အန္တရာယ်များသည့် အခြေအနေအောက်တွင် လင်းချင်းသည် ဘာမှပြောမနေဘဲ လှုပ်ရှားလိုက်သည်။ အရင်တည်းက သူမသည် အရင်လုပ်တက်သူဖြစ်သည်။ လင်းဖန်ကို အရင်ခိုးထုတ်လိုက်ပြီးမှ သူမကယ်ပြီးသွားမှသာ ကျန်သည့်သူများကို ရှင်းပြမည်။ ထို့ကြောင့် ကိုယ်ဖျောက်လိုက်ကာ လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ချူးလီလီသည် ယန်ကျင်းဟွာ၏ ရေခဲမှန်ကို သူမ၏လေဓားများက မဖောက်နိုင်သဖြင့် ဒေါသအရမ်းထွက်သွားပြန်သည်။ သူမ၏လေဓားများသည် အပေါက်များဖြစ်အောင် လုပ်နိုင်သော်လည်း ယန်ကျင်းဟွာသည် ချက်ချင်းဖာထေးနိုင်သည်။
ဒါကဖြစ်သင့်တာပဲဖြစ်သည်။ စွမ်းအားအရဆိုလျှင် လေစွမ်းအားသည် တကယ့်ဖန်တီးနိုင်စွမ်းရှိသည့် ရေခဲအစွမ်းကို ယှဉ်၍မရပေ။ ထို့ကြောင့် ချူးလီလီသည် ယန်ကျင်းဟွာကို ဖိအားပေးဖို့ တဖြည်းဖြည်းချင်း ကျရှုံးလာတာ ဖြစ်သည်။
ယန်ကျင်းဟွာသည် ချူးလီလီ၏ အစွမ်းသည် သိပ်မကောင်းတော့သည်ကို သိသွားသည်။ သူမ၏လေစွမ်းအားက သူ့ကိုမခြိမ်းခြောက်နိုင်သည်ကို သိသွားသည့်သလို ချူးလီလီသည် ဗျူဟာမရှိဘဲ သူ့ကိုယ်သူတောင် ကာကွယ်ခြင်းမရှိကာ သူ့ကိုပဲအပြင်းအထန် တိုက်ခိုက်နေသည်ကိုလည်း မြင်သွားသည်။ သူမ၏ တိုက်ခိုက်မှုများသည် သူ့မျက်လုံးထဲတွင် ကလေးဆန်လွန်းသည်။
ထိုအခိုက်အတန့်တွင် ယန်ကျင်းဟွာသည် လက်တစ်ဖက်ဖြင့် ရေခဲမှန်ကို ထောက်ထားကာ နောက်တစ်ဖက်ကို ထူးဆန်းစွာ လှုပ်ရှားလိုက်သည်။ သူ့၏လှုပ်ရှားမှုနောက်တွင် ရေခဲချွန်များနှင့် ရေခဲဓားများသည် ချူးလီလီဆီသို့ အဆက်မပြတ်ပြေးဝင်လာသည်။
ထို့ကြောင့် မြေပြင်က လူများသည် ကားပေါ်က ယန်ကျင်းဟွာနှင့် သစ်ပင်ပေါ်က ဇွန်ဘီတို့၏ စွမ်းအားတိုက်ပွဲသည် စတင်ပြီဖြစ်ကြောင်း သိလိုက်သည်။
ချူးလီလီသည် လေဓားများကို ဖြန့်ကျက်လိုက်ကာ သူမဆီသို့လာသည့် ရေခဲလက်နက်များကို ခုတ်ချနေသော်လည်း အချို့ကတော့ သူမဆီသို့ လာဆဲပင်။ ထို့ကြောင့် သူမသည် လေမုန်တိုင်းနောက်တစ်ခုဖန်တီးလိုက်ကာ သူမကိုယ်သူမ ကာကွယ်ထားလိုက်ရတော့သည်။
ချူးလီလီက ကာကွယ်နေသည်ကို မြင်သည့်အခါ ယန်ကျင်းဟွာ၏ မျက်လုံးများသည် ပြောင်းလဲသွားသည်။ သူ့လက်များသည် လှုပ်ရှားနေပြီးနောက် ရေခဲဓားအချို့သည် လေဖြင့်ကာကွယ်မထားသည့် ချူးလီလီ၏ ခေါင်းပေါ်ကနေ ချိန်ရွယ်ထားလိုက်သည်။
“ကြည့်စမ်း! ယန်ကျင်းဟွာက ထပ်ပြီးတော့ ချောင်းတိုက်ပြန်ပြီ!” ချန်းဝမ်ရှုနှင့် အခြားသူများသည် တိုက်ပွဲကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ ချူးလီလီသည် သူတို့ရန်သူ၏ ရန်သူဖြစ်သောကြောင့် သူမကိုသာ နိုင်စေချင်သည်။ ချူးလီလီသည် ဇွန်ဘီဖြစ်သော်လည်း သူတို့ကို ထိခိုက်အောင် မလုပ်သေးသော်လည်း လူသားဖြစ်သည့် ယန်ကျင်းဟွာကတော့ သူတို့ကိုလိမ်လည်ကာ လိုက်ဖမ်းရုံသာမက သူတို့မိသားစုဝင်တစ်ယောက်ကိုပါ သတ်ခဲ့သည်။ ထို့ကြောင့် ချူးလီလီ၏ဘက်သို့ အလိုလို ရပ်တည်မိကြသည်။
ထိုအချိန်တွင် လင်းချင်းသည် လင်းဖန်၏ပုခုံးကို လက်လှမ်းလိုက်ပြီ။ သူမသည် အခြားသူများကို တစ်ချက်ကြည့်ပြီးနောက် လင်းဖန်နှင့်အတူ ပျောက်ကွယ်သွားသည်။
“ဟင်? အကိုကြီး? ငါ့အကိုကြီးဘယ်ရောက်သွားလဲ?” လင်းဟောင်သည် လင်းဖန်ကို ထိန်းထားသူဖြစ်ရာ သူ့အကိုပျောက်သွားသည်ကို သူအရင်ဆုံး သတိထားမိသည်။ ဘာဖြစ်လဲ မသိလိုက်သော်လည်း ဝိတ်ကပေါ့သွားသဖြင့် လှည့်ကြည့်လိုက်လေရာ သူ့အကိုသည် ပျောက်ကွယ်သွားသည်။
သူအော်လိုက်သည့်အခါ ကျန်သည့်သူများသည် သူ့ကိုလှည့်ကြည့်သည်။ လင်းဖန်ထိုင်နေသည့် နေရာက ပြောင်ရှင်းနေသည်။ လင်းဟောင်ကတော့ လက်ကိုမြှောက်ထားဆဲဖြစ်ကာ စိတ်ရှုပ်သွားပုံရသည်။
“အကိုကြီး! ငါ့အကိုကြီးရော?” လင်းဝမ်ဝမ်သည်လည်း မျက်နှာပြောင်းသွားကာ အော်သည်။ အမျိုးသမီးလင်း၊ ချန်းဝမ်ရှုနှင့် လင်းရှောင်လုတို့သည်လည်း ကြောက်လန့်တကြား ဖြစ်သွားကြသည်။
“လင်းဖန်! လင်းဖန်!”
“ဖေဖေ! ဘယ်. . .ဘယ်မှာလဲ?”
“နေကာမျက်မှန်နဲ့လူရော? ဘာဖြစ်လို့ သူကဒီမှာ မရှိတာလဲ?” တပ်သားငါးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူသည် လင်းချင်းရှိခဲ့သည့် နေရာကို လက်ညိုးထိုးပြကာ မေးသည်။ အခြားသူများသည်လည်း သူညွှန်ပြရာကို ကြည့်လိုက်သည့်အခါ မတွေ့တော့ပေ။
ယွမ်ထန်ရှင်း၏ မျက်နှာသည်လည်း အေးစက်သွားသည်။ ဒီလိုကို မိတ်ဆွေဖြစ်ကာ သူ့လူများကို ထိခိုက်အောင် မလုပ်ဘူးဟု သူထင်ထားသော်လည်း မှားသွားပုံရသည်။
သူသည် တူယွမ်ရှင်းနှင့် လုံချင်းယင်တို့ကို ကြည့်ကာ “တစ်ခုခုသိလား? လင်းဖန်ကို ကူညီဖို့ရောက်နေတာဆို? ဘာဖြစ်နေတာလဲ?”
တူယွမ်ရှင်းနှင့် လုံချင်းယင်တို့သည် ကျန်သည့်သူများထက် တည်ငြိမ်နေသည်။ တူယွမ်ရှင်းသည် လက်ကိုယမ်းကာ ဒုခေါင်းဆောင်၏ စူးရှသည့် အကြည့်များအောက်တွင် “သူက တကယ့်ကို လူဆိုးမဟုတ်ပါဘူး! စိတ်မပူနဲ့”
လင်းချင်းတွင် နယ်မြေရှိသည်ကို သူသိသည်။ ဇွန်ဘီနှင့် လင်းချင်းတို့ ပျောက်သွားတည်းက လင်းဖန်းကို သူ့နယ်မြေထဲသို့ ဘယ်သူမှ သတိမထားမိချိန် ခိုးထည့်လိုက်သည်ကို သူသိလိုက်သည်။ သို့သော်လည်း ကပ္ပတိန်ကြီးကို ကုသဖို့အတွက် ဒီဇွန်ဘီက ဘယ်လိုပြင်ဆင်ထားမလဲတော့ သူလည်းမသိပေ။ တကယ်တော့ လင်းချင်း၏ ရေကန်သည် ကုသနိုင်စွမ်းရှိကြောင်းကို မသိတာဖြစ်သည်။
ထိုအချိန်တွင် လုံချင်းယင်သည် လင်းဝမ်ဝမ်၏ ခြေထောက်နားမှာ စာကိုတွေ့သဖြင့် သွားကောက်ကြည့်လိုက်သည်။
“စိတ်မပူနဲ့! ဝမ်ဝမ် ဒီကိုကြည့်. . .” သူမသည် စာရွက်ကို လင်းဝမ်ဝမ်အား ပြလိုက်သည်။ “ကပ္ပတိန်ကြီးကို ကုဖို့အတွက် သူ့မှာနည်းရှိမယ်။ အခုအခြေအနေက အရမ်းဆိုးနေတော့ အကူအညီစောစောရလေလေ ပိုကောင်းလေလေပဲ။ နင်စိတ်မပူနဲ့တော့”
“အရင်ရှင်းအောင်လုပ်။ လင်းဖန်ကို သူကဘယ်ခေါ်သွားတာလဲ?” ယွမ်ထန်ရှင်းက မေးသည်။
လင်းချင်းသည် လင်းဖန်ကို ရုတ်တရပ် ခေါ်သွားခြင်းဖြင့် ဒီလူများကို လန့်အောင်လုပ်လိုက်သည်။ လုံချင်းယင်သည် တူယွမ်ရှင်းကိုကြည့်ကာ ပြောဖို့အချက်ပြလိုက်သည်။ တူယွမ်ရှင်းသည် သူ့အားဒေါသတကြီးကြည့်နေသူများကို ကြည့်လိုက်သည်။ သူသာ ကြောင်းကျိုးညီစွာ မဖြေနိုင်ပါက ဒီလူများသည် သူ့အားတစ်စစီ ဆွဲဖြဲမည့်ပုံများဖြင့် ဖြစ်သည်။
“အဟမ်း. . .” တူယွမ်ရှင်းသည် ဖိအားအောက်မှာ “သူ့မှာနယ်မြေရှိတယ်။ ကပ္ပတိန်ကြီးကို အဲ့ဒီကို ခေါ်သွားတာ ထင်တယ်။ ငါတို့သူနဲ့ ရက်နည်းနည်းလောက် အတူနေလာတာ။ ငါတို့နှစ်ယောက်လုံး ခံစားမိတာ သူက. . .အင်း သူကကပ္ပတိန်ကြီးကို ထိခိုက်အောင် လုပ်မယ့်သူ မဟုတ်ပါဘူး။ ခနစောင့်ကြည့်ရအောင်။ သူ့သူငယ်ချင်းက ဒီမှာရှိနေမှတော့ ကပ္ပတိန်ကြီးနဲ့ ပြန်လာမှာကို စိတ်ပူစရာ မလိုပါဘူး” ‘သူငယ်ချင်း’ဆိုသည့် စကားကိုပြောသည့်အခါ သူသည် ယန်ကျင်းဟွာဖြင့် အပြင်းအထန်တိုက်နေသည့် ချုးလီလီကို လက်ညိုးထိုးပြလိုက်သည်။
သူ့စကားကိုကြားသည့်အခါ သူတို့အမူအယာများသည် ပြောင်းသွားကြသည်။ သူတို့သည် ချူးလီလီကို မယုံနိုင်စွာ ကြည့်ပြီးနောက် တူယွမ်ရှင်းအား ပြန်လှည့်ကြည့်လာကြသည်။
“ဘာပြောတယ်? ဇွန်ဘီဘုရင်မကို သူခေါ်လာတာလား? လူမဟုတ်ဘူလား? ဇွန်ဘီက ဘာဖြစ်လို့ သူနဲ့အတူရှိနေတာလဲ?” လင်းဟောင်သည် မျက်လုံးပြူးကာ မေးသည်။
“လူမဟုတ်ဘူး” လုံချင်းယင်ကဖြေသည်။
ဒီလိုပြောလိုက်သည့်အခါ လူတိုင်းသည် တိတ်ဆိတ်သွားကာ မျက်ဆံများတောင် လှုပ်သွားသည်။ သူတို့နားကို သူတို့မယုံနိုင် ဖြစ်သွားကြသည်။