လင်းချင်းသည် မြူခိုးနက်များကို ပြန်သိမ်းလိုက်သည့်အခါ ဒီနေရာသည် လုံးဝကိုရှင်းလင်းသွားသည်။ မြူခိုးနက်များကြောင့် ယာဉ်များ၊ ကျောက်တုံးများနှင့် အပင်များမရှိတော့ဘြ မြေပြင်တစ်လွှာတောင်မှ အစားခံလိုက်ခံရကာ ဘာမှမကျန်ခဲ့ပေ။
လင်းချင်းသည် ကြောင်အနေသည့် လူသုံးယောက်ကို တစ်ချက်ကြည့်ပြီးနောက် ဘေးကိုကြည့်လိုက်ကာ ထောင့်တွင်ပုန်းနေသည့် ရှဲ့တုန်းအား လုံခြုံပြီဖြစ်၍ ထွက်လာဖို့ လက်ဟန်ပြလိုက်သည်။ ထိုအခါ ရှဲ့တုန်းသည် လင်းချင်းဆီသို့ လျှောက်လာသည်။
“ဟင် Cအပိုင်းက ရှဲ့တုန်းမလား? သူပျောက်နေတာ အတော်ကြာပြီလို့ ငါထင်နေတာ” လူသုံးယောက်ထဲက ရှဲ့တုန်းကို မှတ်မိသည့်တစ်ယောက်က ပြောသည်။
ရှဲ့တုန်းသည် လင်းချင်းဆီသို့ လျှောက်လာရင်း ဒီလိုပြောသံကို ကြားသည့်အခါ နားများလှုပ်သွား၍ ထိုလူကို ကြည့်လိုက်ရာ မှတ်မိသွားသည်။ သူတို့သည် တာဝန်အတူထမ်းဆောင်ဖူးသော်လည်း စခန်းတွင်နေရာမတူသဖြင့် အချင်းချင်းအဆက်အသွယ် မလုပ်ဖြစ်ခဲ့ပေ။ ထိုလူသည် ဟွမ်ရှို့ဖြစ်ကာ အသက်နှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်ပြီး အဆင့်သုံးမြေစွမ်းအားရှင်ဖြစ်သည်။ အခုတော့ သူ့စွမ်းအားများက ကုန်နေလောက်ပြီ။ ရှဲ့တုန်းသည် ပင်လယ်မြို့တော်စခန်း၏ Cအပိုင်းတွင်နေသူဖြစ်၍ ဟွမ်ရှို့ကတော့ Aအပိုင်းတွင် နေထိုင်သည်။
လင်းချင်းနှင့် ရှဲ့တုန်းတို့သည် ဒီလူသုံးယောက်ဆီသို့ လျှောက်လာပြီးနောက် သူတို့ကို ခေါင်းအစခြေအဆုံးကြည့်လိုက်သည်။ ထိုသုံးယောက်သည် သူမအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီးနောက် လင်းချင်းသည် အမျိုးသမီးဖြစ်ကြောင်းကို သိသွားသည်။ သူမသည် ဦးထုပ်နှင့် နေကာမျက်မှန်ကို တပ်ထားသည်။ သူမ၏ခါးသည် သွယ်လျနေကာ လက်မောင်းများသည် နှင်းလိုဖြူဖွေး၍သွယ်နေသည်။ သူမသည် ရင်ဘတ်ကိုကာဖို့ ကုတ်အကျီကို ပုခုံးတွင်ချီကာ ချထားသော်လည်း ရင်သားများရှိနေခြင်းကိုတော့ မဖုံးနိုင်ပေ။ သူမသည် ခပ်ပွပွ ပြောက်ကျားဘောင်းဘီကို ဝတ်ထားကာ ဘွတ်ဖိနပ်ကို စီးထားသည်။ သူမသည် ပြောက်ကျားဝမ်းဆက်ဖြင့် ဖြစ်သော်လည်း ဘာလက်နက်မှ ကိုင်ဆောင်ထားခြင်း မရှိပေ။
ထိုသုံးယောက်က လင်းချင်းသည် မည်သည့်သာမန်လက်နက်ကိုမှ ကိုင်ဆောင်ထားခြင်း မရှိသော်လည်း ဇွန်ဘီခေါင်းဆောင်သုံးကောင်ကို နှိမ်နှင်းနိုင်သဖြင့် အရမ်းသန်မာလွန်းသည်ဖြစ်မည်ဟု ခန့်မှန်းလိုက်ကြသည်။ ဟွမ်ရှို့သည် လင်းချင်းဆီမှနေ ရှဲ့တုန်ကို အကြည့်လွှဲကာ စိတ်လှုပ်ရှားစွာဖြင့် “ရှဲ့တုန်း မင်းပဲ! အံ့သြစရာပဲကွာ! မင်းက ဒီဇွန်ဘီမြို့တော်မှာ ဘာလုပ်နေတာလဲ? ဒီပုဂ္ဂိုလ်ကရော ဘယ်သူလဲ?” သူသည် လင်းချင်းကို ညွှန်ပြကာ မေးသည်။ သူတို့နှစ်ယောက်က သူတို့အားကယ်ဖို့ လာတာမဟုတ်ကြောင်းကို သိကြသည်။ သူတို့က ကြုံ၍ကူညီပေးနေခြင်း ဖြစ်သည်။
ရှဲ့တုန်းသည် ဟွမ်ရှို့ကို ခေါင်းဆက်ပြပြီးနောက် သူ့လည်ချောင်းကို လက်ညိုးထိုးပြကာ လက်ကာပြသည်။ ဟွမ်ရှို့က သူ့အားကြည့်ကာ နားမလည်စွာဖြင့် “မင်းလည်ချောင်းက ဘာဖြစ်လို့လဲ? စကားပြောမရဘူးလား?”
ရှဲ့တုန်းသည် ခေါင်းခါပြသည်။ လင်းချင်းကတော့ မြေပြင်ပေါ်က ဇွန်ဘီခေါင်းကို လှည့်ကြည့်၍ ထိုနေရာသို့သွားသည်။ ထို့နောက် သူမသည် ထိုင်ချလိုက်ကာ မြူခိုးနက်များဖြင့် ရစ်ပတ်လိုက်သည်။ ဇွန်ဘီခေါင်းကို ရစ်ပတ်ထားသည့် မြူခိုးနက်များသည် တောက်ပသည့် ဇွန်ဘီအမြူတေကိုပဲ ချန်ခဲ့၍ အကုန်လုံးကို ဖြည်းဖြည်းချင်း ဝါးမြိုပစ်လိုက်သည်။
ရှဲ့တုန်းကို နှုတ်ဆက်ပြီးသည့်နောက် ဟွမ်ရှို့သည် သူမရှိရာကို လာဖို့လုပ်ရင်း မေးသည်။ “ဒါကဘယ်သူလဲ? မြူခိုးနက်တွေက အားကောင်းပုံရတယ်။ ဇွန်ဘီခေါင်းဆောင်နှစ်ကောင်တောင် ကြောက်ပြီးပြေးသွားတယ်။ ငါ့အထင်တော့ အဆင့်၆ထက် နိမ့်ပုံမရဘူး။ ဟုတ်တယ်မလား? ငါတို့စခန်းမှာတော့ မမြင်ဖူးသလိုပဲ။ ဘယ်ကလဲ?”
ရှဲ့တုန်းသည် အိတ်ဆောင်စာအုပ်ကိုထုတ်ကာ ဘောပင်ဖြင့် ရေးပြလိုက်သည်။ ‘မင်းဟာမင်းမေးကြည့်’
သူတို့သုံးယောက်သည် လင်းချင်းက ဇွန်ဘီမှန်းမသိသဖြင့် ရှဲ့တုန်းက ပြောမပြပေ။ သို့သော်လည်း သူမကို ဘယ်လိုမိတ်ဆက်ပေးရမည်နည်း? ဘယ်လိုဖြေရမလဲ မသိသောကြောင့် ဟွမ်ရှို့ကို ကိုယ်တိုင်မေးခိုင်းလိုက်တာ ဖြစ်သည်။
“ငါ့ဟာငါမေးရမှာလား? လျို့ဝှက်လိုက်တာ အာ ဒါနဲ့ ငါတို့ကပ္ပတိန်နဲ့ တခြားသူတွေကို ဘယ်ကိုခေါ်သွားတာလဲ?” ရှဲ့တုန်း၏ စာကိုဖတ်ပြီးနောက် ဟွမ်ရှို့သည် ခနတွေးကာ သူ့အသင်းဖော်များ ပျောက်နေကြောင်းကို သတိရသွားသည်။
ထိုအချိန်တွင် လင်းချင်းသည် ဇွန်ဘီအမြူတေကို ယူလိုက်ပြီးနောက် သူမရှိနေသည့် နေရာမှ ပျောက်သွားသည်။ လင်းချင်းကို ဘယ်လိုနှုတ်ဆက်ရမလဲ တွေးနေသည့် ဟွမ်ရှို့သည် သူမပျောက်သွားသည့်အခါ တစ်ခုကိုတွေးမိသွားကာ ရှဲ့တုန်းအား အမြန်မေးသည်။ “ပျောက်သွားပြီ ငါတို့သူငယ်ချင်းတွေကို သူကယ်ပေးနေတုန်းက ငါတို့သူ့ကို မမြင်လိုက်ရဘူး။ ဘယ်လိုဖြစ်တာလဲ? နေရာလွတ်အစွမ်းရှိတာလား?”
ရှဲ့တုန်းသည် ဆိတ်ဆိတ်နေရင်း ခေါင်းငြိမ့်ပြသည်။
ထိုအချိန်တွင် လင်းချင်းပျောက်သွားသည့်နေရာမှ အရိပ်သုံးခုပေါ်လာကာ တစ်ခုက ချက်ချင်းပြန်ပျောက်သွားသည်။ လူနှစ်ယောက်ပေါ်လာသည့်အခါ ဟွမ်ရှို့သည် ပျော်ရွှင်စွာ အော်ခေါ်သည်။ “ကပ္ပတိန်နဲ့ ဒုကပ္ပတိန်”
ထို့နောက် သူတို့သုံးယောက်သည် လင်းချင်းခေါ်ထုတ်လာသည့် လုထန်ရိနှင့် ကောင်းချင်းမင်းတို့ ဆီသို့ ပြေးသွားကြသည်။
“ဟာ ဘုရားမတာပဲ မင်းတို့အဆင်ပြေနေတယ်” ဟွမ်ရှို့နှင့် နောက်နှစ်ယောက်လည်း အသက်ရှင်နေသေးသည့်အခါ လုထန်ရိသည် အရမ်းပျော်ရွှင်သွားသည်။
ဟွမ်ရှို့သည် ခေါင်းငြိမ့်ပြကာ အသက်ဝဝရှုပြီးနောက် ပြောသည်။ “ကျွန်တော်တို့ ဒီနေရာမှာ သေတော့မယ်လို့ ထင်နေခဲ့တာဗျာ” သူ့အသံသည် ကပ်ဘေးသင့်ရာမှ ရှင်သန်လာသူတစ်ယောက်လိုပင်။
လုထန်ရိသည်လည်း သက်ပြင်းချကာ ပြောသည်။ “အကုန်လုံးအဆင်ပြေနေသ၍ ရပါတယ်”
ထိုအချိန်တွင် လင်းချင်းက နယ်မြေထဲကနေ နောက်နှစ်ယောက်ကို ခေါ်ထုတ်လာသည်။ လုထန်ရိသည် လှည့်ကြည့်သည့်အခါ နှစ်ယောက်ကို ခေါ်လာသည့် စိမ်းပုပ်ရောင်သဏ္ဍာန်သည် ပြန်ပျောက်သွားသဖြင့် မျက်နှာကို မမြင်လိုက်ရပေ။ အသင်းဖော်များ ထုတ်ပေးနေသဖြင့် သူတို့အကုန်လုံးသည် စကားများမနေတော့ပဲ ကျန်သည့်သူများကို စောင့်နေကြသည်။
လင်းချင်းသည် နယ်မြေထဲကနေ အကြိမ်ပေါင်းများစွာ ဝင်လိုက်ထွက်လိုက် လုပ်ပြီးနောက် လူတိုင်းကို ထုတ်ပေးပြီးသွားပြီ။ သူမသည် လုထန်ရိနှင့် နှစ်မီတာအကွာတွင် နောက်ဆုံးပေါ်လာသည်။ ထိုအချိန်မှသာ လုထန်ရိသည် လင်းချင်းကို သေချာမြင်လိုက်ရသည်။ ထို့နောက် မျက်မှောင်ကျုံ့သွားကာ သူမ၏မျက်နှာကို သေချာကြည့်နေသည်။
ရှဲ့တုန်းသည် လင်းချင်း၏အနောက်တွင် ရပ်နေသဖြင့် လုထန်ရိ၏ မျက်နှာထားကို မြင်သည့်အခါ လုထန်ယု၏ မျက်နှာဖြစ်နေကြောင်ကို မှတ်မိသွားပုံရကြောင်း သိလိုက်သည်။ သို့သော်လည်း မသေချာသည်လား မယုံနိုင်ဖြစ်နေသလားတော့ သူလည်းမသိပေ။
“အိုး ငါတို့ထွက်လာပြီပဲ! ဇွန်ဘီခေါင်းဆောင်သုံးကောင်ကရော?”
“ဟင်? ဒါအရင်နေရာပဲ။ မြေကြီးတွေက ဘာဖြစ်သွားတာလဲ?”
“ဆရာ”
နယ်မြေထဲကနေ လင်းချင်းခေါ်ထုတ်လာသူများသည် ဘာဖြစ်သလဲကို သိသွားကြသည်။ သူတို့လုံခြုံကြောင်း သေချာသွားမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်သည်။ ထို့နောက်မှ လင်းချင်းနှင့် ရှဲ့တုန်းကို တွေ့ကြသည်။
ဟွမ်ရှို့သည် ကောင်းချင်းမင်း၏ နားအနားသို့ကပ်ကာ အသံတိုးတိုးဖြင့် “ဒုကပ္ပတိန် အဲ့ဒီအမျိုးသမီးက ကျွန်တော်တို့ကို ကယ်တဲ့သူ။ သူ့နေမြေထဲကို ခုနက ရောက်နေကြတာလား?”
ကောင်းချင်းမင်းသည် ခေါင်းငြိမ့်ပြကာ လုထန်ရိကို တစ်ချက်ကြည့်၍ ဆိတ်ဆိတ်နေလေသည်။ အခြားသူများက လုထန်ရိမှာ လင်းချင်းကို မျက်မှောင်ကြီးကျုံ့၍ ကြည့်နေသည်ကို သတိထားမိသည့်အခါ မသင့်တော်သလို ခံစားရသည်။ သူတို့အား ဇွန်ဘီများထံမှ ကယ်တင်ပေးသူကို ဒီလိုမျိုးကြီးတော့ ကြည့်မနေသင့်ပေ။
လုထန်ရိသည် ကျက်သရေရှိစွာ ပြုံးလာကာ လင်းချင်းအား “ကျွန်တော်တို့ကို ကယ်လိုက်တာပဲ။ ဒီအဖွဲ့ကလူတိုင်းက အသက်ကြွေးတင်နေပါပြီ အကူအညီလိုချိန်တိုင်း ပြောနိုင်ပါတယ်။ ကျွန်တော်က ပင်လယ်မြို့တော်စခန်း စိုက်ပျိုးရေးဌာနက အဆင့်သုံးကပ္ပတိန် လုထန်ရိလို့ ခေါ်ပါတယ်။ နာမည်သိခွင့်ရှိမလားခင်ဗျ?”
“ဟုတ်တယ်! အကုန်လုံးက အသက်ကြွေးတင်နေပြီ! အကူအညီလိုရင် သေချာပေါက် ပြန်ပေးဆပ်မှာပါ” လုထန်ရိ၏စကားများကို ကြားသည့်အခါ လူတိုင်းက ချက်ချင်းသဘောတူသွားကြသည်။