ ထို့နောက် လင်းချင်းသည်လည်း လေထဲတွင် ပျောက်ကွယ်သွားလေရာ လူသားနှစ်ယောက်သည် အံ့သြကျန်ခဲ့ရသည်။
သူမသည် နယ်မြေထဲကနေ ကိုယ်ဖျောက်ထွက်လာခြင်း ဖြစ်လေရာ ထွက်လိုက်သည်နှင့် ဟောင်ဝူဘေးတွင် ယန်ချောင်းနှင့် သူ့လူများက ရပ်နေသည်ကို မြင်လိုက်ရသည်။
“သေချာရှာကြ!” ဟောင်ဝူသည် လက်ကိုမြှောက်ကာ သူ့စစ်သားများကို တစ်စုံတစ်ရာရှာဖို့ အမိန့်ပေးနေသည်။
“ဟုတ်ကဲ့!”
ယန်ချောင်းသည် ဟောင်ဝူဘေးမှနေ စစ်သားများ ရှာသည်ကို ကြည့်နေသည်။ ဟောင်ဝူ၏ မီးနဂါးနှစ်ကောင်သည် ကောင်းကင်တွင် ပျံသန်းနေရာမှ အနားသို့ကပ်လာသည့် ဇွန်ဘီတိုင်းကို ပြာကျအောင် မီးများဖြင့် ဆင်းကာရစ်ပတ်နေသည်။
“ဘယ်လိုလုပ် ပျောက်သွားတာလဲ? နေရာလွတ်စွမ်းအားရှင်ရှိနေလို့လား?” ယန်ချောင်းသည် ဟောင်ဝူအား မေးသည်။
“ဒီလိုပဲထင်တယ်။ ဒါပင်မယ့် နေရာလွတ်စွမ်းအားရှင်က ငါ့ရှေ့မှာ မျက်နှာတောင်မပြဘဲ သူတို့ကို ကယ်နိုင်ပါ့မလား? ငါဘာမှမမြင်လိုက်ဘူး ဘုရားပဲ ဘာဖြစ်လဲဆိုတာ သိလိမ့်မယ်’ ဟောင်ဝူသည် မျက်နှာကြီး မည်းသည်းနေကာ ဒေါသတကြီးဖြေသည်။ ‘နေရာလွတ်ကောင်က မျက်ခွက်ကိုမပြဘဲ ငါ့ရှေ့ကနေ သူတို့ကို ကယ်သွားတယ်လား? ဒါပင်မယ့်လည်း ကိုယ်ပျောက်နေတဲ့ နေရာလွတ်စွမ်းအားရှင်ရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး’
“ဒီနေရာကနေ နယ်မြေထဲကို ဝင်သွားတယ်ဆိုတော့ နေရာလွတ်စွမ်းအားရှင်က ဒီနေရာမှာပဲ ထပ်ပေါ်လာလိမ့်မယ်။ ဒီမှာစောင့်နေရင် ဖမ်းမိမှာပါ” ယန်ချောင်းက ပြုံးကာပြောသော်လည်း သူ့အနားသို့ ကိုယ်ပျောက်နေသည့် သဏ္ဍာန်တစ်ခုက ကပ်လာသည်ကို မသိလိုက်ပေ။
လင်းချင်သည် နယ်မြေထဲမှ ထွက်လာသည်နှင့် ဒီနေရာကနေ ထွက်သွားဖို့ စီစဉ်ထားတာ ဖြစ်သော်လည်း ယန်ချောင်းကို မြင်သည့်အခါ သူမအတွေးတစ်မျိုးပေါ်လာ၍ လုပ်ဆောင်တာ ဖြစ်သည်။
ယန်ချောင်းသည် သူ့နားသို့ လက်တစ်ဖက်က ကပ်လာသည်ကို မသိပေ။ လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကို ဟောင်ဝူက သတ်လိုက်လား မသတ်ရဘူးလား သိချင်နေတာဖြစ်သည်။ သူတို့ပျောက်သွားသည်ကို သိသော်လည်း သေသွားတာလား ဒဏ်ရာရရုံပဲလားတော့ မသိရပေ။ ဒေါသထွက်နေသည့် ဟောင်ဝူကို မေးဖို့ကလည်း သူ့ပါထိခိုက်နိုင်သဖြင့် မမေးရဲပေ။
ထိုအချိန်တွင် ကိုယ်ပျောက်နေသည့် လက်တစ်ဖက်က သူ့လက်မောင်းဆီ ရောက်လာသည်။ ထို့နောက် လက်သည်ပေါ်လာသည် သူ့လက်မောင်းအား ကိုင်လိုက်သည်။ ထိုနောက် ယန်ချောင်းသည် ဟောင်ဝူဘေးမှနေ ချက်ချင်းပျောက်သွားသည်။
“ဟင်?” ဟောင်ဝူသည် ယန်ချောင်းလှုပ်လိုက်သလို မြင်လိုက်သဖြင့် လှည့်ကြည့်လေရာ သူ့၏အစအနကိုပါ မမြင်ရအောင် ပျောက်သွားသည်သာ သိလိုက်ရသည်။