May Honey Logo May Honey
Previous Next

၄၆။ ငါ့နောက်ကိုလိုက်ခဲ့

ရှဲ့တုန်းသည် လင်းချင်းက တောင်ဘက်စခန်းများသို့ သွားမည်ကိုသိသည်။ တောင်ဘက်တွင် စခန်းနှစ်ခုရှိသည်။ အရှေ့နဂါးစခန်းနှင့် ဟေးဒီးစခန်းဖြစ်သည်။ အရှေ့နဂါးစခန်းသည် ဖူကျင်း၊ ကျန်းရှီနှင့် ဟူနမ်စခန်းများမှ ရှင်သန်သူများ စခန်းချရာဖြစ်ပြီး ကွမ်ရှီ၊ ကွမ်တုံးနှင့် ဟိုင်နမ်မှ ရှင်သန်သူများက ဟေးဒီစခန်းတွင် နေထိုင်ကြသည်။ လင်းချင်းသည် သူ့မိသားစုများက ဘယ်စခန်းတွင် ရှိနေမလဲ မသိပေ။ အခုအချိန်တွင်တော့ သူမသည် တောင်ဘက်ကို သွားမည်သာ။ 

ရှဲ့တုန်းမှာတော့ မိသားစုမရှိပေ။ သူနှင့်နီးစပ်သူဟူ၍ အမျိုးသမီးတစ်ယောက်သာ။ သို့သော်လည်း သူ့ချစ်သူဟု သတ်မှတ်လို့မရပေ။ သူလည်း ဒီလိုမပြန်နိုင်ကာ ထိုအမျိုးသမီးကို သူ့မှာပိုတောင် မတွေ့ချင်ပေ။ အကယ်၍ သူ့ကိုသာ ဒီလိုပုံဖြစ်နေသည်ကိုတွေ့ပါက သူမသည် သူ့အနားမှာ ဘယ်တော့မှရှိမှာမဟုတ်တော့ပေ။

စခန်းသို့ပြန်စရာ အကြောင်းလည်း မရှိပေ။ ပြန်ပါက သူဇွန်ဘီမှန်းသိသွားသည်နှင့် သူ့ကိုတန်းသတ်ကြမှာပင်။ စခန်းတွင် ဇွန်ဘီပိုးရှိမရှိစမ်းသပ်သည့်ကရိယာများရှိသည်။ ထို့ကြောင့် သူရောက်သည်နှင့် အချက်ပေးသံမြည်လာမှာ ဖြစ်သည်။

သို့သော်လည်း သူဒီမှာ ဘာလုပ်ရမလဲ မသိပေ။ သူသည်ရှင်သန်ဖို့အတွက် ဇွန်ဘီများကို အမဲလိုက်ဖို့မလိုသလို လူသားတို့၏ အစားအသောက်များလည်း မလိုအပ်တော့ပေ။ သူ့အားမှီခိုကာ သူကာကွယ်ရမည့် မိသားစုနှင့် သူငယ်ချင်းလည်း မရှိပေ။ ရုတ်တရပ် သူဘာဆက်လုပ်ရမလဲ သူမသိတော့ပေ။

သူစိတ်ရှုပ်နေသည်ကို မြင်သည့်အခါ လင်းချင်းသည် သူ့မှာသွားစရာမရှိတော့သည်ကို သိလိုက်သည်။ ထို့ကြောင့် သူမရေးပြလိုက်သည်။

‘ဒါမှမဟုတ် ငါတောင်ပိုင်းကိုသွားမှာ နင်လိုက်လို့ရတယ်’

လင်းချင်းသည်လည်း တစ်ယောက်တည်းရှိနေသည့်အခါ ပျင်းသည်။ သူမနယ်မြေထဲတွင် ကလေးမလေးရှိသော်လည်း သူမအခြားအဖော်မလိုတာတော့ မဟုတ်ပေ။ 

သူမ၏စာကိုဖတ်ပြီးသည့်အခါ ရှဲ့တုန်းသည် ခနတွေးပြီးနောက် သူမျက်လုံးများ တောက်ပသွားသည်။ သူမပြောတာမှန်သည်။ သူ့တွင်လည်း ဘယ်လိုဆက်ရှင်သန်ရမလဲ မသိဖြစ်နေတာ ဖြစ်သည်။ ဒီထူးဆန်းသည့် ဇွန်ဘီမကိုကြည့်လိုက်သည့်အခါ သူမနှင့် အချိန်တစ်ခုလောက် အတူရှိနေခြင်းက ပိုကောင်းမည်ဟု တွေးမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့တွင်လည်း သွားစရာရှိသည်မှ မဟုတ်တာ။

ရှဲ့တုန်းသည် ခေါင်းငြိမ့်ပြစရာတောင် မလိုပေ။ အဘယ်ကြောင့်ဆိုသော် လင်းချင်းသည် သူ့အတွေးများကို သိနေ၍သာ။ လင်းချင်းက ဒီနယ်မြေကိုကြည့်ကာ စာရေးပြသည်။

‘ငါတို့အခုအပြင်ထွက်မရသေးဘူး။ နင်ကတော့ ဒီနယ်မြေမှာပဲ နေတော့’

သူမဆိုလိုသည်မှာ ဒီနယ်မြေကို သူ့အခန်းလို သဘောထားရန်သာ။ လင်းချင်းက သူ့ကိုဒီမှာနေစေချင်သည်က သူကအပြင်မှာနေပါက သူ့ကိုယ်သူမထိန်းနိုင်သည့်နေ့တွင် ဝူယွဲ့လင်းလေးအား ခုန်အုပ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ရှဲ့တုန်းသည် ခေါင်းငြိမ့်လိုက်သ်ည။ လင်းချင်းက သူ့အားဘယ်မှာ နေခိုင်းသည်ဖြစ်ပါစေ သူ့စိတ်ထဲမထားပေ။ သို့သော်လည်း ဝူယွဲ့လင်းကို တွေးမိသည့်အခါ ဒီဇွန်ဘီမက ဘာဖြစ်လို့ သူများသမီးကို ခိုးထားသလဲ သူသိချင်သေးသည်။ သို့သော်လည်း သူမတွင် ကလေးကို နာကျင်အောင်လုပ်မည့် ရည်ရွယ်ချက်မျိုးမရှိသဖြင့် သူစိတ်မပူတော့လေ။ ထို့အပြင် မင်းသမီးလေးသည်လည်း ဒီဇွန်ဘီမနှင့် ဆက်ဆံရေးက မဆိုးပေ။ ဝူယွဲ့လင်းက လင်းချင်းကို သူပစ်ဖို့လုပ်တုန်းက ကာတောင်ပေးထားသဖြင့် သူ့မှာအံ့သြရသည်ကို ပြန်သတိရမိသွားသည်။ 

ပင်လယ်မြို့တော် စခန်းရှိလူတိုင်းသည် မင်းသမီးလေးမှာ ဘယ်သူ့ကိုမှ မခင်တက်သည်ကို သိကြသည်။ သူမသည် မာနကြီးနေခြင်း မဟုတ်သော်လည်း လူကြောက်တက်သောကြောင့်ဖြစ်သည်။ ထိုကလေးမလေးသည် တသီးတသန့်နေတက်ကာ လူများနှင့် ရင်းနှီးရခြင်းကို မကြိုက်ပေ။ သူမဘယ်လောက်ပဲရင်းနှီးပါစေ စကားတော့ ပြောမှာမဟုတ်ပေ။ သူမစကားပြောသည်ဟူ၍ သူမ၏အဖေနှင့် သူမ၏အဖေနားက စွမ်းအားရှင်မိန်းမတစ်ယောက်သာ ရှိလေသည်။

အခုတော့ တသီးတသန့်ဆန်သည့် မင်းသမီးလေးသည် ဒီ. . .ရုပ်ဆိုးကာ ထူးထူးဆန်းဆန်းတွေ ထလုပ်တက်သည့် ဇွန်ဘီမကိုတော့ ခင်နေသည်တဲ့လား? ရှဲ့တုန်းသည် လင်းချင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ လင်းချင်းသည် သူ့ကိုတစ်ချက်ပြန်ကြည့်လိုက်မှ ရှဲ့တုန်းသည် သူမအားရုပ်ဆိုးသည်ဟု တွေးမိသွားသည်ကို သတိရကာ နှာခေါင်းကို ပွတ်လိုက်မိသည်။

လင်းချင်းသည် ဘီစကွတ်များ၊ စာရွက်များ၊ ဘောပင်နှင့် ရေဘူးတစ်ဘူးကိုသယ်ကာ ထွက်သွားသည်။ ရှဲ့တုန်းကတော့ ထွက်လိုက်မလာတော့ပေ။ လင်းချင်းသည် ထွက်လာသည်နှင့် သူမ၏နယ်မြေအပြင်က အခြေအနေကို ကြည့်လိုက်သည်။ အဆင့်သုံးဇွန်ဘီနှစ်ကောင်သည် မရှိတော့ဘဲ အခန်းထဲတွင် သူတို့စားသောက်သွားသည့် အလောင်းများသာ ရှိတော့သည်။

သို့သော်လည်း ဒီအနီးအနားတွင် ဇွန်ဘီခေါင်းဆောင်၏ အရှိန်အဝါကို သူမရနေသေးသည်။ ဇွန်ဘီခေါင်းဆောင်သည် မသွားသေးဘဲ စောင့်နေသေးပုံရသည်။ သူကအပြင်မှာ စောင့်နေသဖြင့် လင်းချင်းလည်း မထွက်သေးဘဲ စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။ သူမထွက်မသွားလည်း ဘာမှဖြစ်မည်မှ မဟုတ်ပေ။

. . .

ဒီအချိန်တွင် ပင်လယ်မြို့တော်စခန်း၏ အုပ်ချုပ်သူများအဆောက်အအု့တွင် အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည့် ချောမောသည့် လူငယ်တစ်ယောက်သည် အချက်အလက်တစ်ချို့ကို ဖတ်နေသည်။ သူသည် ရှပ်အဖြူကိုဝတ်ထားကာ အနက်ရောင်ကုတ်အကျီကို သူ့ပုခုံးပေါ်တွင်တင်ထားသည်။ သူသည် သပ်ရပ်ကာ သန့်ရှင်းနေပြီး တည်ငြိမ်သည့် အကျင့်စရိုက်ရှိသောကြောင့် အဆင့်အတန်းမြင့်သည့်သူတစ်ယောက်လိုပင်။

ရုတ်တရပ် တစ်စုံတစ်ယောက်က သူ့ရုံခန်းတံခါးကို ခေါက်လာသည်။

“ဝင်ခဲ့”

ချောမောသည့်သူသည် မော့တောင်မကြည့်ဘဲ ဖြေလိုက်သည်။

တံခါးသည်ပွင့်လာကာ အဖြူရောင်ရှပ်နှင့် လူငယ်တစ်ယောက်က တံခါးရွက်ကိုမှီရပ်လာသည်။ သူ့ရှပ်သည်လည်း သန့်ရှင်းနေပင်မယ့် အပေါ်ကြယ်သီးသုံးလုံးလောက်ကို ဖြုတ်ကာဝတ်ထားသောကြောင့် ရင်ဘတ်မှညှပ်ရိုးနှင့် ရင်အုပ်အထက်ပိုင်းတို့ကို မြင်နေရသည်။ ဒီလူ၏မျက်နှာသည် လှပသော်လည်း မိန်းမဆန်သည့်ဘက်တော့ သိပ်မရောက်ပေ။

သူသည် ဘောင်းဘီအိတ်ထဲသို့ လက်နှိုက်ကာ နောက်တစ်ဖက်က စာရွက်များကို ကိုင်ထားရင်း ပျင်းတိပျင်းရွဲဖြင့် တံခါးကိုမှီထားရင်းက ပြောသည်။

“ထန်ရီ ငါသတင်းရလာတယ်။ မင်းရဲ့ မကောင်းတဲ့ညီမအကြောင်းပေါ့။ မင်းစိတ်ဝင်စားမလားလို့”

သူ့စကားကိုကြားသည့်အခါ ရုံးခန်းထဲမှ စာရွက်များကိုကြည့်နေသည့်သူသည် မျက်မှောင်ကျုံ့ကာ သူ့အားကြည့်လာသည်။ သူ့မျက်နှာတွင် ရွံ့ရှာမှုနှင့် စိတ်မရှည်မှုတို့က အထင်းသားဖြစ်သည်။ သူသည် မကျေနပ်စွာဖြင့်

“အရင်တည်းက ငါ့မှာသူနဲ့လုပ်စရာ ဘာမှမရှိတော့ဘူး။ သူ့အကြောင်း ငါ့ကိုမပြောပါနဲ့လို့ ငါမင်းကို ဘယ်နှစ်ခါလောက် ပြောရမှာလဲ? ငါအခု အလုပ်လုပ်လက်စကြီးဆိုတာ မမြင်ဘူးလား?”

တံခါးဝကလူသည် အရှုံးပေးသည့်ပုံဖြင့် လက်မြှောက်ပြကာ ဂရုမစိုက်ဘဲ ဆက်ပြောသည်။

“ဟုတ်ပါပြီ။ ဟုတ်ပြီ။ ဟုတ်ပြီ။ ငါသိပါတယ်. . .ဒါပင်မယ့် ဒါကိုမင်းမကြားချင်တာ သေချာလို့လား? မင်းစိတ်မဝင်စားဘူးဆိုတော့လည်း ဒီစာကို ငါထားခဲ့လိုက်မယ်။ ဒါပင်မယ့် မင်းဒါကို မသိလိုက်ရရင် နောက်ကျနောင်တရမှာတော့ ငါသေချာတယ်”

သူသည် ပြန်တော့မလို ပြောနေသော်လည်း လှည့်ပြန်မည့်ပုံမရဘဲ တံခါးဝတွင် ဆက်ရပ်နေဆဲဖြစ်သည်။

လုထန်ရီသည် သူ့လက်ထဲမှ စာရွက်များကို ဆက်ဖတ်နေသည်။ သုံးမိနစ်လောက်ကြာသည့်အခါ စာရွက်များကို ပစ်ချလိုက်ကာ စိတ်မရှည်ကာ ကူကယ်ရာမဲ့နေစွာဖြင့်

“ပြော. . .ဒီတစ်ခါရော အဲ့ဒီမိန်းမက ဘာလုပ်လိုက်ပြန်ပြီလဲကွာ?”

ဒီလူကိုယ်တိုင် သူ့ဆီသို့ သတင်းယူလာပုံကိုကြည့်လျှင် လုထန်ရီသည် ဒီမိန်းမက မကောင်းတာ တစ်ခုခုကို ထပ်လုပ်လိုက်ပြန်ပြီဟု ထင်လိုက်သည်။ မဟုတ်လျှင် ဒီလိုလာပြောမှာ မဟုတ်ပေ။ ဒီလူကိုယ်တိုင် သတင်းလာပို့ခြင်းမှာ ဒီအကြောင်းကို အခြားသူများက မသိစေချင်လို့သာ ဖြစ်သည်။ 

လုထန်ရီမေးမှ ကောင်းချင်းမင်သည်  စာရွက်ကိုကိုင်ကာ လျှောက်လာသည်။ ထို့နောက် တံခါးကို လော့ချလိုက်ပြီး လုထန်ရီ၏ စားပွဲနားသို့ လျှောက်လာသည်။ စာရွက်ကို လုထန်ရီ၏ စားပွဲပေါ်သို့ တင်ပြီးနောက်

“တကယ့်ကို သူတစ်ခုခုလုပ်လိုက်တယ်။ ဒါပင်မယ့် ငါပြောမှာက အဲ့ဒါမဟုတ်ဘူး။ ငါမင်းကို ပြောမှာက သူ. . .သေသွားပြီ”

လုထန်ရီသည် ခနငြိမ်ကျသွားသည်။ သူ့အမှုအယာသည် တည်ငြိမ်နေသော်လည်း ကောင်းချင်းမင်သည် သူ့မျက်လုံးများက မတည်မငြိမ်လှုပ်ရှားနေသည်ကို သတိထားမိလိုက်သည်။ ကောင်းချင်းမင်သည် နောက်သို့ဆုတ်ကာ လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်ပြီးနောက် လုထန်ရီကိုကြည့်နေသည်။ လုထန်ရီသည် တစ်ကိုယ်လုံးသည် စိတ်ညစ်သွားသလို ဖြစ်နေသည်။

ခနငြိမ်နေပြီးနောက် လုထန်ရီသ့ည် စာရွက်များကို ပြန်ကောက်ယူလိုက်ပြီး မေးသည်။

“ဘယ်လိုဖြစ်တာလဲ? ရုတ်တရပ်ကြီး ဘယ်လိုလုပ်သေသွားတာလဲ? လင်းယုံးတို့လူတွေနဲ့ သူအတူရှိနေတာ မဟုတ်ဘူးလား?”

Previous Chapter 46 of 198 Next