တစ်ညလုံးအိပ်ပျော်နေခဲ့သည့် ယွမ်ထန်ရှင်းသည် အခုမှ နိုးလာသည်။ သူသည် မျက်လုံးပွင့်သည့်အခါ ထူးဆန်းသည့်မျက်နှာကျက်ကို မြင်လိုက်ရသဖြင့် ဘေးကို အလိုအလျောက်စူးစမ်းမိသွားသည်။
ဓားရှည်ကိုလွယ်ထားရင်း လက်ကိုပိုက်ကာ သူတို့စကားများကို နားထောင်နေသည့် လုံချင်းယင်သည် ယွမ်ထန်ရှင်းနိုးလာသည်ကို သတိထားမိသည်။ ထို့ကြောင့် သူ့အားကြည့်ကာ “ဒုခေါင်းဆောင်နိုးလာပြီ!”
သူမပြောသည်ကိုကြားမှ အခြားသူများသည် ယွမ်ထန်ရှင်းကို လှည့်ကြည့်ကြသည်။ လင်းဖန်၊ လင်းဝမ်ဝမ်နှင့် အခြားသူများသည် သူ့ကုတင်နားသို့ ထသွားကြသည်။
“ထန်ရှင်းနိုးလာပြီပဲ မင်းဘယ်လိုနေသေးလဲ?” လင်းဖန်က သူ့ကိုကြည့်ကာ မေးသည်။
“ဟုတ်တယ်! အကိုထန်ရှင်း” လင်းဝမ်ဝမ်က “အကို့မှာ ဒဏ်ရာတွေနဲ့ပြည့်နေတာ။ ဘယ်လိုနေသေးလဲ?”
ရင်းနှီးသူများကို မြင်မှသာ ယွမ်ထန်ရှင်းသည် သတိကိုလျှော့ချနိုင်သည်။ လက်ထောက်ပြီးထကာ ကုတင်ကိုမှီထိုင်လိုက်ပြီး “အဆင်ပြေပါတယ်။ အကုန်လုံးရော အဆင်ပြေရဲ့လား? ဒီနေရာကရော ဘယ်နေရာလဲ?”
လင်းဖန်သည် ကုတင်ဘေးကခုံကို ဆွဲလိုက်ကာ ထိုင်လိုက်ပြီးနောက် “ဟိုတယ်ကြီးတစ်ခုက အခန်းပဲ။ မနေ့က ငါတို့ရှိတဲ့နေရာနဲ့ သိပ်မဝေးဘူး။ မင်းဒဏ်ရာတွေက အတော်ဆိုးလို့ ငါတို့အဝေးကြီး မသွားရဲဘူး။ အဲ့ဒါကြောင် ဒီမှာပဲ တစ်ညအိပ်လိုက်တာ”
ယွမ်ထန်ရှင်းက ခေါင်းငြိမ့်သည်။ မနေ့ကထက် သူပိုသက်သာနေသည်မှာ သေချာနားလိုက်ရသောကြောင့်ဟု ထင်လိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အဆင်ပြေပါတယ်။ သွားချင်ရင်ဒီနေ့သွားလို့ရပြီ။ အရင်ဆုံး ပင်လယ်မြို့တော်ခန်းကို သွားသင့်တယ်။ ပြီးမှဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့။ နောက်ဘာလုပ်ဖို့ စီစဉ်ထားလဲ?”
လင်းဖန်သည် အခြားသူများကိုကြည့်ကာ သက်ပြင်းချပြီးနောက် “စိတ်ရှည်စမ်းပါ။ ငါတို့မင်းကို အရင်ကုပေးမယ်။ အနာဂတ်ကတော့ ငါတို့အကုန် လွတ်မြောက်နိုင်ဖို့ပဲ။ စခန်းအသစ်ထောင်မှာပင်မယ့် လောလောဆယ် အခက်တွေ့နေတော့ မဖြစ်နိုင်ဘူး။ ပင်လယ်မြို့တော်စခန်းနဲ့တော့ မပေါင်းဘူး။ ဒါပင်မယ့် လီကျန်းတို့ကို စောင့်ရဦးမယ်။ သူတို့ဘယ်လောက်ရှင်ကျန်ခဲ့လဲ မသိဘူး”
သူတို့အစီစဉ်သည် အရင်ဆုံး အခြေချဖို့စခန်းထောင်ရန် ဖြစ်သည်။ နံရံကို အရင်ဆောက်ကာ အစားအသောက်နှင့် အထောက်အပံ့များကို ရှာရမည်။ လူနည်းသောကြောင့် အစားအသောက်က သိပ်မကုန်နိုင်သော်လည်း ၁၀မီတာမြင့်သည့်နံရံဆောက်ဖို့ အတွက်ကတော့ သူတို့အတွက် အနည်းငယ်ခက်ခဲသည်။ ယွမ်ထန်ရှင်း၏ မြေအစွမ်းက အလွန်အထောက်အကူဖြစ်သော်လည်း တည်ဆောက်ရေးမစခင် သူ့ကိုသေချာကုသဖို့ လိုအပ်သည်။
ယွမ်ထန်ရှင်းသည် ခနတွေးပြီးနောက် လင်းဖန်ပြောသည်က မှန်သည်ဟု ခံစားရသည်။ ထို့ကြောင့် ခေါင်းငြိမ့်ကာ ပြောသည်။ “အပြင်မှာ ဇွန်ဘီတွေ အများကြီးရှိတယ်။ ငါတို့အတွက် အန္တရာယ်များမယ်။ ပြီးတော့လည်း ဒဏ်ရာရတဲ့သူတွေက နားဦးမှ။ ဒီနေရာမှာ ဘယ်လောက်ကြာအောင်နေကြမှာလဲ?”
လင်းဝမ်ဝမ်က ပြုံးလိုက်ကာ “အကိုထန်ရှင်း ဇွန်ဘီတွေကို မပူနဲ့။ တူယွမ်ရှင်းနဲ့ လင်းဟောင်တို့က ဒီအဆောက်အဦးက ဇွန်ဘီတွေကို ရှင်းလိုက်ပြီ။ ဒီနေရာမှာ ဆိုလာစနစ်သုံးလို့ရပြီးတော့ အစာလည်း တွေ့ထားတယ်။ ဒီနေရာမှာ ၁လ၂လလောက်တော့ နေလို့ရမယ်ထင်တယ်။ အကိုကြီးကတော့ အကိုထန်ရှင်းလောက် ဒဏ်ရာမဆိုးဘူး။ သူကအခု အတော်ကောင်းနေပြီ။ ၂ရက်လောက်ကြာရင် လုံးဝကောင်းလောက်မယ်။ နေကာမျက်မှန်နဲ့ဇွန်ဘီက ဘာရေပေးလိုက်လဲ မသိပင်မယ့် ကုသနိုင်စွမ်းကတော့ အတော်ကောင်းတယ်”
တကယ်တော့ သူမသည် ယွမ်ထန်ရှင်းအား ပင်လယ်မြို့တော်စခန်းသို့ သူမတို့မပေါင်းဘဲ စခန်းအသစ်ကို ဒီနေရာလိုနေရာမျိုး တစ်နေရာရာတွင် ထောင်မည့်အကြောင်းကို ပြောပြချင်သည်။ မနေ့ညက သူတို့အဖွဲ့သည် ဒီနေရာတွင် ဆိုလာစခန်နှင့်အစာရှိသောကြောင့် နေဖို့သင့်တော်သဖြင့် အခုနေရန်ဆုံးဖြတ်ခဲ့သည်။ သူတို့သာ နံရံဆောက်နိုင်လျှင် ဇွန်ဘီများကို ကြောက်ဖို့မလိုတော့ပေ။
“လုထန်ယုလို့ခေါ်တဲ့ဇွန်ဘီနဲ့ သူ့သူငယ်ချင်းတွေသာ ဒီမှာရှိရင် တခြားဇွန်ဘီတွေက အနားကိုမလာရဲပါဘူး” လုံချင်းယင်က ပြောပြသည်။
လင်းချင်းတို့နှင့် ရက်အနည်းငယ် အတူရှိပြီးသည့်အခါ သာမန်ဇွန်ဘီများအား သူတို့က ဘယ်လိုလုပ်နိုင်ကြောင်းကို သေချာသိနေပြီ။ လုထန်ယုလို့ခေါ်သည့်ဇွန်ဘီက လင်းဖန်တို့ကို ကူညီပေးချင်သဖြင့် ဒီမှာနေကာ အခြားဇွန်ဘီများကို အနားမကပ်အောင် ခြောက်ပေးဖို့ အပန်းကြီးမှာ မဟုတ်ကြောင်းကို သူမယုံကြည်သည်။
သူမ၏စကားကြောင့် လူတိုင်းသည် မျက်လုံးများတောက်ပသွားသည်။ သူတို့ရှိတုန်းက အခြားဇွန်ဘီများက ရှောင်ပေးကြသည်ကို မြင်ခဲ့ကြသည်။ သူတို့သာ ဒီမှာနေပေးလျှင် အခြားဇွန်ဘီများကို စိတ်ပူစရာမလိုတော့ပေ။ သို့သော်လည်း ပြဿနာမှာ ထူးဆန်းသည့် ဇွန်ဘီများသည် သူတို့အား ကူညီရန် ရုတ်တရက် ရောက်လာကြသော်လည်း ရည်ရွယ်ချက်အမှန်ကို သူတို့မသိနိုင်ခြင်းသာ။
ဇွန်ဘီများသည် လူလိုအသိဉာဏ်ရှိနေလေရာ အကယ်၍ သူတို့တွင်သာ မကောင်းသည့် ရည်ရွယ်ချက်ရှိနေလျှင် သူတို့အနားတွင်ရှိနေသည့် လူစုအတွက် အလွန့်တရာကို အန္တရာယ်များလှသည်။ ဒီလူစုသည် ဘာဖြစ်လို့ ဒီဇွန်ဘီတွေက တောင်ပိုင်းကိုသွားနေရာကနေ သူတို့နောက်သို့ ပြန်လှည့်လိုက်လာသလဲ ဆိုသည်ကို နားမလည်ပေ။ ထို့အပြင် သူတို့၏အဆိုးဝါးဆုံး အခြေအနေတွင် ကယ်ဆယ်ပေးခဲ့သည်။ ဘာဖြစ်လို့ ကယ်ရသနည်း? ဘာရည်ရွယ်ချက်ရှိနေသနည်း?
လင်းဖန်တို့သည် ဒီဇွန်ဘီများအပေါ်တွင် သတိအပြည့်ဖြင့် ကြည့်နေဆဲသည်က ပုံမှန်ပင်။ ဘယ်သူမဆို အကြောင်းမရှိဘဲ ရုတ်တရက်လာကူညီသူကို ယုံနိုင်မည်လား? ထို့အပြင် ကမ္ဘာပျက်ခေတ်ကြီးတွင် ကြင်နာတက်သူများသည် အသက်မရှည်ကြဘဲ တစ်ကိုယ်ကောင်းဆန်မှသာ ရှင်သန်နိုင်သည်က ပုံမှန်ပင်ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ဒီဇွန်ဘီများကို တခြားဇွန်ဘီများကို ခြောက်ရန်အတွက် အသုံးချချင်သော်လည်း သူတို့ကဘယ်သူလဲ ဘာကိုလိုချင်လဲဆိုသည်ကို အရင်သိအောင် လုပ်ရဦးမည်။ သူတို့သည် နောက်ထပ်ယန်ကျင်းဟွာကို မလိုချင်ကြတော့ပေ။ နောက်ထပ်လည်း အရူးလုပ်မခံနိုင်ပေ။ သူတို့သည် ဒီဇွန်ဘီများအကြောင်းကို ပိုသိချင်သော်လည်း ဘယ်လိုရှာရမလဲ မသိတော့ပေ။
“ဘယ်ကလာလဲဆိုတာ နင်သိလား?” လင်းဝမ်ဝမ်က လုံချင်းယင်ကို မေးလိုက်သည်။ လုံချင်းယင်သည် ခနတွေးပြီးနောက် မသေချာစွာဖြင့် “ပင်လယ်မြို့တော်ဘက် တောင်ပိုင်းကနေ လာတာထငတယ်။ ကြည့်ရတာ သူတို့က တစ်ခုခုကိုကြားထားလို့ သေချာသိအောင် ထွက်လာကြည့်ပုံရတယ်။ ငါတို့ကို အရင်ကမသိတာကတော့ သေချာတယ်”
လင်းဝမ်ဝမ်က ခေါင်းငြိမ့်ကာ “ကြည့်ရတာ ငါတို့ကိုရှာဖို့လာရင်းက နင်တို့ကို ကယ်လိုက်တာ ထင်တယ်။ ငါတို့ငြင်းမှာစိုးလို့ နင်တို့ကို ငါတို့နဲ့ဆက်သွယ်ဖို့ ခေါ်လာတာဖြစ်မယ်။ ဒီလိုလူသားလို ဉာဏ်ကောင်းတဲ့ ဇွန်ဘီမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ တစ်ယောက်က ကြောက်ဖို့ကောင်းတဲ့ ဇွန်ဘီဘုရင်မတောင် ဖြစ်နေသေးတယ်။ တကယ်လို့သတ်ချင်တယ်ဆိုရင် ငါတို့နားရောက်ဖို့ ဒီလောက်အချိန်ဖြုန်းနေမှာ မဟုတ်ဘူး။ ဘာကိုများ သူတို့လိုချင်နေကြတာလဲ?”
“အစတည်းက နင်တို့ကိုကူညီဖို့ ရောက်လာတာလို့ ပြောတယ်။ ပြီးတော့လည်း ကပ္ပတိန်ကြီးရဲ့ လက်အောက်ငယ်သားဖြစ်ဖူးတယ်တဲ့” လုံချင်းယင်က ပြောသည်။
“သူတို့က တကယ်ကူညီချင်ပုံရပါတယ်။ ဒါပင်မယ့် သူ့လိုလူမျိုးကို ငါမမှတ်မိဘူး” လင်းဖန်က ပြောသည်။
လုံချင်းယင်သည် ခနတွေးပြီးနောက် “သူကရုပ်ပျက်သွားလို့ မမှတ်မိတာ ဖြစ်နိုင်ပါတယ်”
အခြားသူများသည်လည်း အချင်းချင်းကြည့်ကာ ဒါကဖြစ်နိုင်ချေရှိသည်ဟု ထင်လိုက်ကြသည်။ သို့သော်လည်း လင်းဖန်က ခေါင်းခါကာ “မဟုတ်ဘူး။ သူ့နာမည်က လုထန်ယုလို့ပြောတယ်။ ငါ့အသိထဲမှာ လုထန်ယုဆိုတဲ့သူ မရှိဘူး”
“ကြည့်ရတာ အသက်ကြီးလာလို့ မှတ်ဉာဏ်တွေ မကောင်းတော့ဘဲ မမှတ်မိတော့တာ ထင်တယ်” အမျိုးသမီးလင်းက သူ့သားကြီးကို စနောက်သည်။