၇၈။ အဖေနဲ့သမီး ပြန်တွေ့ဆုံကြပြီ
ဝူချန်းယွဲ့သည် အခုအချိန်မှာ သူ့ခံစားချက်များကို အခုအချိန်တွင် မဖော်ပြတက်တော့ပေ။ ဇွန်ဘီက ညဏ်ကောင်းလွန်းသောကြောင့် စိတ်ညစ်နေရသည်။ ဇွန်ဘီမ၏ မျက်လုံးလှန်လိုက်ခြင်းကို မမြင်လိုက်ရသော်လည်း သူမ၏မျက်နှာထက်က စိတ်ပျက်နေသည့်ပုံကတော့ သိသာလွန်းလှသည်။
မကြာခင်တွင် သူမေးလိုက်သည့်မေးခွန်းက အနည်းငယ်ရူးကြောင်ကြောင်နိုင်သဖြင့် မုန့်ယွဲ့နှင့် ဇွန်ဘီမနှစ်ယောက်လုံး မျက်လုံးလှန်လိုက်တာကို သူသိသွားလေသည်။ ဒီဇွန်ဘီက စာတောင်ရေးတက်မှတော့ သူပြောသည်ကို နားမလည်နိုင်စရာမရှိတော့ပေ။ နားကန်းနေသည့် ဇွန်ဘီမှ မဟုတ်တာ။ ဝူချန်းယွဲ့သည် ဒီဇွန်ဘီမက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်နေသလဲ ဆိုသည်ကို မသိပေ။ သူမ၏ကြောက်ဖို့ကောင်းသည့်ရုပ်နှင့် စကားမပြောနိုင်သည်ကလွဲလျှင် သူမသည် လူသားလိုပင်။
“ငါတို့ကို လင်းလင်းနဲ့ တွေ့ခွင့်ပေးနိုင်မလား?” မုန့်ယွဲ့သည် လင်းချင်းအား ကြည့်ကာ ရုတ်တရက်မေးလိုက်သည်။ သူမ၏လေသံသည် ယဉ်ကျေးနေသည်။ သူမဒီလိုမေးရခြင်းမှာ ဝူချန်းယွဲ့သည် ဒီဇွန်ဘီမကို အရမ်းအံ့သြနေကာ ဒီကိုလာရသည့်အကြောင်းကိုတောင် မေ့နေပုံရသောကြောင့် ဖြစ်သည်။
မုန့်ယွဲ့အသံကိုကြားမှ ဝူချန်းယွဲ့သည် အသိပြန်ဝင်သွားသည်။ အခုတော့ ဇွန်ဘီမကြောင့် အံ့သြရလွန်း၍ ဆိုးဆိုးဝါးဝါးကို ရုပ်ပျက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ မုန့်ယွဲ့က ဝူယွဲ့လင်းအကြောင်းကို ထုတ်ပြောမှ လင်းချင်းကို သူအမြန်ကြည့်လိုက်သည်။
လင်းချင်းသည် ခေါင်းငြိမ့်ပြသည်။ သို့သော်လည်း မုန့်ယွဲ့ကို တစ်ချက်ကြည့်ပြီးနောက် ဝူချန်းယွဲ့ကိုသာ စိုက်ကြည့်နေကာ ဘာမှမလှုပ်ရှားပေ။
ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့နှစ်ယောက်လုံး သူမပြောချင်သည်ကို နားလည်ကြသည်။ ‘ဒီလူက မတောင်းပန်သေးဘူး။ အဲ့ဒီတော့ ကလေးမလေးနဲ့ နင်တို့တွေ့မရသေးဘူး။ တွေ့ချင်ရင် အရင်တောင်းပန်’
လင်းချင်းသည် ဝူချန်းယွဲ့ကို စိတ်တိုစွာ ကြည့်လိုက်သည်။ သူမသည် ကြင်နာစွာဖြင့် ကလေးမလေးအား အဖေဆီသို့ ပြန်ပေးတာတောင်မှ အဖေဖြစ်သူက သူမကို ကြင်နာတက်သည့်ဇွန်ဘီလို့ မမြင်ပေ။ ထို့အပြင် မိုးကြိုးနဲ့တောင် အကြောင်းမရှိဘဲ ပစ်ချသေးသည်။ ဘယ်သူမဆို ဒီလိုအခြေအနေမျိုးဖြင့် ကြုံရလျှင် စိတ်ဆိုးမှာ အမှန်ပင်။
ဝူချန်းယွဲ့သည်လည်း ဘာမှမတွေးဘဲ အရင်တစ်ခေါက်က တိုက်လိုက်ခြင်းသည် ဇွန်ဘီကို မသေစေသော်လည်း အထိနာသွားစေသည်။ အခုဇွန်ဘီက ဒီလောက်စိတ်တိုနေပုံရသည်မှာ မထူးဆန်းပေ။ ဒီလိုတိုက်မိခြင်းကို ပြန်တွေးမိသည့်အခါ သူလည်းစိတ်ထဲမကောင်းပေ။
အတွေးမျိုးစုံပေါ်လာပြီးနောက် ဝူချန်းယွဲ့သည် သူတကယ်တောင်းပန်သင့်ကြောင်း သိသွားသည်။ စတွေ့တည်းက ဒီဇွန်ဘီမသည် ဇွန်ဘီဖြစ်နေတာတောင် ဘာမှမလုပ်ပေ။ သို့သော်လည်း ဇွန်ဘီကို တောင်းပန်ဖို့ကတော့ အနည်းငယ် အူကြောင်ကြောင်နိုင်နေသည်။
ဝူချန်းယွဲ့နှင့် သူ့လူများသည် ဇွန်ဘီတိုင်းကို သုတ်သင်သင့်သည်ဟု ယုံကြည်တာဖြစ်သည်။ သူတို့၏မျက်လုံးထဲတွင် ဇွန်ဘီများသည် လူသားနှင့်လုံးဝမတူကာ သားရဲကောင်များ ဖြစ်ကြသည်။ ထို့ကြောင့် တိရိစ္ဆာန်တစ်ကောင်ကို ထိခိုက်မိသွားသဖြင့် ထိုတိရိစ္ဆာန်က ပြန်တောင်းပန်ခိုင်းနေသလိုမျိုး အခုကိစ္စက ဖြစ်နေသည်။ ထူးဆန်းနေတာမလား? သို့သော်လည်း ပြဿနာမှာ သူကအမှားလုပ်သူဖြစ်သည်။ မတောင်းပန်ပဲသာနေပါက ဒီဇွန်ဘီမသည် သူ့သမီးနှင့် ပေးတွေ့မှာ မဟုတ်ပေ။ ထို့ကြောင့် မတောင်းပန်လို့တော့ မရပါ။
မုန့်ယွဲ့သည် ဝူချန်းယွဲ့အား ကြည့်လိုက်ကာ စိတ်ရှုပ်နေသည်ကို မြင်သော် မရယ်ဘဲ မနေနိုင်ပေ။
“တောင်းပန်လိုက်ပါ။ အကိုတိုက်ခဲ့တာက အမှန်ပဲမလား? ကြည့်ရတာ အဲ့ဒီနေ့က လင်းလင်းကို သူပြန်ပေးဖို့ ဖြစ်လောက်မယ်။ တိုက်ပြီးထွက်ပြေးသွားအောင် အကိုလုပ်လိုက်တာပဲမလား”
စကားပြောပြီးနောက် မုန့်ယွဲ့သည် လင်းချင်းကို တစ်ချက်ကြည့်လိုက်ရာ ဇွန်ဘီမက ခေါင်းငြိမ့်ပြနေသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။ ‘မဖြစ်နိုင်တာ! ငါပြောလိုက်တာကလေ! အဲ့ဒီနေ့က လင်းလင်းကို သူတကယ်ပြန်ပေးဖို့ လုပ်တာလား?’
ထိုအချိန်တွင် ဝူချန်းယွဲ့သည်လည်း အပြစ်ရှိသလို ခံစားလိုက်ရကာ ချောင်းဟန့်ပြီးနောက် လင်းချင်းကို ကြည့်ကာ “အဟမ်း တောင်းပန်ပါတယ်။ အဲ့ဒီနေ့က ငါအမှားလုပ်မိတယ်။ အဲ့ဒါကြောင့် တကယ်တောင်းပန်ပါတယ်’
သူသည် လင်းချင်းကို စိတ်ရင်းဖြင့် တောင်းပန်လိုက်တာဖြစ်သည်။ ဒီဇွန်ဘီမက ဒီလိုပြောရုံလောက်ဖြင့် ခွင့်မလွှတ်လောက်ဘူးဟု သူထင်ထားသည်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းမတွေက အမြင်ကျဉ်းကြသောကြောင့် ဖြစ်သည်။ သို့သော်လည်း အံ့သြဖို့ကောင်းစွာပင် သူ့စကားဆုံးသည်နှင့် ဇွန်ဘီမက ခေါင်းငြိမ့်ပြသည်။
‘ဒီလိုရတယ်လား?’
သူသည် မုန့်ယွဲ့အား သေချာအောင်ပြန်ကြည့်လိုက်သည့်အခါ သူမက သူ့အားခေါင်းငြိမ့်ကာ ပြုံးပြသည်။ ထို့နောက် ဝူချန်းယွဲ့သည် လင်းချင်းကို ကြည့်လိုက်သည့်အခါ သူ့ကိုတစ်ချက်ကြည့်ပြီးနောက် ပျောက်သွားသည်ကို တွေ့လိုက်ရသည်။ မပျောက်ခင်တွင် ‘ဒီလိုပဲဟုတ်တယ်’ ဟူသည့် မျက်လုံးများဖြင့် သူ့ကိုကြည့်သွားသေးသည်။
ဘာဖြစ်လို့ ဇွန်ဘီမ၏မျက်လုံးထဲမှ အဓိပ္ပါယ်ကို သူနားလည်နေသလဲ သူကိုယ်တိုင်လည်း မသိပေ။ ဒီဇွန်ဘီမက လူနှင့်အရမ်းတူနေသည်မှာ သူ့အတွက်တော့ လက်မခံနိုင်ဖွယ်ရာပင်။ စက္ကန့်အနည်းငယ်အတွင်းမှာ လင်းချင်းပျောက်သွားသည့်နေရာမှ သဏ္ဍာန်နှစ်ခုပေါ်လာသည်။
“လင်းလင်း” ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့နှစ်ယောက်လုံးသည် လင်းချင်းဘေးက ကလေးမလေးကို မြင်လိုက်သည်နှင့် အော်ခေါ်လိုက်ကြသည်။
ဝူချန်းယွဲ့သည် သူ့သမီးကိုသေချာကြည့်လိုက်သည့်အခါ တက်ကြွနေကာ မျက်နှာလေးလည်းသန့်ရှင်းနေသည်။ သူမသည် ပျောက်သွားချိန်တုန်းက ဝတ်ထားသည်များကို ဆက်ဝတ်ထားသေးသော်လည်း အဝတ်များမှာ သန့်ရှင်းနေသေးသည်။ သူ့သမီးကို ကောင်းကောင်း ဂရုစိုက်ထားသည်ကို မြင်မှသာ သူလည်းစိတ်ပူနေခြင်းကို လွှတ်ချနိုင်တော့သည်။
ဝူချန်းယွဲ့သည် သူ့သမီးမျက်လုံးပွင့်လာသည်နှင့် သူ့ကိုမြင်သော် ရင်းနှီးသည့်အကြည့်များကို ပြန်မြင်လိုက်ရသဖြင့် ရင်ထဲမှာပျော့သွားသည်။ သူသည် ရှေ့သို့နှစ်လှမ်းလောက် တိုးမိလိုက်သော်လည်း လင်းချင်းကို တွေဝေစွာဖြင့် ရပ်ကြည့်လိုက်သည်။
ထိုအချိန်တွင် လင်းချင်းသည် လက်ကိုပိုက်လျှက် အဖေနှင့်သမီး ပြန်တွေ့ဆုံကြခြင်းကို ငြိမ်သက်စွာ ကြည့်နေသည်။ သူမသည် ဘာမှမလှုပ်ရှားသည့်အခါ ဝူချန်းယွဲ့က သူမကိုကြည့်လာသည်။ မမျှော်လင့်မိစွာပဲ ဝူယွဲ့လင်းသည် သူ့အဖေက သူ့အမကြီးဇွန်ဘီကို ကြည့်နေသည်ကို မြင်သည်နှင့် လင်းချင်းအရှေ့သို့ပြေးသွားကာ သူ့အဖေကို ခေါင်းခါပြသည်။
သူမသည် ဘာမှမပြောသော်လည်း ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့သည် သူမပြောချင်သည်ကို သိလိုက်သည်။ သူမသည် လင်းချင်းကို တိုက်ခိုက်မည်ကို စိုးရိမ်ပေးနေတာဖြစ်သည်။ လင်းချင်းက ဇွန်ဘီဖြစ်ကာ သူမ၏အဖေက ဇွန်ဘီများကို တိုက်ခိုက်တက်ခြင်းကိုလည်း ခနခနမြင်ဖူးထားသောကြောင့် ဖြစ်သည်။ သူမသည် ငယ်ရွယ်ကာ တသီးတသန့်နေလွန်းပြီး စကားပြောရသည်ကို မကြိုက်သော်လည်း သူမသည် အထိအရှလွယ်ကာ ညဏ်တော့ကောင်းလွန်းသည်။
ဝူယွဲ့လင်း၏အနောက်တွင် ရပ်နေသည့် လင်းချင်းသည် အရှေ့မှ ကလေးမလေး၏ ကိုယ်သေးသေးလေးကိုကြည့်ကာ ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူမသည် ဝူယွဲ့လင်း၏ခေါင်းလေးကို ပွတ်ပေးလိုက်ပြီးမှ ဝူချန်းယွဲ့ဘက်သို့ တွန်းပေးလိုက်သည်။
ဝူယွဲ့လင်းသည် လင်းချင်းကို ပြန်မော့ကြည့်လာသည်။ ဒီအမကြီးဇွန်ဘီက ဘာကိုဆိုလိုသလဲ ဆိုသည်ကို သူမသိသည်။ မီးခိုးရောင်ယုန်လေးကိုပိုက်လျှက် တစ်ချက်ကြည့်ပြီးမှ ဝူချန်းယွဲ့ဆီသို့ သူမလျှောက်သွားသည်။ သို့သော်လည်း လင်းချင်းကို ပြန်လှည့်ကြည့်သည်မှာ နှစ်လှမ်းလောက်ပဲလျှောက်ရသေးသည်။
“လင်းလင်း ဖေဖေ့ဆီကိုလာ” ဝူချန်းယွဲ့သည် ထိုင်ချလိုက်ကာ နူးညံ့သည့်မျက်လုံးများဖြင့် ဝူယွဲ့လင်းအား လက်ပြရင်းပြောသည်။
သူ့အဖေက သူမကိုခေါ်သံကြားမှ ဝူယွဲ့လင်းလည်း အဖေရှိရာသို့သွားသည်။ သို့သော်လည်း လမ်းတစ်ဝက်တွင် သူမလက်ထဲမှ ယုန်လေးသည် မြေပြင်ပေါ်သို့ ခုန်ဆင်းသွားသည်။ ဝူယွဲ့လင်းသည် သူမ၏သူငယ်ချင်းယုန်လေးက ဘာဖြစ်လို့ ဆင်းပြေးသွားသလဲဟူ၍ အံ့သြသွားသည်။ သို့သော်လည်း လှည့်ကြည့်လိုက်သည့်အခါ ယုန်လေးက လင်းချင်းဆီသို့ ပြန်ပြေးသွားသည်ကို မြင်လိုက်ရသည်။ သူမသည် ခနရပ်သွားကာ ယုန်အနောက်သို့ လိုက်ဖမ်းလေသည်။
“လင်းလင်း! ဒီကိုလာ!” မုန့်ယွဲ့သည် ဝူယွဲ့လင်းက ဇွန်ဘီမဆီသို့ ပြန်ပြေးသွားသည်ကို မြင်သည့်အခါ အော်လိုက်သည်။
ထိုအချိန်တွင် ဝူချန်းယွဲ့သည် လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။ ဝူယွဲ့လင်း၏ဘေးသို့ မျက်စိတစ်မှိတ်အတွင်း ရောက်သွားကာ သူမအား ပွေ့ချီလိုက်သည်။